တီးတိုး ငွေကြေးများ အပိုင်း (၄)

တီးတိုး ငွေကြေးများ အပိုင်း (၄)
by -
စန္ဒီနွယ်

ကျနော်က ကျောင်းဆရာ အလုပ်နဲ့အသက်မွေး တာ အနှစ် ၃ဝ နီးပါး ရှိသွားပါပြီ။မူလတန်းပြနဲ့ တင် အနှစ် ၂ဝ လောက် လုပ်ခဲ့ရတယ်။ကိုယ့် နောက်က တက်တဲ့သူတွေတောင် အလယ် တန်းပြ၊ အထက်တန်းပြတွေ ဖြစ်ကုန်တယ်။ ကိုယ်က အဲလိုဖြစ်အောင်လုပ်ဖို့ နည်းလမ်းကို သိထားတယ်။

ရင်မခုန်တော့သော ကျောင်းတော်

’’ကျနော်က ကျောင်းဆရာ အလုပ်နဲ့ အသက်မွေးတာ အနှစ် ၃ဝ နီးပါး ရှိသွားပါပြီ။ မူလတန်းပြနဲ့တင် အနှစ် ၂ဝ လောက် လုပ်ခဲ့ရတယ်။ ကိုယ့်နောက်က တက်တဲ့သူတွေတောင် အလယ်တန်းပြ၊ အထက်တန်းပြတွေ ဖြစ်ကုန်တယ်။ ကိုယ်က အဲလိုဖြစ်အောင်လုပ်ဖို့ နည်းလမ်းကို သိထားတယ်။ ဒါပေမဲ့ အဲဒါက ကိုယ့်ကို အကျင့်ဖျက်သွားလိမ့်မယ်၊ ဒါတွေက တကယ်တော့ ရင်ခုန်စရာ မကောင်းပါဘူး။ အလယ်တန်းပြဖြစ်ချင်ရင် ဘယ်နှသိန်း၊ အထက်တန်းပြဖြစ်ချင်ရင် ဘယ်နှသိန်းဆိုတာ သတ်မှတ်ထားပြီးသား။”

”ကျနော်က ဒီကျောင်းဆရာ အလုပ်ကို တကယ့်ဝါသနာနဲ့၊ ခံယူချက်နဲ့ လုပ်ခဲ့တာ။ ဒီတော့ကာ ကျနော် လာဘ်ပေးတာတွေ၊ လာဘ်ယူတာတွေ မလုပ်ဘဲ မူပြ ဆရာအဖြစ်နဲ့ အနှစ် ၂ဝ ပြည့်ခါနီးမှ တောနယ်တ နေရာဖြစ်တဲ့ သုံးခွမြို့စွန်က မူလတန်းကျောင်းလေးမှာ မူလတန်းကျောင်းအုပ် ဖြစ်ခဲ့ပါတယ်။ ဒါလည်း ကျနော် သည်းခံပြီး လုပ်ခဲ့သေးတယ်။ နောက်ပိုင်းတော့ ဒီိလိုမူမမှန်တဲ့ ပညာရေးစနစ်မှာ ကျနော် ဘယ်လိုမှ ဆက်သွားလို့ မရတော့ဘူးဆိုတာ ခံစားလိုက်ရတယ်။ ဘာလို့လဲဆိုတော့ ဒီနေ့ခေတ်ရဲ့ ပညာရေးစနစ်ထဲမှာ အမှန်တကယ် ထူးချွန်တဲ့ ကျောင်းသူ ကျောင်းသားတွေ ပေါ်ထွက်လာဖို့ မျှော်လင့်ချက်က ဝေးလွန်းတယ်။ ဒီလိုမပေါ်ထွက်အောင် အကွက်ချထားတဲ့ စီမံကိန်းလို့ပဲ ပြောရတော့မယ်။ အရည်အချင်းကအဓိကမဟုတ် ဘူး။ အရေအတွက်က အဓိက ဖြစ်နေတယ်။”

”ဟိုအရင်တုန်းက နှစ်ဆန်း ၂ ရက်နေ့ရောက်လို့ အောင်စာရင်းတွေ ထွက်ကြပြီဆိုရင် မူလတန်းကစပြီး အထက်တန်း (နဝမတန်း) အထိ တကယ်ကို ရင်ခုန်စရာ ကောင်းပါတယ်။ ကိုယ်ခုံနံပါတ်မှ ပါပါ့မလားဆိုပြီး၊ လူတွေ ကျောင်းရှေ့မှာ ကြိတ်ကြိတ်တိုးလို့။ ဘယ်လောက် တန်ဖိုးရှိလိုက်လဲ။”

”အခုတော့ နှစ်ဆန်းနှစ်ရက်နေ့ အောင်စာရင်းထွက်တဲ့နေ့မှာ လူတွေ ခြောက်ကပ်လို့။ ဘာလို့လဲဆိုတော့ သူတို့ကိုယ်သူတို့ အောင်မယ်ဆိုတာ သိနေကြပြီလေ။ နောက်တတန်းအတွက်တောင် ဆရာမက နွေကျူရှင် တခါထဲ ခေါ်လိုက်ပြီ။ သူတို့ခေါ်တဲ့ ကျူရှင်သာတက်ရင် အောင်ပြီးသားပဲ။ တကယ်တော့ ပြဋ္ဌာန်းထားတဲ့ ပညာရေးစနစ်ကိုက ၁ဝဝ ရာခိုင်နှုန်း စာမေးပွဲအောင်ရမယ်။ စာတတ်ရမယ် မဟုတ်ဘူး။ လုံးဝ အကျဆိုတာ မရှိဘဲ။ ဒါကိုက ဆရာ ဆရာမတွေကို အကျင့်ပျက်ဖို့ ဖြစ်လာတာ။ အလိုလိုအောင်မယ့် ကိစ္စကို သူတို့ကျူရှင် တက်မှ၊ သူတို့ကို လက်ဆောင်ပဏာပေးမှ အောင်မယ်ဆိုတဲ့ စတိုင်ဖမ်းလာကြတယ်။ ဘယ်လောက် စိတ်ပျက်စရာကောင်းလဲ။ ဒီတော့ တယ်တော်တဲ့ ကျောင်းသား၊ ကြိုးစားချင်စိတ် ရှိတဲ့သူတောင်ကြိုးစားမှု နှုန်းက သုံးပုံံမှာ တပုံလောက် ကျသွားတယ်။”

”ဒီလိုဇာတ်လမ်းကြီးမှာ ကျနော် ဘယ်လိုမှ ဆက်ပြီး သရုပ်မဆောင်နိုင်တော့ဘူး။ ရှေ့ကလူတွေလိုလိုက် မလုပ်ရင်လည်း ကျနော့် မိသားစု ဒီလစာနဲ့ ထမင်းငတ်တော့မယ်။ ဒီတော့ ကျနော် လုပ်ဖို့က ရင်ခုန်စရာ မကောင်းတဲ့ ဒီဇာတ်လမ်းထဲက ထွက််လိုက်ဖို့ပဲ။ အခုတော့ ဆန်ရောင်းနေတယ်” လို့ ဆရာဦးထွန်းဆိုသူက ရင်ဖွင့်ပြောဆိုပါတယ်။

ကလေး စာမေးပွဲ အောင်ဖို့ကတော့ လွယ်ပါတယ်

’’ကျမ ကလေးက အခု ဒုတိယတန်းပါ။ ဒါပေမဲ့ “က“ ကနေ “အ“ အထိတောင် ကောင်းကောင်း မသိချင် သေးဘူး ဖြစ်နေတယ်။ မူလတန်းကတည်းက သူ့အတန်းပိုင်ဆရာမဆီမှာပဲ ကျူရှင်ပြန်ထားခဲ့တာ။ ကိုယ်က ထားချင်လို့တော့ မဟုတ်ဘူး။ ဆရာမက အတန်းမှာရှိတဲ့ ကျောင်းသားတိုင်း သူ့ဆီမှာ တက်ရမယ်လို့ ပြောတယ်။ အဲဒါ ကိုယ့်ကလေးမျက်နှာငယ်မှာဆိုးလို့ ထားလိုက်တယ်။ ဆရာမက ကျောင်းသားတွေရဲ့ စီးပွားရေးကိုလည်း သိနေတယ်။ သူက တယောက်ချင်း ခေါ်မေးထားတာ။ တကယ်မတတ်နိုင်တဲ့ သူဆိုရင်တော့ သူက သင်မပေးဘူး။ အလကားတော့ သင်မပေးဘူး။ အတန်းထဲမှာလည်း ဂရုမစိုက်တော့ဘူး။ အဲလိုဂရုမစိုက်မှာစိုးလို့ ဆရာမကို ပေးရကမ်းရတဲ့ အကျိုးက ကိုယ်ကလေးက စာတော့ မတတ်ဘူး၊ အတန်းတွေတော့ တက်သွားတယ်။

ပြီးတော့ အောင်စာရင်းမထွက်ခင် ကျမကို ခေါ်ခေါ်တော့ ပြောပါတယ်။ ကလေးက စာမေးပွဲမှာတော့ ကျနေတယ်။ ဒါပေမဲ့ သူ့ကို ကျမ အတန်းတင်ပေးလို့ ရပါတယ်။ အဲဒါ တင်ရမလား၊ မတင်ဘဲ ထားရမလား ဆိုတာ မေးတာပါ။ ဘယ်သူပဲဖြစ်ဖြစ် ကိုယ်သားသမီးကို အောင်စေချင်တာပဲလေ။ ဒီတော့ ကျမလည်း တင်ခိုင်းလိုက်မိတယ်။ အဲဒါ အခုမှ နောင်တရနေတယ်။ ကလေးက စာကို ကောင်းကောင်း မဖတ်တတ်ဘူး ဖြစ်နေတယ်’’ ဆိုပြီး ကျောင်းသားမိခင်က ကလေးရဲ့ အနာဂတ်ပညာရေးကို ရင်မောစွာနဲ့ ဆိုလာပါတယ်။

တီးတိုးငွေနဲ့ ကပ်တိုး ဆရာမ

မဝေလင်းနဲ့ မခိုင်ဇာဟာ အရမ်းရင်းနှီးကြတဲ့ ရွယ်တူသူငယ်ချင်းတွေ ဖြစ်ကြပါတယ်။ သူတို့နှစ်ယောက်ဟာ စနစ်သစ် ပညာရေးရဲ့ ပထမဆုံးနှစ်ဖြစ်တဲ့ ၂ဝဝ၁-၂ဝဝ၂ တက္ကသိုလ်ဝင်တန်းကို ဧရာဝတီတိုင်းဒေသကြီး ကနေ ဖြေဆိုအောင်မြင်ခဲ့ကြသူတွေပါ။ သူတို့ရဲ့ ရမှတ်တွေဟာလည်း မတိမ်းမယိမ်းပါပဲ။ တဘာသာကို ရမှတ် ၄ဝ နဲ့ ၆ ဘာသာ ၂၄ဝ ကို မြန်မာစာ တဘာသာထဲမှာ ၅ဝ ကျော်ရသွားလို့ သူတို့ အမှတ််က စုစုပေါင်း ၂၅ဝ ကျော်တွေနဲ့ပေါ့။

တကယ်ကို ဘာမှ လုပ်စားလို့ မရတဲ့ အမှတ်တွေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဂုဏ်ကလေးတခုရှိအောင်မီရာ လျှောက်မယ်လို့ နှစ်ဦးသား ဆုံးဖြတ်လိုက်ပါတယ်။

အဲဒါ တခြားမဟုတ်ပါဘူး။ ဆရာ အတတ်သင် လျှောက်ဖို့ပဲ ဖြစ်ပါတယ်။ လျှောက်လွှာ ခေါ်ချိန် ကိုစောင့်ကြပါ ရော။ လျှောက်လွှာခေါ်တဲ့ အခါ နှစ်ယောက်စလုံး လိုအပ်တာ ယူပြီး သွားကြတဲ့အခါ သူလိုကိုယ်လို သုံးစားလို့ မရတဲ့ အမှတ်တွေနဲ့ လျှောက်တဲ့သူတွေက များတော့ လျှောက်လွှာရွေးချယ်ပွဲမှာတင် စကွဲမှာ စိုးရိမ်ပြီး သူတို့ အိမ်ပြန်လာကြပါတယ်။

အိမ်ရောက်လို့ အကျိုးအကြောင်းပြောတော့ မိဘဖြစ်သူတွေက သားသမီးလျှောက်လွှာပါဖို့အရေးအဲဒီနယ် ပယ်က အာဏာရှိ ဝန်ထမ်းတဦးနဲ့ မရရတဲ့နည်းနဲ့ ချိတ်ဆက်ရပါတော့တယ်။ ဘာပဲဖြစ်ဖြစ် သမီးတွေဆရာမ ဖြစ်ဖို့အရေး ပင်ကို အရည်အသွေးထက် ပိုအရေးကြီးတာက ကပ်တိုးတတ်ဖို့ပါပဲ။ အကောင်ကြီးကြီးကို ကပ်ပြီး တိုးဝင်ပါမှ လိုရာပန်းတိုင် ရောက်နိုင်တော့မှာ မဟုတ်ပါလား။ ဒီအတွက် တောက်လျှောက်ဆိုသလို တီးတိုးငွေ ထုတ်ပါတော့တယ်။

ပထမအဆင့် ဖောင်ပါပြီး အင်တာဗျူးခန်း ဝင်ဖို့အတွက် ငွေကျပ် ၅ သောင်းနဲ့ လက်ဆောင်ပဏာတွေ ဖြစ်ပါတယ်။ ဒီအတွက် သူတို့နှစ်ယောက် ပထမအဆင့်ကို ချောမောစွာ ဖြတ်ကျော်သွားကြပါတယ်။ အင်တာဗျူးခန်း ရောက်လို့ မေးတဲ့မေးခွန်းက နိုင်ငံရေး ဦးတည်ချက်၊ စီးပွားရေး ဦးတည်ချက်တွေကို မေးတာပါတဲ့။ အဲဒီမှာ နှစ်ယောက်စလုံး အပြင်ရောက်လို့ အဖြေတိုက်ကြတဲ့အခါ ဝက်ဝက်ကွဲအောင် လွဲကြပါတယ်တဲ့။ သိပ်ခက်တဲ့ မေးခွန်းမို့ မဖြေနိုင်ကြပါဘူးတဲ့။

သူတို့ကိုယ်သူတို့ မပါတော့ဘူးလို့ ထင်ပေမယ့် သူတို့နှစ်ယောက်လုံး ရွေးချယ်ခံခဲ့ရပါတယ်။ ဒါက တီးတိုးငွေကြေးရဲ့ အကျိုးပါပဲ။

တီးတိုးငွေနဲ့ ကပ်တိုးဆရာမ ဖြစ်ဖို့ ကြိုးပမ်းလိုက်ကြတာ နောက်ဆုံးမှာတော့ သူမတို့နှစ်ယောက် သွေးကွဲတဲ့ အဆင့်ကို ရောက်ပါတော့တယ်။ မဝေလင်းဆိုသူက သင်တန်းပြီးလို့ ဆရာမအဖြစ် တာဝန်ထမ်းဆောင်တဲ့ အခါ ဇာတိနဲ့ မနီးမဝေး ဖျာပုံမှာ မူ-ပြ ဆရာမ ဖြစ်ခဲ့ပေမယ့် မခိုင်ဇာကတော့ ဘာမှ မဆီမဆိုင်တဲ့ ချင်းပြည်က မူ-ပြ ဆရာမလေး ဖြစ်လို့ သွားပါတယ်။

ဒါပေမဲ့ အခုတော့ မခိုင်ဇာတယောက် ဟင်္သာတကို လယ်-ပြ အဖြစ်နဲ့ ရောက်လို့နေပါပြီ။ ’’ဒါဟာလည်း တီးတိုးငွေရဲ့ အကျိုးပဲ’’ လို့ဆိုပါတယ်။

တီးတိုးငွေကြေးများ အပိုင်း (၃)

တီးတိုးငွေကြေးများ အပိုင်း (၂)

တီးတိုးငွေကြေးများ အပိုင်း (၁)