ငွေအကြွေရှားပါး၍ လူထုများ ဒုက္ခရောက်

ငွေအကြွေရှားပါး၍ လူထုများ ဒုက္ခရောက်
by -
မင်းဆက်ခိုင်

ရခိုင်ပြည်နယ်တွင် ငွေအကြွေများရှားပါးပြီး သက်ဆိုင်ရာအစိုးရမှ ငွေအဟောင်းများကို လဲလှယ်ပေးခြင်း မရှိသည့်အတွက် ညစ်နွမ်း စုတ်ပြဲနေသည့် ငွေများကိုသာ သုံးစွဲနေရသဖြင့် ပြည်သူများ စျေးဝယ် စျေးရောင်း ရာတွင် အထူး ဒုက္ခရောက်နေကြကြောင်း သတင်း ရရှိသည်။

စစ်တွေမြို့ခံ လူကြီးတဦးက "ဒီမှာ အခုငွေအကြွေ ဆိုတာ တော်တော့ကို ရှားသွားပြီ။ ကျပ် ၅၀တန်ဆိုရင် ရှာလို့ကို မတွေ့တော့ဘူး။ အစိုးရကလည်း ငွေအကြွေးထုတ်ပေးတာမရှိသလို ငွေဟောင်းတွေကို လဲလှယ် ပေးတာမရှိတော့ လူတွေက ဖြစ်သလိုသုံးနေကြရတယ်။ တချို့ ပိုက်ဆံတွေ ဆိုရင်ဘယ်လောက်တန်မှန်း တောင် မသိရ အောင် စုတ်ပြဲသွားပြီ။ ဒါပေမယ့် သုံးနေရတာပါပဲ၊" ဟု ပြောသည်။

Burmese-kyat-note

ငွေအကြွေရှားပါးပြီး လက်ရှိငွေအကြွေများမှာလည်း ညစ်နွမ်းပြီး ပလက်စတိတ် တိတ်များဖြင့် အဖာများ သောကြောင့် စျေးရောင်းသူနှင့် စျေးဝယ်သူများ အကြားတွင် မကြာခဏ စကားများကာ ပြဿနာ ဖြစ်လေ့ ရှိကြောင်း မောင်တောမြို့မှ ကုန်စုံဆိုင်သည်မ တဦးက ပြောသည်။

"တနေ့တနေ့ ဒီအကြွေးကိစ္စနဲ့ပဲ စိတ်ညစ်နေရပါတယ်။ ရှိတဲ့အကြွေတွေကလည်း ဟောင်းနွမ်းနေပြီဆိုတော့ စျေးဝယ်သူတွေက မယူချင်ကြဘူးလေ။ ကျပ် ၁၀၀တန်၊ ၂၀၀တန်တွေလည်း အသစ်ဆိုတာ ရှာမတွေ့ တော့ပါဘူး။ စုတ်ပြဲပြီးတော့ တိတ်တွေနဲ့ ဖာထားတာတွေ ချည်းပဲ။ တချို့ဆိုရင် ပြန်အမ်းတဲ့ ငွေအဟာင်း နွမ်း ကြီးဆိုရင် လုံးဝမယူကြဘူး။ ဘယ်လိုမှ မယူကြတာ။ ဒါနဲ့ စကားများ ရတာကလည်း နေ့တိုင်းပါပဲ။"

ယခုရခိုင်ပြည်နယ်တွင် ၅ကျပ်မှ ကျပ်၂၀၀အထိ ငွေများမှာ အစိုးရမှ အသစ်ထုတ်ဝေပေးခြင်းမရှိသလို ရှားပါးနေပြီး သုံးစွဲနေရသည့် ငွေများမှာ ဖြစ်သလို တိတ်များဖြင့် ဖာထားသော ဟောင်းနွမ်းငွေများသာ ဖြစ်သည်ဟု သိရသည်။

"ဒီမှာက စျေးဝယ်သူတွေကို ပြန်အမ်းဖို့ ငွေအကြွေ ၃၀ကျပ်တို့ ၅၀ကျပ်တို့မရှိရင် ဖယောင်းတိုင်၊ နံ့သာတိုင်တွေ အစားပေးရတာတွေ များပါတယ်။ များသောအားဖြင့်တော့ တယောက်နဲ့တယောက် နားလည်မှုတွေနဲ့ ဖြစ်သလို သုံးစွဲနေရပါတယ်။ စျေးမှာဆိုရင် ပြဿနာဖြစ်တိုင်း ဒီငွေအကြွေး ကိစ္စပါပဲ။" ဟု အဆိုပါ ကုန်စုံဆိုင်သည်မက ပြောသည်။

မောင်တောမြို့မှ လက်ဖက်ရည်ဆိုင်ရှင်တဦးကလည်း ငွေအကြွေသုံးစွဲနေရပုံကို ယခုကဲ့သို့ ပြောသည်။

"ငွေအကြွေတွေကရှားတော့ ကျနော်တို့ ဆိုင်နာမည်နဲ့ တံဆိပ်တုံးတွေလုပ်ထားတယ်။ ပြီးတော့ တိုကင်ပြား ပေါ်မှာ ဆိုင်တံဆိပ်တုံးကို ရိုက်ထည့်ပြီးတော့ အောက်နားက လက်မှတ်ထိုးပေးတားပါတယ်။ သုံးစွဲနေတဲ့ တိုကင်တွေကတော့ ၂၀ကျပ်တန်၊ ၃၀ကျပ်တန်၊ ၅၀ကျပ်တန်၊ ၁၀၀ကျပ်တန် နဲ့ လိုအပ်ရင် သုံးဖို့ ၂၀၀ကျပ်တန်လည်း နည်းနည်း လုပ်ပေးထားပါတယ်။ ငွေအကြွေမရှိတော့ ဒီလိုပဲ အသုံးပြုနေရတာပါပဲ။"

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ၂၀၀၉ခုနှစ် အောက်တိုဘာလ ၁ရက်နေ့မှ စတင်ပြီး မြန်မာကျပ်ငွေ အသစ် ၅၀၀၀ ကျပ်တန်ကို ထုတ်ဝေခဲ့သည်။

သို့သော်လည်း ငွေအကြွေအသစ်များထုတ်ပေးခြင်း ဟောင်းနွမ်းငွေများအား အစားလဲပေးခြင်းများ ပြုလုပ်ပေးမှု မရှိခဲ့ကြောင်း သိရသည်။

Most read this week