ဖမ်းဆီးခံ မွတ်ဆလင် ၁၉ ဦးကို ဘူးသီးတောင်ထောင်သို့ ပြောင်းရွှေ့

ဖမ်းဆီးခံ မွတ်ဆလင် ၁၉ ဦးကို ဘူးသီးတောင်ထောင်သို့ ပြောင်းရွှေ့
by -
တာကလူး

ရခိုင်ပြည်နယ် မောင်တောတွင် တာလီဘန်များနှင့် ဆက်စပ်သည့် စွပ်စွဲချက် ဖြင့် ဖမ်းဆီး တရားစွဲဆို ခံထားရသူ မွတ်ဆလင် ၁၉ ဦးကို လုံခြံုရေး အရ ယမန်နေ့ (သောကြာနေ့) က ဘူးသီးတောင် အကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်သည်ဟု သတင်း ရရှိသည်။

မောင်တောရဲစခန်းနှင့် နီးစပ်သူ တစ်ဦးက ထိုသို့ ပြောင်းရွှေ့လိုက်ကြောင်းကို ယခုကဲ့သို့ အတည်ပြု ပြောကြားသည်။

“ သူတို့ကို ဧပြီလ ၂၂ ရက်နေ့ကို နောက်ထပ် ရုံးချိန်းပေးပြီး သောကြာနေ့မှာ မောင်တောရဲ စခန်းကနေ ဘူးသီးတောင် အကျဉ်းထောင်ကို ပြောင်းရွှေ့လိုက်တာ ဖြစ်ပါတယ်။”

ပြောင်းရွှေ့လိုက်ရသည့် အကြောင်းအရင်းကိုလည်း သူက ယခုကဲ့သိုု့ ပြောသည်။

“ သင်္ကြန်ကာလ လွန်မှ သူတို့ကို အမူ စစ်ဆေးမှာဆိုတော့ ရက်အများကြီး မောင်တောရဲစခန်းမှာ ထိန်းသိမ်း ထားရမယ်ဆိုတော့ လုံခြံုရေး အရ မသင့်တော်တဲ့ အတွက် ဘူးသီးတောင် အကျဉ်းထောင် ကိုပြောင်းရွှေ့ လိုက်တာ ဖြစ်ပါတယ်။ သင်္ကြန်အတွင်းမှာ မောင်တော လုံခြံုရေးကို သတိထားရတဲ့ အတွက် ဖြစ်ပါတယ်” ဟု ပြောသည်။

မောင်တောမှာ ခရိုင်မြို့ ဖြစ်သော်လည်း ဘင်္ဂလာဒေချ့်နှင့် နီးကပ်စွာ တည်ရှိပြီး ထောင်လည်း မရှိသဖြင့် ယခုကဲ့သို့ တရားစွဲဆိုခံနေရသော မွတ်ဆလင် ၁၉ ဦးကို ဘူးသီးတောင်ထောင်သို့ ပြောင်းရွှေ့လိုက်ခြင်း ဖြစ်သည်။

တခြား တရားရေး ၀န်ထမ်း တစ်ဦးကလည်း သူတို့ ၁၉ ဦးအား ဘူးသီးတောင်ထောင်သို့ ပြောင်းရွှေ့ လိုက်ခြင်း ကို အတည်ပြု ပြောကြားပြီး ရုံးချိန််းရှိသည့် ဧပြီလ ၂၂ ရက်နေ့မှ ဘူးသီးတောင်မှ မောင်တောသို့ ယူဆောင်လာမည် ဖြစ်ကြောင်း ပြောသည်။

ဖမ်းဆီးခံထားရသူ ၁၉ ဦးအား ယခုလ ၆ ရက်နေ့က ရုံးတင်ခဲ့ပြီး သူတို့ကို မတရား အသင်း ဆက်သွယ်မူ၊ ဖွဲ့စည်းမူ ပုဒ်မ ၁၇ (၁) နှင့် ၁၇ (၂) တို့ဖြင့် တရားစွဲဆိုခဲ့သည်။

Most read this week