လက်နက်ယူ၍ ထွက်ပြေးသည့် တပ်သား နှစ်ဦး ကွပ်မျက်ခံရ

လက်နက်ယူ၍ ထွက်ပြေးသည့် တပ်သား နှစ်ဦး ကွပ်မျက်ခံရ
by -
တာကလူး

မြန်မာနိုင်ငံ အနောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ်စပ် ရှေ့တန်း စခန်းမှ လက်နက်ယူ၍ ထွက်ပြေးသူ စစ်သားနှစ်ဦးကို မြန်မာ စစ်တပ်က ဖမ်းဆီးရမိသည့် နေရာတွင်ပင် ပစ်သတ် လိုက်ကြောင်း စစ်တပ်နှင့် နီးစပ်သူများ၏ ပေးပို့သော သတင်းအရ သိရသည်။

သတ်ဖြတ်ခံရသူ စစ်သားနှစ်ဦးမှာ ဘူသီးတောင် အခြေစိုက် ခမရ (၂၃၃) မှ ဒုတပ်ကြပ် မောင်ဝင်းနှင့် တပ်သား မောင်ဖြူတို့ ဖြစ်ကြောင်း သိရသည်။

၎င်းစစ်သားနှစ်ဦးသည် သူတို့တာဝန်ထမ်းဆောင်ရာ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း ဘင်္ဂလာဒေခ်ျ့ နယ်စပ်မှ လက်နက်များ ယူဆောင်၍ ဘင်္ဂလာဒေချ့် ဘက်သို့ ထွက်ပြေးစဉ် ယခုကဲ့သို့ သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။

burmese-army

အမည်မဖေါ်လိုသူ စစ်တပ်နှင့် နီးစပ်သူ တစ်ဦးက နယ်ကျော်ထွက်ပြေးရန် ကြိုးပမ်းစဉ်မောင်တောမြို့နယ် အတွင်း သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ယခုကဲ့သို့ ပြောသည်။

“သူတို့နှစ်ဦးက ဒီလ (၂)ရက်နေ့ မနက်ပိုင်းကနေ တာဝန်ကျနေတဲ့ နေရာက ထွက်ပြေးပါတယ်။ ဒါကို သိတာနဲ့ ချက်ချင်း တပ်ကနေ ပိတ်ဆို့ပြီး ရှာခဲ့ကြတော့ အဲဒီနေ့ ညနေပိုင်းမှာပဲ တပ်သား မောင်ဖြူကို မောင်တောမြို့နယ် မြောက်ပိုင်း တမန်းသား ကျေးရွာအနီးမှာ မိပါတယ်။ ဒုတပ်ကြပ် မောင်ဝင်း ကိုတော့ ဧပြီ ၃ ရက်နေ့ မနက်ပိုင်းမှာ ရေနောက်ငါးသားရွာ အနီး လယ်တဲ တစ်ခုမှာ မိပါတယ်။ သူတို့ နှစ်ဦးကို မိတဲ့နေရာမှာပဲ သစ္စာဖေါက်တွေဆိုပြီး ပစ်သတ်လိုက်ပါတယ်” ဟု ပြောသည်။

သူတို့အား လိုက်လံရှာဖွေရာတွင် တာဝန်ကျသူ ဗိုလ်ကြီးအောင်နိုင်ထွန်းကိုယ်တိုင် အသေ ပစ်သတ် လိုက်ခဲ့ခြင်း ဖြစ်ကြောင်း သူက ပြောသည်။

“ တပ်မှာက လက်နက်နဲ့ ထွက်ပြေးပြီး ဖမ်းရရင် ခုလို ရှင်းပစ်တာပါဘဲ။ အခုလည်း သူတို့နှစ်ဦးကို တပ်သားတွေရဲ့ရှေ့မှာတင် ရှင်းပစ်တာပါ။ ရည်ရွယ်ချက်ကတော့ နောက်ထပ်တပ်သားတွေကို မထွက်ပြေးရအောင် ခြိမ်းခြောက် ပုံစံပြလိုက်တဲ့ သဘောပါဘဲ။”

မြန်မာစစ်တပ်အတွင်း အထက်အောက် အာဏာပြ ခွဲခြား ဖိနှိပ် ဆက်ဆံမှု၊ အခွင့်အရေး မညီမျှမှု၊ စားဝတ်နေရေး မပြေလည်မူများကြောင့် အောက်ခြေအဆင့် တပ်သားများအကြား မကျေနပ်မှုများ တိုးပွါးနေပြီး၊ ရှေ့တန်းသို့ ရောက်၍ အခွင့်သာသည်နှင့် ထွက်ပြေးမှုများ ရှိနေကြောင်းသိရသည်။

ထိုသို့ ရှေ့တန်းမှ လက်နက်နှင့် ထွက်ပြေးသူများကို ပြန်ဖမ်းမိပါက ခုံရုံးတင် စစ်ဆေး အပြစ် ပေးလေ့ မရှိပဲ၊ မိသည့်နေရာ၌ပင် တခြားတပ်သားများအား ပုံစံပြသည့် အနေဖြင့် ရှင်းပစ်လေ့ရှိကြောင်း စုံစမ်း သိရှိရသည်။

Most read this week