သတင်းစာကကျေညာသော်လည်း ရခိုင် လူငယ်များ သင်္ကြန်ပွဲ ဆင်နွဲကြမည် မဟုတ်

သတင်းစာကကျေညာသော်လည်း ရခိုင် လူငယ်များ သင်္ကြန်ပွဲ ဆင်နွဲကြမည် မဟုတ်
by -
နိရဥ္စရာ

မြန်မာ အာဏာပိုင်များက ရခိုင်သင်္ကြန်အား လိူင်သာယာ မြို့နယ်တွင်စည်ကားသိုက်မြိုက် စွာ ကျင်းပမည် ဖြစ်ကြောင်း အစိုးရပိုင် သတင်းစာက ကျေညာသော်လည်း ရခိုင် လူငယ်များ ပါ၀င် ဆင်နွဲကြတော့မည် မဟုတ်ကြောင်း သတင်း ရရှိသည်။

ရန်ကုန်နေ ရခိုင်လူငယ် အများစုမှာ အစိုးရ တာဝန်ရှိိသူများ၏ လူမျိုးရေးအရ အနိုင်ကျင့်မူကြောင့် သတင်းစာက ရခိုင်သင်္ကြန် စည်ကားစွာ ကျင်းပမည်ဟု ကျေညာသော်လည်း ယခုနှစ် သင်္ကြန်အတွင်း မိမိဒေသသို့ ပြန်သွားခဲ့ကြသည်ဟု ရခိုင်လူငယ် တစ်ဦးက ပြောသည်။

Rakhine-Water-Festival“ ခါတိုင်းနှစ်တွေမှာ ဆိုရင် ရခိုင်လူငယ်တွေက သင်္ကြန် ရန်ကုန်မှာဘဲ ပါ၀င်ဆင်နွဲခဲ့ကြပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ လိူင်သာယာမှာ ဗုံးကွဲပြီးတဲ့နောက် ရိုးရိုးသာမန် လုပ်ကိုင်စားသောက်နေတဲ့ ရခိုင် လူငယ်တွေကို ရဲအဖွဲ့က ခေါ်ယူနှိပ်စက်တာတွေ ရှိတဲ့ အပြင် လူမျိုးရေးအရ စော်ကားတာတွေ ရှိခဲ့ အတွက် ရခိုင်လူငယ်တွေ အကုန်လုံးနီးပါး ရခိုင်ကို ပြန်သွားကြပါတယ်။ ဘယ်သူမှ လည်း လိူင်သာယာမှာ ရေကစားကြမှာ မဟုတ်ပါဘူး” ဟု ပြောသည်။

စစ်အစိုးရ သတင်းစာ ကြေးမုံက ဧပြီလ ၆ ရက်နေ့တွင် “ ရခိုင်ရိုးရာသင်္ကြန်ပွဲပျော်ရွှင်စွာဆင်နွဲမည်” ခေါင်းစဉ်ဖြင့် ထူးထူးခြားခြား သတင်းရေးသား ဖေါ်ပြခဲ့သည်။

အဆိုပါ သတင်းတွင် “ ရန်ကုန်မြို့တွင် ရခိုင်ရိုးရာ သင်္ကြန်ပွဲများ ဆင်နွဲလျှက် ရှိသည် အနက် လိူင်သာယာ မြို့နယ် အောင်မြေသာယာရွှေ စေတီတော် ဘုရားရှေ့ တံတားဖြူ မှတ်တိုင် အနီး ညောင်တုန်းလမ်းမပေါ်တွင် ယဉ်ကျေးမူ မဏ္ဍပ်၊ ရေလောင်းမဏ္ဍပ်များ ဆောက်လုပ်ကာ သတ္တမ အကြိမ်မြှောက် စည်ကား သိုက်မြိုက်စွာ ကျင်းပကြမည် ဖြစ်သည်။ ရိုးရာ အစဉ်အလာမပျက် ကျင်းပသည့် ပွဲများ အနက် အဖိတ်နေ့တွင်နံ့သာသွေးပွဲ နှင့် ဘုရားရေသပ္ပါယ်ပွဲကို ဆင်နွဲကြမည်။ ထို့အပြင် စည်တော်ယိမ်း၊ ဆီမီးခွက်ယိမ်း၊ မင်းလဲ- ရခိုင်၊ ငါလဲ- ရခိုင် သီချင်း၊ တစ်ကိုယ်တော် သီချင်းဆိုပွဲတို့ ပါ၀င်မည် ဖြစ်ပါသည်” စသဖြင့် ရေးသား ဖေါ်ပြထားသည်။

“ သူတို့ ကျေညာတာကလည်း တော်တော် ထူးခြားပါတယ်။ ရခိုင်လူငယ်တွေ အကြား အချင်းချင်း မခွဲခြားကြဖို့ ရေးဖွဲ့သီကုံးထားတဲ့ လူငယ်တွေ အကြိုက်များတဲ့ မင်းလဲ-ရခိုင်၊ ငါလဲ -ရခိုင် သီချင်းကိုတောင် ထည့်ပြီး ကျေညာထားပါတယ်။ ဒါပေမယ့် ရခိုင်လူငယ်တွေက အကုန်လုံး ပြန်ကုန်ပါပြီ။ အာဏာပိုင်တွေက ဗုံးကွဲတာနဲ့ မဟုတ်မတရား ရခိုင်တွေကို ခေါ်ယူနှိပ်စက်တာကြောင့် တချို့ လူငယ်တွေဆိုရင် ရူးသွားတာတွေ ရှိတဲ့ အတွက် ရခိုင်အမျိုးသားတွေက အထူး မကျေမနပ် ဖြစ်ပြီးတော့ ကိုယ်ဒေသကို ကိုယ်ပြန်သွားကြပါတယ်။ ကျနော်အမြင်ရတော့ လိူင်သာယာမှာ ရှိတဲ့ သူတွေ အကုန်လုံး ပြန်သွားကြပါတယ်။ အနည်းအကျဉ်းဘဲ ကျန်ခဲ့မယ် တင်ပါတယ်” ဟု ပြောသည်။

ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့ ရန်ကုန်မြို့ လိူုင်သာယာ မြို့နယ် စတိုးဆိုင်အနီး တစ်ခုတွင် ပေါက်ကွဲခဲ့သော ဗုံးကြောင့် အာဏာပိုင်များက ရခိုင်များ ဗုံးခွဲသည်ဟု ဆိုကာ ရခိုင်လူငယ် ၁၀၀ ကျော်နီးပါးကို ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းခဲ့သည်။ ရပ်ကွက် အတွင်းရှိ ရခိုင်အိမ်များ၊ ရခိုင်ဘုန်းတော်ကြီးကျောင်းများကိုလည်း ၀င်ရောက် မွေနှောက် ရှာဖွေမူများ ပြုလုပ်ခဲ့သည်။

စစ်ဆေးစဉ်အတွင်း ညှဉ်းပမ်းနှိပ်စက်မူများ ပြင်းပြင်းထန်ထန်ရှိခဲ့ပြီး လူမျိုးအရေး ဆဲရေး စော်ကားမူများလည်း ရှိခဲ့သည်။ ဗမာများ ဗုံးခွဲက ဗမာများကို ခေါ်ယူနှိပ်စက်ခြင်းး မရှိဘဲ ရခိုင်များဗုံးခွဲက ရခိုင်များကို ဖမ်းဆီးပြီး ခေါ်ယူ စစ်ဆေး မေးမြန်း နှိပ်စက်မူ ပြုလုပ်ခြင်းမှာ တရား ဥပဒေနှင့် မကိုက်ညီသည့် အပြင် လူမျိုးရေး အရ စော်ကားသည်ဟုု အမြင်ရှိသဖြင့် ရခိုင်အမျိုးသားများက အထူး မကျေမနပ် ဖြစ်ခဲ့ကြသည်။

အဆိုပါ ပြဿနာ ဖြစ်ပွားပြီးနောက် လိူင်သာယာမြို့နယ်တွင် နေထိုင်သူ ရခိုင်များက မိမိဒေသ ရခိုင်သို့ ပြန်သွားခဲ့ကြသည်။

သို့သော်လည်း လှိုင်သာယာမြို့နယ်တွင် အလျှားပေ ၈၀ နှင့် အနံပေ ၂၇ ပေရှိသော “ပန်းမြတ်သဇင်ရေ လောင်းမဏ္ဍပ်” တစ်ခုကို ဆောက်လုပ်ပြီး စည်ကား သိုက်မြိုက်စွာ ကျင်းပမည့် အကြောင်းကို ကျင်းပရေး ကော်မီတီ ဘဏ္ဍာရေးမှူး ဦးစံထွန်းကျော်က နိရဥ္စရာကို ယခုကဲ့သို့ပြောသည်။

“ခါတိုင်းနှစ်တွေထက် စည်စည်ကားကားဖြစ်အောင်ပြုလုပ်မှာပါ။ အဲဒီရေလောင်းမဏ္ဍပ်မှာ သီဆိုဖြေ ဖျော်ဖို့အတွက် နာမည်ကြီးရခိုင်အဆိုတော်များလာရောက်ကြမှာဖြစ်တယ်။ ပီးရင်ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေကို ဖိတ်ခေါ်ထားပြီးတော့ ရေလောင်းပွဲ စနစ်တကျ ဖြစ်အောင်ကြပ်မက်ပေးဖို့ အတွက်စီစဉ်ထားပါတယ်။” ဟု ပြောသည်။

Most read this week