မြန်မာနယ်စပ်အနီး ဘင်္ဂလားဒေ့ရှ်တွင် အဆင့်မြင့် လေတပ်အခြေစိုက် စခန်း တည်ဆောက်

မြန်မာနယ်စပ်အနီး ဘင်္ဂလားဒေ့ရှ်တွင် အဆင့်မြင့် လေတပ်အခြေစိုက် စခန်း တည်ဆောက်
by -
တာကလူး

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မောင်တောမြို့၏ အနောက်မြောက်ဘက် ၅၇ ကီလိုမီတာ အကွာ အဝေးတွင်ရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇာ (ခေါ်) ဖလောင်းချိတ်မြို့တွင် အဆင့်မြင့် လေတပ် အခြေစိုက် စခန်း တစ်ခုကို စတင်တည်ဆောက် နေပြီဖြစ်သည်။

Air-force-base-open-coxsbazarအဆိုပါ လေတပ်အခြေစိုက်စခန်း တည်ဆောက်ရေးကို ၀န်ကြီးချုပ် ချိတ်ဟာဆီးနာက ဧပြီလ ၃ ရက်နေ့က ကော့စ်ဘဇာသို့ လည်ပတ်စဉ် စတင် အုတ်မြစ်ချ ဖွင့်လှစ်ပေးခဲ့သည်။ ၎င်းပြင် ဘင်္ဂလာဒေချ့် ၀န်ကြီးချုပ်သည် မြန်မာနယ်စပ်အထိ ဖောက်လုပ်မည့် ရထားလမ်းပိုင်း စီမံကိန်းကိုလည်း အုတ်မြစ်ချ ဖွင့်လှစ်ပေးခဲ့သည်။

၀န်ကြီးချုပ်ဟာဆီးနာက လေတပ်စခန်း အုတ်မြစ်ချဖွင့်ပွဲ မိန့်ခွန်း ပြောကြားရာတွင် “တိုင်းပြည်ရဲ့ လေပြင်ကိုသာမက ရေပြင်ကိုပါကာကွယ်ဖို့ လေတပ်ကို ကမ္ဘာအဆင့်မှီ ဖွဲ့စည်း တပ်ဆင်သွားမယ်” ဟု ထုတ်ဖေါ်ပြောကြားခဲ့သည်။

၀န်ကြီးချုပ်က တိုင်းပြည်၏ ရေပြင်ပိုင်နက် လုံခြံုရေးကို ထိရောက်သေချာစွာ ကာကွယ်နိုင်ဖို့ ကော့စ်ဘဇားတွင် အဆင့်မြင့် လေတပ်အခြေစိုက်စခန်းတစ်ခု တည်ဆောက်မည်ဟု လွန်ခဲ့သော ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ကျင့်ပခဲ့သည့် လေတပ် ဘွဲ့သဘင် အခမ်းအနား တစ်ခုတွင် မိန့်ခွန်း ပြောကြားခဲ့ပြီးနောက်ပိုင်း သုံးလအကြာတွင် ယခုကဲ့သို့ စတင် အကောင်အထည်ဖော် တည်ဆောက်လာခြင်းဖြစ်သည်။

ယခု လေတပ်အခြေစိုက်စခန်းသစ် တည်ဆောက်နေသည့် ကော့စ်ဘဇာ၏ ကမ်းလွန် ပင်လယ်ပြင်တွင် ဘင်္ဂလာဒေ့ရှ် နှင့် မြန်မာနိုင်ငံတို့အကြား ရေပြင်ပိုင်နက် အငြင်းပွါးလျက်ရှိသည်။

အဆိုပါ ပင်လယ်ရေပြင်ပိုင်နက် အငြင်းပွါးမှုကို ကုလသမဂ္ဂမှ ကြားဝင်ဖြေရှင်းပေးရန် ဘင်္ဂလာဒေ့ရှ် နှင့် မြန်မာနှစ်နိုင်ငံစလုံးမှ သဘောတူ လက်ခံပြီးလည်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်မှ ၄င်း၏ရေပြင်ပိုင်နက် တောင်းဆိုမှုကို ကုလသမဂ္ဂသို့ လွန်ခဲ့သော ဖေဖေါ်ဝါရီ လကုန်ပိုင်းတွင် တင်သွင်းခဲ့ပြီး၊ မြန်မာနိုင်ငံမှ ၂၀၀၈ ခု ဒီဇင်ဘာလတွင် တင်သွင်းခဲ့သည်။

၂၀၀၈ ခုနှစ်တွင် နှစ်ဘက်နိုင်ငံစလုံးမှ အငြင်းပွါးရာ ရေပိုင်နက်အနီးသို့ စစ်သင်္ဘောများ စေလွှတ်ခဲ့သည်အထိ တင်းမာမှုများဖြစ်ပွါးခဲ့ပြီးနောက်ပိုင်း နှစ်ငံအကြားဆွေးနွေးမှုများစွာ ပြုလုပ်ခဲ့ကြပြီး ငြိမ်းချမ်းသော ဆွေးနွေးပွဲများဖြင့် ပြဿနာကို ဖြေရှင်းရန် သဘောတူခဲ့သည်။

ယခုကဲ့သို့ အငြင်းပွါးနေသော ရေပိုင်နက်အနီး ဘင်္ဂလားဒေ့ရှ်ဘက်မှ ၄င်း၏ ရေပိုင်နက် လုံခြံုရေးကို ကာကွယ်နိုင်မည့် လေတပ်အခြေစိုက်စခန်း တည်ဆောက်လိုက်ခြင်းမှာ နည်းဗျူဟာ အရ အလွန်အရေးပါသော လုပ်ရပ်တစ်ခုဖြစ်သည်ဟုလည်း လေ့လာသုံးသပ်သူများ၏ ပြောကြားချက်အရ သိရသည်။

၀န်ကြီးချုပ် ချိတ်ဟာဆိနာသည် လေတပ်စခန်း အုတ်မြစ်ချဖွင့်ပေးခဲ့သည့် တနေ့တည်းတွင်ပင် မြန်မာနယ်စပ်အထိ ဆက်သွယ်ဖောက်လုပ်မည့် ရထားလမ်းပိုင်းတစ်ခုကိုလည်း အုတ်မြစ်ချဖွင့်လှစ် ပေးခဲ့သည်။

ဘင်္ဂလားဒေ့ရှ် ဆိပ်ကမ်းမြို့တော် စစ်တကောင်းမှ မြန်မာနယ်စပ် ဂေါင်းတုံးအထိ ဆက်သွယ်ဖေါက်လုပ်မည့် အဆိုပါရထားလမ်းမှာ အရှည် ၁၂၈ ကီလိုမီတာ အကျယ် တစ်မီတာ ရထားလမ်းဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၅၅ သန်းအကုန်ကျခံကာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် အပြီးသတ် တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ဘင်္ဂလားဒေ့ရှ်မှ ၄င်းရထားလမ်းကို ဒေသတွင်း ဆက်သွယ်ရေးအတွက်သာမက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို ဖြတ်ပြီး အာရှရထားလမ်းနှင့် တရုတ်နိုင်ငံ ကူမီးမြို့ထိ ဆက်သွယ်နိုင်ရန် ရည်ရွယ် ဖောက်လုပ်ခြင်းဖြစ်သည်။ မြန်မာစစ်အစိုးရမှလည်း ရခိုင်ပြည်နယ်အတွင်း ရထားလမ်းများ ဖေါက်လုပ်နေရာတွင် ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ ကူမီးမြို့ အထိ တည်ဆောက်နေသည့် ရေနံဓါတ်ငွေ့ ပိုက်လိုင်းများနှင့်အတူ ရထားလမ်းတစ်ခုကိုလည်း လာမည့် ၂၀၁၅ တွင် အပြီးသတ် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

သို့သော်လည်း ဘင်္ဂလားဒေ့ရှ်ရထားလမ်းကို အာရှရထားလမ်း (သို့) တရုတ်နိုင်ငံသို့ ဆက်သွယ်ခွင့်ပြုရန် မြန်မာစစ်အစိုးရအနေဖြင့် ရခိုင်ပြည်အတွင်း မောင်တောမှ ကျောက်တော်အထိ ရထားလမ်းပိုင်းတစ်ခုကို တည်ဆောက်ပေးရမည်ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်ဘက်မှ မြန်မာကိုဖြတ်ပြီး ရထားလမ်း ကားလမ်းများဖြင့် မြန်မာအပါအဝင် တရုတ်နှင့်အရှေ့ တောင်အာရှနိုင်ငံများနှင့် ကုန်သွယ်မှုတိုးမြှင့်လုပ်ဆောင်ရန် အထူးစိတ်ဝင်စားနေသော်လည်းဆယ်စုနှစ် တစ်ခုနီးပါး တိုးတက်မှုမရှိဘဲ ရပ်တန့်နေသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ ချစ်ကြည်ရေးလမ်းမနှင့်ရခိုင်ပြည်နယ် စပ်တွင် အခိုင်အမာ ကာရံနေသည့် နယ်စပ်ခြံစည်းရိုးကို ကြည့်ခြင်းအားဖြင့် မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်နှင့် ကားလမ်း (သို့) ရထားလမ်းဖြင့် ဆက်သွယ်ရန် စိတ်ဝင်စားမှု မရှိကြောင်းကို ပြသနေသည်ဟုလေ့လာသုံး သပ်သူများက ပြောသည်။

Most read this week