ချင်းမိုင် (မဇ္စျိမ) ။ ။ အခါမဲ့မိုးများရွာသွန်း သဖြင့် ဆားအထွက်နည်းကာအရှုံးပေါ်သော ကြောင့် နေလှန်းဆား ထုတ်လုပ်မှုကိုရပ်နား လိုက်ကြပြီဟု မွန်ပြည်နယ်မှဆားလုပ်ငန်း ရှင်များက ပြောသည်။
၂ဝ၁ဝ ဒီဇင်ဘာထဲတွင် ၃ ရက်ဆက် တကြိမ်၊ ၂ဝ၁၁ ဇန်နဝါရီတွင် တကြိမ်၊ မတ်လလယ်တွင် ၂ ရက်ဆက် တကြိမ် မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် မွန်ပြည်နယ်ရှိ ဆားကွင်းအားလုံး ပျက်စီးခဲ့ရပြီး ယခုတိုင် နေ့စဉ်နှင့်အမျှ မိုးဖွဲများ ဆက်လက်ရွာသွန်းဆဲ ဖြစ်သည်။
“ဆားကွင်း အားလုံးလိုလို ပိတ်လိုက်ကြပြီ။ ကွင်းကြီး နည်းနည်းလောက်ပဲ ကျန်တယ်။ သူတို့လည်း ပိတ်ဖို့ ကွင်းထဲက လက်ကျန်ဆားတွေကို သိမ်းနေတုန်းပဲ” ဟု ဆားကုန်သည် နိုင်မောင်ဝင်းက ပြောသည်။
ယခုလ ၆ ရက် ဗုဒ္ဓဟူးနေ့တွင် မွန်ပြည်နယ် ချောင်းဆုံမြို့၌ မိုးရေချိန် ဝ ဒဿမ ရ၂ လက်မနှင့် သံဖြူဇရပ်မြို့နယ် ကျိုက်ခမီမြို့၌ ဝ ဒဿမ ၃၂ လက်မ ရွာသွန်းခဲ့သည်ဟု နေပြည်တော် မိုးလေဝသနှင့် ဇလဗေဒဌာနက ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ဒီဇင်ဘာလ ၁၁ ရက်နေ့ တိုင်းထွာချက်အရ မော်လမြိုင်တွင် မိုးရေချိန် ၄.ဝ၉ လက်မရှိကာ ၁၈ နှစ်အတွင်း စံချိန်တင် ရွာသွန်းမှုဟု ထုတ်ပြန်ခဲ့သေးသည်။
နေလှန်းဆား ထုတ်လုပ်ရန်အတွက် နှစ်စဉ် စက်တင်ဘာမှစ၍ ကွင်းပြင်ခြင်း၊ တမံတုတ်ခြင်း၊ ကန်သင်းရိုးရိုက်ခြင်း၊ ဂျုတ်ဆွဲခြင်း၊ ဒလိမ့်လှိမ့်ခြင်း၊ ရေငန်သွင်းခြင်းများကို အဆင့်ဆင့် ပြုလုပ်ရပြီး ကွင်းထဲမှ ဆားငန်ရည်များ အပူချိန် ၂၅ ဒီဂရီ စင်တီဂရိတ် ရောက်ရှိမှသာ နေလှန်းဆား ရရှိသည်။
သာမန်နှစ်များတွင် ဇန်နဝါရီလဆန်းမှ မေလဆန်းထိ ၄ လတာအတွင်း နေလှန်းဆား ထုတ်လုပ်နိုင်သော်လည်း ယခုနှစ်တွင် ဇန်နဝါရီလကုန်ပိုင်းမှ ဧပြီလဆန်းထိ ၂ လကျော်အတွင်းသာ ထုတ်လုပ်နိုင်သဖြင့် အရှုံးပေါ်ကြရသည်။
“ကျနော်က သိန်း ၂ဝဝ လောက် ရင်းထားရတယ်။ အခုလောလောဆယ် သိန်း ၄ဝ လောက်ပဲ ပြန်ရသေးတယ်။ တဝက်ကျော်ကျော်လောက် ရှုံးဖို့က သေချာနေပြီ” ဟု မွန်ပြည်နယ်ရှိ ဆားအများဆုံး ထွက်ရာ ပငဆားကွင်းမှ ဧက ၃ဝ ပိုင် နိုင်တင်အောင်က ပြောသည်။
လွန်ခဲ့သည့် နှစ်များတွင် သူ့ဆားကွင်းမှ နှစ်စဉ် ဆားပိဿာချိန် ၅ သိန်း ဝန်းကျင် ထွက်ရှိသော်လည်း ယခုနှစ်တွင် ၂ သိန်း ရရှိရန်ပင် မလွယ်ကူဟု သူက ဆိုသည်။
မွန်ပြည်နယ်တွင် ဆားကွင်းဧက တသောင်းကျော် ရှိပြီး၊ တနိုင်ငံလုံး၏ ၂ဝ ရာနှုန်းခန့် ထွက်ရှိမည်ဟု ဆားလုပ်ငန်းရှင်များက ခန့်မှန်းကြသည်။
သံဖြူဇရပ်မြို့နယ်၊ ပေါင်မြို့နယ်၊ ရေးမြို့နယ်နှင့် သထုံမြို့နယ်များ၌ နေလှန်းဆား ထုတ်လုပ်ကြပြီး မြန်မာပြည်အနှံ့ တင်ပို့ရောင်းချခြင်း ဖြစ်သည်။
ကျန်ဆားထွက်ရာ ဒေသများမှာ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် ရခိုင်ပြည်နယ်တို့ ဖြစ်ကြသည်။