နယူးဒေလီ (မဇ္စျိမ) ။ ။ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့တွင် ဝန်ကြီး ၃ ဦး ရရှိသော်လည်း လုပ်ပိုင်ခွင့် အပြည့်အဝ မရှိလျှင် လူထုကို ပေးခဲ့သည့်ကတိက ဝတ်များအား ဖော်ဆောင်ရန် မလွယ်ကူသဖြင့် ဗဟိုအစိုးရ ချုပ်ကိုင်မှု လျော့နည်းစေလိုကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က ပြောဆိုလိုက်သည်။
“အစိုးရအဖွဲ့မှာ ပါတယ်ဆိုပေမယ့် ဘယ်လောက်လုပ်ပိုင်ခွင့် ပေးမယ်ဆိုတာ မသိသေးဘူး။ရွေးကောက်ပွဲ တုန်းက လူထုကို ပေးထားတဲ့ ကတိတွေကို ဖော်ဆောင်နိုင်ဖို့က ဒီအပေါ်မှာ မူတည်တယ်။ ပြည်နယ်အစိုးရ ရှိပေမယ့် ဗဟိုက အရာရှိတွေပဲ ချုပ်ကိုင်ထားရင် ဘာမှ ထူးလာမှာ မဟုတ်ဘူး” ဟု RNDP အတွင်းရေးမှူး ဦးလှစောက မဇ္စျိမကို ပြောသည်။
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင် (ဗိုလ်မှူးကြီးဟောင်း) က ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင်တင်သွင်းခဲ့ သည့် အစိုးရအဖွဲ့ ဝန်ကြီး ၉ နေရာ၌ RNDP က ၃ ဦး ပါဝင်ပြီး၊ ကျန်ဝန်ကြီးများမှာ ကြံ့ခိုင်ရေးပါတီမှ ၅ ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် တဦး ဖြစ်သည်။
RNDP ဝန်ကြီး ၃ ဦးမှာ မြောက်ဦးမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ ဦးကျော်သိန်း (သားငါး၊ သတ္ထု၊ စွမ်းအင်)၊ စစ်တွေမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ ဦးသာလူချေ (စက်မှု၊ အလုပ်သမား၊ အားကစား) နှင့် ပုဏ္ဏား ကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ ဦးအောင်သန်းတင် (ယဉ်ကျေးမှု၊ လူမှုကယ်ဆယ်ရေး) တို့ ဖြစ်သည်။
စျေးနှုန်းသင့်တင့်စွာဖြင့် လျှပ်စစ်မီး ပုံမှန်ရရှိရေးမှာ ရခိုင်ပြည်နယ် အစိုးရအတွက် အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်ဖွယ်ရှိကြောင်း RNDP သုံးသပ်သည်။
“ရခိုင်မှာက ပင်မဓာတ်အားလိုင်းက လျှပ်စစ်မရတော့ လောင်စာဆီသုံး တာဘိုင်က ယူရတယ်။ တယူနစ်ကို ၂၅ ကျပ် ကျရမှာကို ၅ဝဝ ပေးသုံးနေရတယ်။ ရေအားလျှပ်စစ်ဆိုတာမျိုး ချက်ချင်း ဆောက်လို့လည်း မရဘူး။ ဖွဲမီးသုံးရင် ပတ်ဝန်းကျင်နဲ့ လေထုညစ်ညမ်းမှုက ဖြစ်မယ်။ ဂက်စ်ကနေ လျှပ်စစ်မရတော့ ဒါကိုပြည်နယ် အစိုးရက ဘယ်လို ဖြေရှင်းမလဲဆိုတာ ခက်နေတယ်” ဟု ဦးလှစောက ပြောသည်။
အဓိက ပြည်နယ် စီးပွားရေးဖြစ်သော လယ်ယာစိုက်ပျိုးရေးနှင့် သားငါးထုတ်လုပ်မှုတွင် ပြည်နယ်အစိုးရကို လုပ်ပိုင်ခွင့် အပြည့်အဝ ပေးသင့်သည်ဟုလည်း သူက ဆိုသည်။
ဆန်သယ်ခွင့် ကန့်သတ်ချက်များ ရှိခဲ့သည့် လယ်ယာကဏ္ဍတွင်မူ အစိုးရသစ် ပေါ်ထွက်လာပြီးနောက် လွတ်လပ်စွာ စိုက်ပျိုးသယ်ယူ ရောင်းချခွင့်သို့ ပြောင်းလဲနိုင်ခဲ့ပြီး၊ အုပ်ချုပ်ရေးပိုင်း အကျင့်ပျက် ခြစားမှုများ ထောက်ပြနိုင်ခွင့် ရှိလာခြင်းကို ပြည်နယ် အကျိုးအမြတ်အဖြစ် RNDP က ရှုမြင်သည်။
ရခိုင်ဒေသတွင် စီးပွာရေးသမားများက အာဏာပိုင်များနှင့် ပူးပေါင်းကာ ပင်လယ်၌ ငါးဖမ်းကွက်များကို တရားမဝင် လေလံတင် ရောင်းချမှုကို လာဘ်စားမှုများထဲမှ တခုအဖြစ် RNDP က ထောက်ပြသည်။
ထိုသို့ လေလံတင်ရောင်းချမှုများ၌ ပြန်လည်ပြင်ဆင်ရမည့် စည်းမျဉ်းဥပဒေများ ရှိနေသဖြင့် ဧပြီလ ၆ ရက်နေ့တွင်မူ ငါးဖမ်းကွက် လေလံတခုကို ပြည်နယ်အစိုးရက ဆိုင်းငံ့နိုင်ခဲ့သည်။
မတ်လ ၃ဝ ရက်နေ့တွင် အာဏာလွှဲယူခဲ့သည့် ဦးသိန်းစိန် အစိုးရသစ် လက်ထက်၌ ပြည်နယ်အစိုးရများအနက် ရခိုင်တွင်သာ တိုင်းရင်းသားပါတီ တခုတည်းမှ ဝန်ကြီး ၃ ဦးအထိိ အများဆုံး ပါဝင်ခြင်း ဖြစ်သည်။
တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့ကို ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ ဥပဒေချုပ်များဖြင့် ဖွဲ့စည်းထားပြီး၊ အုပ်ချုပ်မှုဆိုင်ရာ အငြင်းပွားမှုများကို ပြည်ထောင်စုအစိုးရက ဝင်ရောက်ညှိနှိုင်း ဖြေရှင်းနိုင်ခွင့်ရှိကာ ဆုံးဖြတ်ခွင့်လည်း ရှိကြောင်း ပြည်နယ်လွှတ်တော် ဥပဒေတွင် ပြဋ္ဌာန်းထားသည်။
ဝန်ကြီးများ စာရင်း
၁။ ဗိုလ်မှူးကြီး ထိန်လင်း (တပ်မတော်သား ကိုယ်စားလှယ်) လုံခြံုရေးနှင့် နယ်စပ်ရေးရာ
၂။ ဦးကျော်ခင် (ကြံ့ဖွံ့) လယ်ယာ၊ သစ်တောနှင့်ဆည်မြောင်း
၃။ ဦးလှဟန် (ကြံ့ဖွံ့) သာသနာရေးနှင့် လူဝင်မှုကြီးကြပ်ရေး
၄။ ဒေါက်တာ အောင်ကျော်မင်း (ကြံ့ဖွံ့) ကျန်းမာရေးနှင့် ပညာရေး
၅။ ဦးမြအောင် (ကြံ့ဖွံ့) စီးပွားရေး
၆။ ဦးစိုးအေး (ကြံ့ဖွံ့) ပို့ဆောင်ဆက်သွယ်ရေး
၇။ ဦးအောင်သန်းတင် (RNDP) ယဉ်ကျေးမှုနှင့် လူမှုကယ်ဆယ်ရေး
၈။ ဦးကျော်သိန်း (RNDP) သားငါး၊ သတ္ထုနှင့် စွမ်းအင်
၉။ ဦးသာလူချေ (RNDP) စက်မှု၊ အလုပ်သမား၊ အားကစား