ရေဘေးကြောင့် ထိုင်းတောင်ပိုင်း မြန်မာများ အလုပ်ရပ်နား

ရေဘေးကြောင့် ထိုင်းတောင်ပိုင်း မြန်မာများ အလုပ်ရပ်နား
by -
ကိုပေါက်

နယူးဒေလီ (မဇ္စျိမ)။ ။ ထိုင်းနိုင်ငံတောင်ပိုင်းဆူရတ် ဌာနီခရိုင်တွင် ၅ ရက်ကြာ မိုးရွာပြီး ရေကြီး သဖြင့် စက်ရုံလုပ်သား မြန်မာဦးရေထောင်နှင့် ချီ၍ရေဘေး သင့်ကာ အလုပ်အကိုင်များရပ်နားထားရ သည်ဟု သိရသည်။

မတ်လ ၂၄ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့အထိ ရွာခဲ့သည့် မိုးကြောင့် စက်ရုံတချို့ နစ်မြုပ်သည်အထိပင်ဖြစ်ခဲ့ရ သလို၊ ရာဘာခြံ၊ ဆီအုန်းခြံ၊ ပန်းရန် လုပ်ငန်းများလည်း  ရပ်နားနေကြရခြင်း ဖြစ်သည်။

thai-flood

“စက်ရုံလည်ပတ်ဖို့ နေနေသာသာ ကျနော်တို့အခန်းကိုတောင် ပြန်လို့မရသေးဘူး။ ပြန်သွားတဲ့သူတွေက အဝေးကို ရှောင်သွားကြတာ။ ရေနည်းနည်းကျသွားတဲ့အခါ သွားလို့ရတဲ့ နေရာကို ထွက်သွားကြတာ။ ခေါင်မိုးလောက်ပဲ ပေါ်တာဆိုတော့ ကိုယ့်အလုပ်သမား တန်းလျားတွေကိုတော့ သွားလို့မရသေးဘူး” ဟု ရာဘာတုံးစက်ရုံ အလုပ်သမားတဦးက မဇ္စျိမကို ပြောသည်။

စက်ရုံပိုင်ရှင်များက အလုပ်သမားများကို ရာဘာခြံ၊ ဆီအုန်းခြံ၊ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများတွင် ခိုလှုံရန် နေရာချပေးထားရာ အချို့ဘုန်းကြီးကျောင်းများတွင် ထောင်နှင့်ချီ၍ ခိုလှုံနေခဲ့ကြရသည်။

“အခု ကျနော်တို့ရောက်နေတာက ပင်လယ်အစားအစာ နိုင်ငံခြားပို့တဲ့ စက်ရုံပေါ့။ မြန်မာအလုပ်သမား ၅၀၀ ကျော် ရှိတာ။ ဒီစက်ရုံက ရာခိုင်နှုန်းပြည့်ကြီးကို မြုပ်သွားတာ၊ ခေါင်မိုးက အစ။ ခုတော့ ရေပြန်ကျလို့တဝက်ပေါ်လာပေ မယ့် လူတွေတော့ ပြန်နေလို့ မရဘူးပေါ့” ဟု သွားရောက်ကူညီနေသည့် ပညာရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း FED မှ ဒါရိုက်တာ ဦးထူးချစ်က မဇ္စျိမကို ပြောသည်။ ထိုဒေသအတွင်း ရှိနေသည့် စက်ရုံနှင့် လုပ်ငန်းများတွင် ရေဘေးဒဏ်သင့် မြန်မာလုပ်သား တသောင်းကျော် ရှိမည်ဟု သူကဆိုသည်။

“သစ်စက်တွေရော ကျနော်တို့ သွားလို့မရတဲ့ နေရာတွေ အများကြီးပဲ။ စက်ရုံပေါင်း ဘယ်နှရုံ၊အကြီးအသေးတွေ က ကျနော်တို့ အတိအကျတော့ မသိဘူး။ ရာဘာခြံတွေ၊ ပန်းရန်ဆိုက်တွေ၊ ဆီအုန်းခြံတွေ၊ ပုဇွန်၊ ငါး၊ မိချောင်း မွေးမြူရေး လုပ်ငန်းတွေတိုင်းမှာ ကျနော်တို့ မြန်မာအလုပ်သမားတွေ ရှိတယ်။ အဲဒါအပေါ်မှာ အခြေခံပြီးတော့ မြန်မာလုပ်သားဦးရေ ခန့်မှန်းကြည့်ရတာပါ။ ရေမလွှမ်းမိုးခင်တုန်းက ကျနော်တို့အဖွဲ့က အဲဒီမှာစာသင်ကျောင်း တွေ၊ စာကြည့်တိုက်တွေဖွင့်ဖို့ သွားဖူးတာတွေ ရှိတယ်။ အဲဒီမှာ မြန်မာလုပ်သား ဘယ်လောက်ရှိတယ်ဆိုတာ နဂိုကတည်းက ခန့်မှန်းထားတာပါ” ဟု သူက ပြောဆိုသည်။

ထို့အပြင် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေကြသည့် NGO အဖွဲ့အစည်းများက အဆိုပါ ဆူလတ်ခရိုင်တွင် မြန်မာအလုပ်သမား တသိန်းကျော် ရှိသည်ဟု ခန့်မှန်းထားသည်ဟုလည်း ဆိုသည်။

FED မှ ကိုထွန်းနိုင်ကလည်း “ခေါင်မိုးပဲ မြင်ရတဲ့ နေရာတွေ အများကြီးပါပဲခင်ဗျ။ ပတ်ဝန်းကျင်က စက်ရုံတွေ အကုန်ရေမြုပ်နေတော့ လောလောဆယ် ကုန်းမြင့်ပေါ်မှာ စက်ရုံတရုံရှိတယ်။ အဲဒီမှာ အားလုံး စုပြီးလာနေကြ တယ်ခင်ဗျ။ အဲဒီစက်ရုံကပဲ နေဖို့ အကူအညီ ပေးထားတယ်” ဟု ပြောသည်။

ရေလွှမ်းဒေသရှိ စက်ရုံများတွင် ထိုင်းလုပ်သား အနည်းငယ် ရှိသော်လည်း သူတို့အိမ်များဆီပြန်ကုန်ကြပြီဖြစ် သည်။

ထိုင်းအစိုးရအနေဖြင့် စတင်ရေကြီးချိန်က မြန်မာအလုပ်သမားများအတွက် ထမင်းထုပ်များအားရဟတ်ယာဉ် များဖြင့် လိုက်လံဝေငှပေးခဲ့သလို၊ ထိုင်းစစ်တပ်ကလည်း အမြန်ရေယာဉ်များဖြင့် လိုက်လံကူညီပေးကာအလုပ် ရှင်များကပါ ၎င်းတို့အလုပ်သမားများအတွက် ကူညီမှုများ ရှိခဲ့သည်။

FED ကလည်း ဆန်၊ ဆီ၊ ကြက်သွန်၊ ငါးသေတ္တာဗူး စသည်တို့ ထောက်ပံ့နေပြီး ကျန်းမာရေး စောင့်ရှောက်မှုပါ ဆောင်ရွက်ပေးနေသည်ဟု ဆိုသည်။

စက်ရုံများတွင် လုပ်အားခငွေ ပေးချေသည့်စနစ်မှာ စက်ရုံတခုနှင့်တခု မတူကြပေ။ အချို့သည် လစဉ်၊ အချို့မှာ ၁၅ ရက်တခါ ရှင်းပေးလေ့ရှိရာ အလုပ်ပျက်ခဲ့ရသည့် နေ့ရက်များအတွက် အလုပ်ရှင်များကမည်သို့ဖြေရှင်းပေး မည်မှာ မရေရာသေးပေ။

“ထုတ်မပေးရသေးတဲ့ လစာကိစ္စကိုတော့ သူဋ္ဌေးတွေက အလုပ်ပြန်ဆင်းတဲ့အခါကျမှ အဲဒီကိစ္စ ပြောမယ်တဲ့” ဟု မြန်မာအလုပ်သမားတဦးက မဇ္စျိမကိုု ပြောပြသည်။

သူက ဆက်ပြီး “ကျနော်တို့ စက်ရုံဆို တလလောက်တော့ စောင့်ရဦးမယ်။ သူဋ္ဌေးနဲ့တော့ အဆက်အသွယ်ရှိ ပါတယ်။ လာခေါ်လို့ရတဲ့အချိန် သူတို့ လာခေါ်မှာပါ။ ရေပြန်ကျသွားရင်တောင် စက်ရုံသန့်ရှင်းရေးတို့၊ ပစ္စည်းတွေ ပြန်လုပ်ရမှာတို့က ရှိသေးတယ်။ အလုပ်ကတော့ ပြန်ရမှာပါ။ လစာလည်း ပေးမယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။

အအေးရိုက်စက်ရုံတွင် ၃ နှစ်ကျော် လုပ်ခဲ့သည့် အလုပ်သမားတဦးက “ကျနော်တို့စက်ရုံမှာ ပိုက်ဆံရှင်းတာ မှန်တယ်။ အခုလို ပျက်ရက်တွေအတွက်လည်း သူဋ္ဌေးက ပေးမယ်လို့တော့ ပြောသံကြားရတယ်။ ဟုတ်မဟုတ် မသိသေးဘူးပေါ့။ သူဋ္ဌေးက အဝေးမှာနေတော့ သူနဲ့ တိုက်ရိုက် အဆက်အသွယ် မရဘူးပေါ့။ ကြားထဲက ကိုယ်စားလှယ်လောက်ပဲ ပြောလို့ရပါတယ်” ဟု ဆိုသည်။

ဆူလတ်ခရိုင်တွင် သစ်စက်၊ ပရိဘောဂစက်ရုံ၊ ပင်လယ်အသားဗူးစက်ရုံ၊ အအေးခန်းစက်ရုံ၊ ရာဘာတုံးစက်ရုံများ တည်ရှိသည်။

ထိုဒေသအတွင်း လွန်ခဲ့သော ၂ နှစ်ခန့်က သာမန်ရေကြီးမှုတခု ဖြစ်ခဲ့သော်လည်း ယခုလို မဆိုးဝါးခဲ့ပေ။

“လွန်ခဲ့တဲ့ ၃ လလောက်ကလည်း တော်တော်ကြီးဖူးတယ်။ လူခါးစောင်းကျော်ကျော်၊ အိမ်ပြူတင်းပေါက်လောက် ထိ ရေတက်ဖူးတယ်။ အဲဒီတုန်းက ၆-၇ ရက်လောက်ပဲ အလုပ်ပျက်ခဲ့တယ်” ဟု အအေးရိုက်စက်ရုံတခုတွင် ၃ နှစ်ကျော် လုပ်ခဲ့သည့် အလုပ်သမားတဦးက ပြောပြသည်။ ယခုတကြိမ်တွင် လုပ်ငန်းခွင် ပြန်ဝင်ရန် နောက်ထပ် ၁၀ ရက် အနည်းဆုံး ကြာမြင့်ဦးမည်ဟု ဆိုသည်။
 
ထိုင်းတောင်ပိုင်း ချွန်ဖွန်း၊ ထရန်၊ ဆောင်ခလ၊ ဖန်င၊ ဆူရတ်ဌာနီ၊ နခွန်ဆီထာမာရတ်၊ ကရာဘီနှင့် ဖတ်ထာလုံ ခရိုင်များတွင် မတ်လ ၂၄ ရက်နေ့ကတည်းက ရွာသွန်းသော မိုးများကြောင့် ရေကြီးမှုများနှင့် ရွှံ့ပြိုမှုများ ဖြစ်ပေါ်ကာ ဧပြီလ ၅ ရက်နေ့အထိ လူ ၅၃ ဦး သေဆုံးပြီး လူပေါင်း ၃ သောင်းကျော်မှာ ရောဂါဘယများ ခံစားနေကြရကြောင်း တရားဝင် သတင်းထုတ်ပြန်ချက်များကို ကိုးကား၍ ထိုင်းနိုင်ငံရှိ UPI သတင်းဌာနက အင်္ဂါနေ့တွင် ဖော်ပြလိုက်သည်။

Most read this week