ဘန်ကောက်(မဇ္စျိမ) ။ ။ ရန်ကုန်ရှိ ရွှေနန်း တော်ရွှေဆိုင် ကြော်ငြာရိုက်ကူးနေချိန်တွင် ရွှေဆိုင် အား ဓားပြတိုက်ပါသည်ဆိုသောကောလာ ဟလများ ထွက်သွားခြင်းဖြစ်သည်ဟု ဆိုင်တာဝန်ခံ တဦးက ပြောသည်။
ရန်ကုန်မြို့၊ လသာမြို့နယ်၊ မဟာဗန္ဓုလလမ်းနှင့် လမ်းမတော်လမ်းထောင့်ရှိ ရွှေနန်းတော် စိန်ရွှေရတနာဆိုင်ကို ဓါးပြဝင်တိုက်သည်ဆိုသော ကောလဟာလ အင်္ဂါနေ့ ညနေက စတင်ထွက်ပေါ်ခဲ့ခြင်း ဖြစ်ပြီး ရွှေဆိုင်ကြော်ငြာ ရိုက်ကူးချိန် လာရောက်ကြည့်ရှုသူ များပြားလွန်း၍ ရဲလုံခြံုရေး ယူထားရခြင်းသာ ဖြစ်ကြောင်း မဇ္စျိမကို ပြောသည်။
“မနေ့က ညနေက ကျမတို့ရွှေဆိုင်အတွက် နေတိုးနဲ့ဝတ်မှုန်ရွှေရည်တို့ ကြော်ငြာရိုက်တာပါ။ နောက်နေ့လည်း ရိုက်ဦးမှာပါ။ လူတွေကအရမ်းများလို့လေ၊ တံခါးတွေအပေါ်တက်လို့ အခုလိုလုပ်ထားရတာပါ” ဟု သူမက ပြောသည်။
၄ ရက် ဆက်တိုက် ကြော်ငြာ ရိုက်ကူးမည်ဖြစ်ပြီး ရွှေဆိုင်ကို ဆက်လက်ဖွင့်ထားကြောင်း၊ ညနေပိုင်းအချိန်များတွင် ကြော်ငြာရိုက်ကူးမည်ဖြစ်ရာ မင်းသား၊ မင်းသမီးများကို မည်သူမဆို လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သူမက ပြောသည်။
“မနက်ကတည်းကမေးနေကြလို့ ဖြေရှင်းနေရတယ်” ဟုလည်း သူမက ဆိုသည်။
ရွှေနန်းတော် ရွှေဆိုင်ကို ပိုင်ဆိုင်သူများမှာ ဒေါက်တာ အောင်ကျော်ဝင်းနှင့်ဇနီးဖြစ်သူ ဒေါက်တာ သက်သက်ခိုင် တို့ဖြစ်ကြသည်။ ဒေါက်တာသက်သက်ခိုင်သည် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ထွန်းအိန္ဒြာဗို နှင့် ညီအစ်မ တော်စပ်သူ ဖြစ်သည်။
ဇန်နဝါရီလက ထိမ်းမြားမင်္ဂလာဆောင်ခဲ့သည့် ရုပ်ရှင်သရုပ်ဆောင် ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့ မင်္ဂလာပွဲတွင် ပိုင်ရှင် ဒေါက်တာ အောင်ကျော်ဝင်းမှ စိန်ရတီချိန် ၃ဝဝ ကျော်ကို လက်ဝတ်ရတနာ ဆင်မြန်းပေးခဲ့ဖူးသည်။