စစ်တွေ ရခိုင်ရိုးရာ သင်္ကြန် စည်ကား သိုက်မြိုက်စွာ ကျင်းပမည်

စစ်တွေ ရခိုင်ရိုးရာ သင်္ကြန် စည်ကား သိုက်မြိုက်စွာ ကျင်းပမည်
by -
မောင်အေး

ယခုနှစ် စစ်တွေ သင်္ကြန်ကို ရခိုင်ယဉ်ကျေးမူ အစဉ်အလာနှင့် အညီ ရေလောင်း မဏ္ဍပ်များ ဆောက်လုပ်ကာ စည်ကား သိုက်မြိုက်စွာ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

ဦးဆောင် စီစဉ်ရာတွင် ပါ၀င်သူ တစ်ဦးက “ နအဖ စစ်အစိုးရ အုပ်ချုပ်ခဲ့တဲ့ သက်တမ်းတလျှောက်မှာ စစ်တွေ သင်္ကြန်ကို ရခိုင်ရိုးရာ အစဉ်အလာနဲ့ အညီ တရားဝင် ကျင်းပခွင့်မရခဲ့ကြပါဘူး။ ၀န်ကြီးဌာန မဏ္ဍပ်တွေ အပါအဝင် ဗဟိုမဏ္ဍပ်တွေ အကုန်လုံးမှာ ဗမာလိုဘဲ ပိုက်နဲ့ ရေကစားခဲ့ကြပီး ရခိုင်ရိုးရာ သင်္ကြန်ကို အားပေး အားမြှောက် ပြုလုပ်ခဲ့တာတွေ မရှိခဲ့ပါဘူး။ ဒီနှစ် သင်္ကြန်မှာတော့ စစ်တွေမှာရှိတဲ့ လူမူရေး အဖွဲ့ပေါင်းစုံ ရပ်ကွက်ပေါင်းစုံက စုုပေါင်းပြီး မိဇံရပ်ကွက်မှာ ဗဟို ရေလောင်း မဏ္ဍပ် တစ်ခုကို ဆောက်လုပ်ပြီး ရခိုင်ရိုးရာ သင်္ကြန်ကို ဖေါ်ထုတ် ကျင်းပသွားဖို့ စီစဉ်ထားပါတယ်” ဟု ပြောသည်။
rakhine_thangran

အဆိုပါ သင်္ကြန်မဏ္ဍပ်တွင် ရပ်ကွက်ပေါင်းစုံမှ ပါ၀င်နိုင်အောင် စီစဉ်ထားပြီး သံချပ်အဖွဲ့များ၊ ရခိုင်ရိုးရာ အကအဖွဲ့များကိုလည်း ဖိတ်ခေါ်ကာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

“ရည်ရွယ်ချက်ကတော့ ကိုယ့်ရခိုင်ရိုးရာ ယဉ်ကျေးမူတွေကို ကိုယ်တို့ ဖေါ်ထုတ်မယ်။ကိုယ်ရခိုင်ထုံးတန်းစဉ် လာတွေကို မပျောက်ပျက်ရအောင် ကိုယ်တို့ ထိန်းသိမ်းမယ်ဆိုတဲ့ ရည်ရွယ်ချက်ပါဘဲ။ အခုဆိုရင် ရပ်ကွက် အလိုက်ငွေတွေ ကောက်ခံပြီး စီစဉ်ကြပါပြီ။ ရခိုင်ရိုးရာအက အဖွဲ့တွေနဲ့ သံချပ်အဖွဲ့တွေကို လည်း အကတိုက် လေ့ကျင့်နေကြပြီး ”ဟု သူကပြောသည်။

နဖအ အုပ်ချုပ်သော နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း ရခိုင်ပြည်နယ် မြို့တော် စစ်တွေ ဗဟိုမဏ္ဍပ်နှင့် တခြား ရေကစား မဏ္ဍပ်များတွင် ရခိုင်းရိုးရာ သင်္ကြန်ပွဲတော်ဟု စာတန်းကို ရေးထိုးခွင့်မရဘဲ မြန်မာရိုးရာ သင်္ကြန်ပွဲတော်ဟုသာ စာတန်းရေးထိုးခဲ့ကြရပြီး ရခိုင်ရိုးရာ သင်္ကြန်ကို မှေးမှိန်အောင် ပြုလုပ်ခဲ့သည်ဟု သူက ပြောသည်။

“ စစ်တွေမှာသာမက ပါဘူး။ တခြားမြို့တွေမှာလည်း ရခိုင်သင်္ကြန်ကို အစိုးရက အားပေး အားမြှောက် လုပ်တာ မရှိခဲ့တဲ့ အတွက် ရခိုင်သင်္ကြန်ဟာ မှေးမှိန်သွားခဲ့ရပါတယ်။ လူတိုင်းလိုလိုက ပိုက်လုံးနဲ့ ရေကစား ရတာကို ခုံမင်သွားပြီး လှေထဲမှာ ရေဖြည့်ပြီး ကစားရတဲ့ အပေါ် စိတ်မဝင်စား ဖြစ်သွား ခဲ့ရပါတယ်။ အဓိကတော့ အုပ်ချုပ်သူတွေက တမင်ကို ရည်ရွယ်ချက် ရှိရှိ ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်မှာတော့စစ်အစိုးရ လည်း မရှိတော့ဘူးဆိုတော့ ကိုယ့်ရခိုင်ရိုးရာ သင်္ကြန်ကို ကိုယ်တို့ကျင်းပဖို့ စီစဉ်ရတာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

အလားတူ ရခိုင်ပြည်နယ်မှ မြို့နယ်များတွင် ရခိုင်ရိုးရာ သင်္ကြန်မဏ္ဍပ်များကို ရှေးရိုးရာ ယဉ်ကျေးမူ အစဉ်အလာ အတိုင်း ကျင်းပရန် စီစဉ်နေကြကြောင်း သတင်း ရရှိသည်။

Most read this week