ချင်းမိုင် (မဇ္ဈိမ) ။ ။ လားဟူ၊ ဝ' နှင့် အခြားတောင်ပေါ်သား အသုဘရှု လူ ၁ဝဝ ကျော်သည် သူတို့၏ မိတ်ဆွေရင်းတဦးဟု ယူဆသော အမေရိကန်လူမျိုး CIA ဝန်ထမ်း ဟောင်း၏ အသုဘ ဝတ်ပြုဆုတောင်းပွဲနှစ်ခု အနက် ပထမတခု ကျင်းပရန် ချင်းမိုင်မြို့ရှိ ပရိုတက်စတင့် ဘုရားကျောင်းတခုအတွင်း တနင်္လာနေ့ ညတွင် စုပြံုတိုးဝှေ့ရောက်ရှိ ခဲ့ကြသည်။
ဝီလီယံ (ဘီလျံ) ယန်းသည် ချင်းမိုင်တွင် သောကြာနေ့က ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားပုံရသည်။ ခေါင်းတွင် သေနတ်ဒဏ်ရာ တချက် ရှိနေသည်။ လက်တဖက်တွင် သေနတ်ကိုင်ထားပြီး အခြားတဖက်တွင် လက်ဝါးကားတိုင်တခု ကိုင်ထားသည်ကို မြင်တွေ့ခဲ့ရသည်ဟု သတင်းရင်းမြစ်တခုက ပြောသည်။
သူ့ကို မြေမြှုပ်သင်္ဂြိုဟ်သည့်အခါ ဘားမားရိန်းဂျားအဖွဲ့ကသေနတ် ၂၁ ချက်ပစ်ဖောက်ကာ ဂုဏ်ပြုမည် ဖြစ်သည်။ အဆိုပါ အဖွဲ့သည် မြန်မာဒုက္ခသည်များကို နယ်စပ်ဖြတ်ကျော်ပြီး ဆေးကုသပေးနေသော အဖွဲ့ဖြစ်သည်။
ယန်းသည် မြန်မာနိုင်ငံတွင် လွန်ခဲ့သော ရ၆ နှစ်က ထင်ရှားသော ခရစ်ယာန်မိသားစုတစုမှ မွေးဖွားလာ ခဲ့သည်။ သူသည် ရှမ်းနှင့် လားဟူကျေးရွာများအတွင်း ကြီးပြင်းလာခဲ့ပြီး၊ သူ၏ နိုင်ငံခြားသားအဆက် အသွယ်များနှင့် မိတ်ဆွေများကြောင့် နောင်အခါ အမေရိကန်က လာအိုနိုင်ငံတွင် ဆင်နွှဲနေသော `လျှို့ဝှက်စစ်ပွဲများ´ အတွင်း CIA အတွက် တာဝန်ထမ်းဆောင်ရာ၌ အထူးအသုံးတည့်ခဲ့သည်။
ဘီလ်ယန်း၏ အဘိုးသည် အမေရိကန်နိုင်ငံအတွင်း သက်တောင့်သက်သာ ဘဝကို စွန့်လွှတ်ကာ ၁၉ ရာစု နှောင်းပိုင်းက သား ဟဲရိုး (ဘီလ်ယန်း၏ ဖခင်) နှင့်အတူ ခရစ်ယာန် တရားဟောဆရာအဖြစ်ရောက်ရှိလာခဲ့ သည်။ ထို့နောက် ဒုတိယကမ္ဘာစစ် ကာလနှင့် မော်စီတုံး၏ ကွန်မြူနစ်ပါတီက တရုတ်နိုင်ငံတွင်အောင်ပွဲရခဲ့ သည့် ကာလများအတွင်း တရုတ်နိုင်ငံ တောင်ပိုင်းပြည်နယ်များအတွင်း သူလျှိုအဖြစ် အမှုထမ်းရန် အမေရိကန်က ဆင့်ခေါ်ခြင်း ခံခဲ့ရသည်။
ဘီလ်ယန်းကလည်း သူ့ဖခင် ခြေရာနင်းကာ CIA ၏ ထောက်လှမ်းရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။ အမေရိကန်က `လျှို့ဝှက်စစ်ပွဲ´ ဆင်နွှဲနေသော ဒေသအတွင်း ဘာသာစကား ကျွမ်းကျင်မှု၊နယ်မြေကျွမ်း ကျင်မှု၊ ဓလေ့ထုံးတမ်းများ နားလည် ကျွမ်းကျင်မှုများကြောင့် သူ့ကို CIA က အထူးသဘောကျခဲ့သည်။
တကယ့်စစ်ပွဲကြီးကို အိမ်နီးချင်း ဗီယက်နမ်၌ ဆင်နွှဲသောအခါ ဘီလ်ယန်းသည် လားဟူနှင့် ဝ’တိုင်းရင်းသား များ ပါဝင်သည့် စစ်တပ်ငယ်တခု ဖွဲ့ကာ လာအိုထဲ ဖြတ်သန်းသွားသည့် မြောက်ဗီယက်နမ်၏ထောက်ပံ့ရေး လမ်းကြောင်း ဟိုချီမင်းလမ်းမကြီးကို ငွေပေး၍ ဖြတ်တောက် နှောင့်ယှက်တိုက်ခိုက်စေခဲ့သည်။
ဗီယက်နမ် စစ်ပွဲကာလအတွင်း လာအိုသည် တရားဝင်အားဖြင့် ကြားနေနိုင်ငံတခုဖြစ်ပြီး၊ လာအိုနယ်မြေပေါ်၌ ပြုလုပ်သော အမေရိကန် စစ်ရေးအစီအစဉ် အားလုံးသည် ထိပ်တန်းလျှို့ဝှက်ဖြစ်ကာ အများစုကိုယန်းကဲ့သို့ သော CIA သူလျှိုများဖြင့် ဖွဲ့ စည်းလုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။
စစ်ဆင်ရေး အစောပိုင်းကာလများအတွင်း ယန်းကို လာအိုအလယ်ပိုင်း၌ လေကြောင်းမှ ချပေးခဲ့ကာ လေတပ်အခြေစိုက် စခန်းတခု ထူထောင်ရန် သင့်တော်မည့် နေရာတခု ရှာဖွေခိုင်းခဲ့သည်။တောင်ထူထပ် သော ဒေသအတွင်း ခြေလျင်လှည့်လည်ကာ ရှာဖွေခဲ့ရာ နောက်ဆုံးတွင် ပုန်းကွယ်နေသောတောင်ကြား လွင်ပြင်အတွင်း လုံချန် အမည်ရှိ ဒေသကို တွေ့ရှိခဲ့ကာ နောင်တွင် အရှေ့တောင်အာရှအတွင်း လေယာဉ် အဆင်းအတက် အများဆုံး လေယာဉ်ကွင်းတခု ဖြစ်လာခဲ့သည်။ CIA က ဖန်တီးမွေးထုတ်ထားသော အဲအမေရိက လေကြောင်းလိုင်း၏ အခြေစိုက်စခန်းလည်း ဖြစ်လာခဲ့သည်။
လုံချန်ကို မည်သည့်မြေပုံပေါ်တွင်မျှ ရှာမတွေ့နိုင်ပါ။ လေယာဉ်ကွင်းအနီးတွင် မြို့ငယ်လေးတခုပင်ပေါ်ထွက် လာခဲ့သေးသည်။
“ အဲဒီမှာ ပြည့်တန်ဆာခန်း ရှိတယ်၊ အရက်ဘား ရှိတယ်၊ ကာဆီနို လောင်းကစားဝိုင်း ရှိတယ်၊ အသင့်စား အစားအသောက်ရောင်းတဲ့ ဆိုင်တွေ ရှိတယ်။ အမေရိကန်စစ်သားတွေ လိုတာပြော အကုန်ရစေရမယ်’’ ဟု ယန်းက ချင်းမိုင်မြို့ပြင်ရှိ သူ၏ စုတ်ချာချာအိမ်လေးအတွင်း နာရီပေါင်းများစွာကြာသည့်စကားဝိုင်းများ အတွင်း အမှတ်တရ ပြန်ပြောင်း ပြောပြခဲ့သည်။
သူက CIA ၏ လျှို့ဝှက်စစ်ဆင်ရေးများကို ဘဏ္ဍာရေး အထောက်အပံ့ ပေးခဲ့သည့် မူးယစ်ဆေးဝါးမှောင်ခို လုပ်ငန်း များ၌ အမေရိကန်တို့ ပါဝင်ပတ်သက်ခဲ့သည်များကိုသာ ပြန်ပြောင်းပြောပြခဲ့သည်။ ၁၉၆ဝ စုနှစ်များအတွင်း ယန်းသည် CIA နှင့် လမ်းခွဲခဲ့ သည်။ အမေရိကန်၏ အရှေ့တောင်အာရှ မူဝါဒများအပေါ် သဘောထားကွဲလွဲပြီး လမ်းခွဲခဲ့ခြင်း ဖြစ်သည်။
CIA သူလျှိုဘဝတွင် ယန်း၏ အခြေစိုက်စခန်းသည် လာအိုတဖက်ကမ်း ထိုင်းနိုင်ငံဘက်ခြမ်းမဲခေါင်မြစ်ကမ်း ဘေး ဆောက်လုပ်ထားသော နေချင့်စဖွယ် အိမ်လေးတလုံး ဖြစ်သည်။ သူသည် ပါတီပွဲကျင်းပရသည်ကို နှစ်ခြိုက်သည်။ သူ့အိမ်သည် အဲအမေရိက လေကြောင်း အခြေစိုက်စခန်းဆီ သွားရောက်ကြမည့်လေယာဉ် မယ်များ၊ သူနာပြုများ စတည်းချရာ နေရာတနေရာ ဖြစ်လာတော့သည်။ သူ လက်ထပ်ခဲ့သေးသည်။ သို့သော် ဇနီးသည်က အမေရိကန်ပြန်ပြီး စားပွဲကုလားထိုင်နှင့် လုပ်ရသော တည်တည်ငြိ်မ်ငြိမ် အလုပ်ကို လုပ်ပါရန် အတင်းဖိအားပေးသည့်အတွက် ကွာရှင်းပြတ်စဲခဲ့ရသည်။
CIA မှ ထွက်ပြီး ထိုင်းနိုင်ငံတွင်း ပြန်လည်ရောက်ရှိသည့်အခါ အမေရိကန် မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့ DEA က သူ့ကို အတင်းဆွဲခေါ်ပြန်သည်။ CIA လျှို့ဝှက်သူလျှိုအဖြစ် လာအိုတွင် တာဝန်ထမ်းဆောင်စဉ်သူရရှိခဲ့ သော အဆက်အသွယ်များမှာ DEA အတွက် တန်ဖိုးမဖြတ်နိုင်အောင် အသုံးဝင်လှသည်။ ကျွနု်ပ်တို့ စကားပြောနေစဉ်အတွင်း မကြာခဏ တယ်လီဖုန်း ဝင်လာကာ ယန်းက သူကျွမ်းကျင်သောတောင်ပေါ်သား လူမျိုးစု ဘာသာစကား ၄-၅ မျိုးအနက်မှ တမျိုးမျိုးဖြင့် ပြန်ပြောနေသည်ကို မကြာခဏ ကြားခဲ့ရသည်။
ယန်းသည် ထိုင်းမူးယစ်ဆေးဝါး အရာရှိများနှင့် နီးကပ်စွာ လက်တွဲဆောင်ရွက်ခဲ့သည်။ လာအိုနှင့်မြန်မာနိုင်ငံ အတွင်းရှိ သူ့အဆက်အသွယ်များထံမှ ရရှိသော သတင်းများကြောင့် မှောင်ခို ခိုးသွင်းလာသော ဘိန်းနှင့် ဘိန်းဖြူ အများအပြားကို အကြိမ်ပေါင်းများစွာ ဖမ်းဆီးရမိခဲ့သည်။
သူသည် မြန်မာနယ်စပ် ပြည်နယ်များအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖော်ထုတ်တိုက်ဖျက် နေသော အဖွဲ့အစည်းများအတွက်လည်း မိတ်ဆွေကောင်းတဦး ဖြစ်သည်။
ချင်းမိုင်ဘုရားကျောင်းအတွင်း ထားရှိသော သူ့ခေါင်းပေါ်တင်ထားသည့် ပန်းခွေများတွင်`အမည်မသိစစ် သည်များ´ ဟု ခေါ်ဆိုကြသည့် လူမသိသူမသိ အဖွဲ့အစည်း တရပ်ဖြစ်သော ဘားမားရိန်းဂျားအဖွဲ့ကပေးပို့ ထားသည့် ပန်းခြင်းလည်း ပါသည်။
CIA အတွက် သူလုပ်ခဲ့ရသော အလုပ်များထဲတွင် ရက်စက်ကြမ်းကြုတ်မှုများ ပါသည်ဆိုသည်ကို ကျနော်တို့နှင့် စကားဝိုင်းများအတွင်း ယန်းသည် မည့်သည့်အခါမျှ ဖော့ပြီး ပြောခဲ့သည်ဟူ၍ မရှိပါ။ လူအများအပြားကို သတ်ခဲ့ရမှုသည် သူ့ခရစ်ယာန်ဘာသာအပေါ် ယုံကြည်မှုကို ထိခိုက်နစ်နာစေခဲ့သည်။ ’’လူသတ်ရတာ ကျနော့်အလုပ်တခုပဲ။ ကျနော်တို့အလုပ်မှာ ကိုယ်က သတ်မလား၊ အသတ်ခံမလား၊ ဒါမျိုးတွေပဲ များတယ်’’ ဟု တခါတုန်းက သူ ပြောခဲ့ဖူးသည်။
သူထမ်းဆောင်ခဲ့သော တာဝန်များထဲမှ တခုမှာ သူ့မိတ်ဆွေ ထိုင်းနိုင်ငံမြောက်ပိုင်း DEA အဖွဲ့ တာဝန်ခံတဦး၏ ဇနီးကို ပြန်ပေးဆွဲ သတ်ဖြတ်ပစ်လိုက်သူများအား လိုက်လံခြေရာခံ ထောက်လှမ်းခဲ့ရမှု ဖြစ်သည်။
ဤအမျိုးသမီးကို သူ့သမီးနှင့်အတူ တွဲချည်ထားကာ ပစ်ကပ်အငှားယာဉ်ပေါ်တင်၍ မြို့တွင်း စျေးရှိရာသို့ မောင်းနှင်သွားခဲ့သည်။ ပုလိပ်များက ကားကို ဝိုင်းထားကာ နာရီပေါင်းများစွာကြာအောင် ယာဉ်မောင်းသူနှင့် ဆွေးနွေးညှိနှိုင်းပြီး လွတ်မြောက်စေရန် ကြိုးပမ်းခဲ့သည်။
“တချိန်လုံး သူက အမျိုးသမီးနားထင်မှာ သေနတ်ကို တေ့ထားတာ။ ကျနော်တို့ထင်တာက ဒီကောင် တော်တော် လေးကြာရင် ပင်ပန်းနွမ်းနယ်လာပြီး လွှတ်ပစ်လိုက်လိမ့်မယ်ထင်တာ။ မဟုတ်ဘူးဗျာ။ ချက်ချင်းကို ပစ်သတ်လိုက်တာ။ သူ့သမီးငယ်လေးကတော့ ရှင်တယ်’’။
ဤပြန်ပေးမှုနှင့် လူသတ်မှုအတွက် သင်္ကာမကင်းသူများ စာရင်းတွင် ဘိန်းဘုရင်ခွန်ဆာကိုလည်းသူထည့်ထား ခဲ့သေးသည်။ သို့သော် အမှုက လိုက်ရင်းလိုက်ရင်း ထိုင်းနိုင်ငံမြောက်ပိုင်း တောင်တန်းများပေါ်တွင်လမ်းစ ပျောက်သွားခဲ့ပြီး ဘယ်တော့မှလည်း မဖော်ထုတ်နိုင်ခဲ့တော့ပေ။
ခွန်ဆာကမူ သူ့ကို ဖမ်းဆီးရန် ရှာဖွေနေကြသူများအဖို့ ဘယ်တော့မှ မမိနိုင်သည့် ရန်သူတော် ဖြစ်ခဲ့သည်။ နောက်ဆုံး ရန်ကုန်တွင် အကျယ်ချုပ်နှင့်နေကာ ဘဝဆုံးသွားခဲ့သည်။ ရန်ကုန်ဆိုသည်မှာ ယန်းအတွက်၎င်း၊ DEA အတွက်၎င်း လက်လှမ်းမမီသော နေရာဖြစ်သည်။
CIA နှင့် ခွါပြဲခဲ့သော်လည်း ယန်းကို ကြည့်ရသည်မှာ ထိုကာလက အဖြစ်အပျက်များကို လွမ်းတသသ ဖြစ်နေပုံရသည်။ ချင်းမိုင် သူ့အိမ်ဧည့်ခန်းအတွင်း မှိန်ဖျော့ဖျော့ ဖြစ်နေပြီဖြစ်သည့် ဓာတ်ပုံတပုံတွင်တောခုတ် ဓားတချောင်း ကိုင်လျက် တောကြီးမျက်မည်းအတွင်း ရိုက်ကူးထားသည့် သန်သန်မာမာ ယောက်ျားတဦး၏ ပုံကို တွေ့နိုင်သည်။
“ဟုတ်တယ်၊ ဒါ ကျနော့်ပုံပေါ့၊ အင်း … အဲဒီတုန်းကတော့ဗျာ …..’’ ဟု ယန်းက ပြံုးပြီး ပြောနေသည်။