ချင်းမိုင် (မဇ္စျိမ) ။ ။အမျိုးသားဒီမိုက ရေစီ အားစုမှ သင်္ကန်းကျွန်းလွှတ်တော်အမတ် ဦးသိန်းညွန့် ဦးဆောင်သော အင်အားစုအချို့ ပဲ့ထွက်သွားခြင်းသာဖြစ်၍ NDF နှစ်ခြမ်းကွဲသည် ဆိုခြင်းအပေါ် မဆီလျော်ကြောင်း ဗဟိုဦးစီး ကော်မတီဝင် ဦးခင်မောင်ဆွေက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။
“နှစ်ခြမ်းကွဲတယ်ဆိုတာ မျှတူညီတူ ကွဲရမယ်၊ ဗဟိုဦးစီး ကော်မတီအဖွဲ့ထဲမှာ ၂ဝ ရှိရင် ဟိုဘက်ဒီဘက် ၁ဝ စီ ရှိရမယ်လေ၊ ဟိုဘက် ၁၅ ယောက် ဒီဘက် ၁ဝ ယောက် အဲဒီလို ကွဲမှသာလျှင် ကွဲတယ်ခေါ်တာကိုးဗျ၊ သူ့ဟာသူ ကွဲတယ်လို့ ပြောတဲ့ဟာက အဓိပ္ပာယ်မရှိပါဘူး၊ ကျနော်တို့နဲ့ ကွဲစရာအကြောင်းလဲ မရှိပါဘူး၊ အဲဒီတော့ NDF နှစ်ခြမ်းကွဲတယ်ဆိုတာ မဟုတ်ဘူးလို့ပဲ ပြောရမှာဖြစ်ပါတယ်” ဟု ဦးခင်မောင်ဆွေက ဆိုသည်။
အမျိုးသားဒီမိုကရေစီအင်အားစုဝင် ၈ ထောင်ကျော်နှင့် ဗဟိုကော်မတီဝင် ၆၁ ဦးအနက် ပါတီဝင် ၁ဝဝ ခန့် ပဲ့ထွက်သွားသည်ဟု ယုံကြည်ရသည်။ သို့သော် ခွဲထွက်အဖွဲ့က အင်အားကို ပြောရန် ငြင်းဆိုသည်။
တိုင်း ရ ခုနှင့် ပြည်နယ် ၄ ခုရှိ မြို့နယ်များတွင် NDF ပါတီရုံးခွဲများဖွင့်လှစ်ထားသည့်အနက်သင်္ကန်းကျွန်း အင်အားစုက ဦးသိန်းညွန့်ဘက် ပါသွားသည်။
“NDF အခြေအနေက ဆွေငြိမ်း (ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း) ခေါင်းဆောင်တဲ့ အုပ်စုကတစု သင်္ကန်းကျွန်းအခြေစိုက်တဲ့ ကျနော်ဦးဆောင်တဲ့အစုကတစု နှစ်စု ဖြစ်သွားပြီ၊ ဆွေငြိမ်းအုပ်စုနဲ့သင်္ကန်းကျွန်း အုပ်စု မတူတော့ဘူးပေါ့၊ နှစ်ခြမ်းကွဲတယ်ပဲပြောပြော နှစ်အုပ်စုပဲပြောပြော ကြိုက်သလို ဘာသာပြန်လို့ရတယ်” ဟု ဦးသိန်းညွန့်ကပြောသည်။
ရန်ကုန်တိုင်း မဲဆန္ဒနယ် အမှတ် ၃ မှ အမျိုးသားလွှတ်တော်အမတ် ဦးဘုန်းမြင့်အောင်၊သင်္ကန်းကျွန်းမဲဆန္ဒနယ် ၁ မှ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်အမတ် ဦးကျော်၊ သင်္ကန်းကျွန်း မဲဆန္ဒနယ် ၃ မှ ဒေါ်စန်းစန်းမြင့် နှင့် သင်္ကန်းကျွန်း NDF ဥက္ကဋ္ဌ ဦးဝင်းဆွေ၊ လသာ ပြည်သူ့လွှတ်တော်အမတ် ဦးကြည်မြင့် တို့လည်း သင်္ကန်းကျွန်းဦးဆောင်မှုအဖွဲ့တွင် ပါဝင်သည်။
NDF ဒုတိယ ဥက္ကဋ္ဌဟောင်း ဦးသိန်းညွန့်မှာ ၂ဝ၁ဝ နိုဝင်ဘာ ၁၇ ရက်ကတည်းက ပါတီမှထုတ်ပယ်ခံရပြီး ဖြစ်သည်။
ပါတီတွင်းကိစ္စများကို မီဒီယာသို့ တာဝန်မဲ့ပြောဆိုခြင်း၊ ပါတီဘဏ္ဍာရေး ကိစ္စများကို မီဒီယာများသို့ပြောဆို သည့် စွပ်စွဲချက်များဖြင့် ထုတ်ခံရသည်။
ဦးသိန်းညွှန့်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြန်လည်ပူးပေါင်းလိုကြောင်း လေသံပစ်ထားသော်လည်း ရွေးကောက်ပွဲဝင်ဖို့လိုသည်ဟု ဆိုသည်။
“NLD ထဲက ရွေးကောက်ပွဲ လမ်းကြောင်းကို ပြန်ဝင်မယ့် ရဲဘော်တွေ၊ အထူးသဖြင့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်မယ့် ရဲဘော်တွေ အားလုံးကို ကျနော် ပူပေါင်းကူညီဆောင်ရွက်ပေးဖို့ အဆင်သင့်ရှိတယ်။ ရွေးကောက်ပွဲ လမ်းကြောင်းကို ရွေးလာမယ်ဆိုရင်လဲ ကျနော့်မှာရင်တဲ့အင်အားတွေကို ဘာလုပ်ရမယ်ဆိုတာပြင်ဆင်ထားပြီး ပါပြီ” ဟု သူက ပြောသည်။
ရွေးကောက်ပွဲဝင်ရေး မဝင်ရေး သဘောကွဲပြီးနောက် ပါတီခွဲထောင်သွားကြသော NDF ခေါင်းဆောင် ဦးခင်မောင်ဆွေကတော့ လက်ရှိအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သောအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြန်လည်ပေါင်းစည်းရေးဝေးသွားပြီဟု ဆိုသည်။
“ဒီမိုကရေစီ လူ့အခွင့်အရေးဆိုတဲ့ မဟာဗျူဟာ ရည်မှန်းချက်မှာတော့ တူသော်လဲပဲ သွားပုံ သွားနည်းမှာ နည်းနည်းကွာနေတယ်၊ သူတို့က တိုက်ရိုက်သွားတယ်ဗျ၊ ကျနော်တို့က တိုက်ရိုက်မသွားဘူး၊ လူတိုင်း လူတိုင်းဟာ ဆင်းရဲမွဲတေမှု ပညာမတတ်မှု၊ အလုပ်အကိုင်မရှိမှု ဆိုတဲ့ လူမှုရေး နာကျင်မှုတွေကိုဖြည့်စည်းပြီး တော့မှ ဒီမိုကရေစီ လူ့အဖွဲ့အစည်းကို ရောက်မယ်လို့ ကျနော်တို့ ယူဆတဲ့အတွက်ကြောင့် အခြေအနေ အချိန်အခါနဲ့ ကိုက်ညီတဲ့ မူဝါကို ချထားတာဖြစ်တယ်၊ NLD က တန်းပြီးတော့ သွားတာဖြစ်တယ်။ ကျနော်တို့က တထောက်နားပြီးတော့မှ သွားတာဖြစ်တယ်” ဟု ဦးခင်မောင်ဆွေက ပြောသည်။
ညီညွတ်မှုအားနည်းသည်ဟု အပြစ်တင်ခံနေရသော NDF ပါတီတွင် မတ်လ လွှတ်တော်တွင်းဆွေးနွေးမှု များအတွင်း ပါတီတူ အမတ်အချင်းအချင်း အဆိုပြုချက်များကို ပြန်လည် ကန့်ကွက်မှုများဖြစ်ပေါ်ခဲ့သေး သည်။