နယူးဒေလီ (မဇ္စျိမ)။ ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD လူငယ်များနှင့်သာမန်အရပ်သား များ စုဖွဲ့ထားသည့် ရန်ကုန်တိုင်း တောင်ဒဂုံမြို့ရှိ သွေးအကူအညီပေးရေးအဖွဲ့မှ ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင်ကို စနေနေ့ ညနေတွင်အထူးရဲ သတင်းတပ်ဖွဲ့က အောင်သပြေစစ်ကြောရေး စခန်းသို့ ခေါ်ဆောင်သွားကြောင်းစုံစမ်းသိရှိ ရသည်။
စနေနေ့ ညနေ ၄ နာရီခန့်တွင် သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံသို့ သွားရောက်သွေးလှူဒါန်းရန်တောင်ဒဂုံမြို့ နယ် ၁၉ ရပ်ကွက်ရှိ သူ၏ နေအိမ်မှအထွက် အထူးရဲသတင်းတပ်ဖွဲ့ ဒုတပ်ကြပ်မြင့်ဆွေက စစ်ကြောရေးသို့ ခေါ်ဆောင်သွားခြင်း ဖြစ်သည်။
“သွေး သွားကူဖို့အတွက် စံပြဆေးရုံမှာ သူ့ကို ချိန်းထားတယ်။ ၄ နာရီ ၁၅ လောက်မှာ ကိုနေမျိုးက ကျနော့်ကို ဖုန်းလှမ်းဆက်တယ်။ ကိုညီ ကျနော့်ကိုတော့ တောင်ဒဂုံ SP ဒုတပ်ကြပ် မြင့်ဆွေက နေပြီးတော့မေးစရာရှိ တယ်ဆိုပြီး လာခေါ်နေတယ်။ အဲဒါ ကျနော် အောင်သပြေ စစ်ကြောရေးကို လိုက်သွားရမယ် ဆိုပြီးတော့ ဖုန်းဆက်အကြောင်းကြားခဲ့တယ်” ဟု တောင်ဒဂုံ သွေးအကူအညီပေးရေးအဖွဲ့ တာဝန်ခံ ကိုညီညီက မဇ္စျိမကို ပြောပြသည်။
တနင်္ဂနွေမနက် ၈ နာရီခန့်တွင် တောင်ဒဂုံ အထူးရဲသတင်းတပ်ဖွဲ့ ရဲမှူး ဦးဆွေလေး၊ ရဲအရာရှိ ၃ ဦး၊ ၁၉ ရပ်ကွက် အုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးမြတ်ကွန်းနှင့် မြို့နယ်အုပ်ချုပ်ရေးရုံး ၀န်ထမ်းတဦးသည် ကိုနေမျိုးဇင်၏ နေအိမ်သို့ ရောက်ရှိလာပြီး ခေါ်ဆောင်သွားစဉ်က ပါရှိသွားသည့် မော်တော်ကား၊ ပိုက်ဆံအိတ်နှင့်လက်ပတ် နာရီကို မိသားစုထံ ပြန်လည်အပ်နှံခဲ့သည်။ ထို့နောက် ကိုနေမျိုးဇင်အတွက် အဝတ်အစားများတောင်းယူသွား ခဲ့ကြသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အထိန်းသိမ်းခံမှ ပြန်လွတ်သည့် အထိမ်းအမှတ်အဖြစ် ကိုနေမျိုးဇင်သည် ရန်ကုန် ကလေးဆေးရုံကြီးရှိသွေးကင်ဆာဝေဒနာ သည် များအတွက် သွေးပုလင်း ၄ဝ၊ အမျိုးသား သွေးလှူဘဏ်နှင့် စံပြဆေးရုံတွင် သွေး ၃၂ ပုလင်း လှူဒါန်းရာ၌ ပါ၀င်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်အပြီး ၁၀ ရက်အကြာ၌ “တပ်မတော်သားများသည် ရန်သူမဟုတ်ကြောင်း” ပြသသည့်အနေဖြင့် မင်္ဂလာဒုံ အမှတ်် ၂ စစ်ဆေးရုံတွင် ပထမဆုံးအကြိမ်််အဖြစ် သွေး ၁၉ ပုလင်းလှူဒါန်းရာ၌ လည်း တက်ကြွစွာ ပါဝင်ဦးဆောင်ခဲ့သေးသည်။
NLD သွေးအကူအညီပေးရေးအဖွဲ့ကို ၂ဝဝ၉ ခုနှစ်တွင် ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်ရှိ ပါတီလူငယ်များဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး၊ နောက်ပိုင်းတွင် ပါတီဝင်မဟုတ်သည့် လူငယ်များနှင့် တပ်မတော်သားဟောင်းများပါပါ၀င် လာခဲ့ကြသည်။