ငလျင်ဒဏ် ဒုက္ခသည်များအတွက် အာဏာပိုင်များ တားမြစ်မှုကြောင့် စေတနာရှင်များ တပ်ခေါက်ပြန်ရ

ငလျင်ဒဏ် ဒုက္ခသည်များအတွက် အာဏာပိုင်များ တားမြစ်မှုကြောင့် စေတနာရှင်များ တပ်ခေါက်ပြန်ရ
by -
သျှမ်းသံတော်ဆင့်

ငလျင်လှုပ်ခတ်ခြင်း တပါတ်ပြည့်သည့်တိုင်လုံးဝအကူ အညီမရသေးသည့် ငလျင်ဒဏ်သင့်ရွာရှိနေသေးပြီး တခြားမှလာ သော စေတနာရှင်များလည်းဘေးသင့်ရာ အရပ်သို့သွားရောက်ခွင့်မရှိဘဲ စစ်အာဏာပိုင်များ၏  တားမြစ်လွဲယူ ထားခြင်း ခံရသဖြင့်တပ်ခေါက်ပြန်ရ သူများလည်းရှိ ...

ငလျင်လှုပ်ခတ်ခြင်း တပါတ်ပြည့်သည့်တိုင်လုံးဝအကူ အညီမရသေးသည့် ငလျင်ဒဏ်သင့်ရွာရှိနေသေးပြီး တခြားမှလာ သော စေတနာရှင်များလည်းဘေးသင့်ရာ အရပ်သို့သွားရောက်ခွင့်မရှိဘဲ စစ်အာဏာပိုင်များ၏  တားမြစ်လွဲယူ ထားခြင်း ခံရသဖြင့်တပ်ခေါက်ပြန်ရ သူများလည်းရှိသည်ဟု သိရသည်။

ငလျင်ဘေး ဒုက္ခသည် အဖွားအို (ဓာတ်ပုံ-S.H.A.N.)“မနေတနေ့ က မယ့်ဆိုင်ဖက်က ကူညီထောက်ပံ့မယ့်ပစ္စည်း အပြည့် တင်လာတဲ့ ကားကြီး ၅  စီး တာလေရောက်တော့ အဝင်ဂိတ်မှာဗမာစစ်သားတွေ  ပေးမဝင်ဘူး။ သူတို့ဆီမှာချရမယ်ဆိုပြီး အတင်းဘဲချခိုင်းတယ်။ ၃ စီးဘဲချလိုက်ရတယ်။ ကျန် ၂ စီးတော့ မချဘူး။ ပြန်လှည့်သွားတယ်။ ဘယ်သူမှ ဗမာစစ်သားတွေဆီမှာ ပစ္စည်းမလှူချင်ဘူး။ ဒုက္ခသည်တွေလက် ထဲ အရောက်ပေးချင်ကြတာချည်းဘဲ။ ဒါပေမယ့် အဲလိုဖြစ်ဖို့ခက်တယ်။ ဗမာစစ်တပ်လဲ ငလျင်ဒဏ်ထိတယ်ဆိုတော့ သူတို့အတွက် အရင် ယူမှာဘဲလေ။ ဒုက္ခသည်လူထုဆီ ဘယ်ရောက်တော့မလဲ” ဟု တာလေရောက် လူမှုကယ်ဆယ်ရေး စေတနာရှင်တဦးကပြောသည်။

အလားတူ ၂၉ ရက် ထိုင်းစစ်တပ်က ပို့ပေးသော အထောက်အပံ့ပစ္စည်းကိုလည်း မယ်ဆိုင်ချောင်ကူးတံတားထိပ်၌ပင် ဗမာစစ်ကားကြီးဖြင့် ထိုးဆိုက်လွှဲပြောင်းတင်ယူလိုက်ကြောင်း၊ (ပြည်တွင်းပြည်ပ) အဖွဲ့အစည်းနာမည်ဖြင့်လာသော စေတနာရှင်၊ ကုမ္ပဏီကြီးများအနေဖြင့် ကူညီထောက်ပံ့လိုသည့်စေတနာရှင်များမှာလည်း ဗမာစစ်တပ်ကထောင်ထား သော ကူညီကယ်ဆယ်ရေးစခန်း၌သာ ချထားခဲ့ရကြောင်း ၎င်းကဆက်လက်ပြောပြသည်။

ငလျင်ဘေးသင့်သူများအတွက် အဓိကလိုအပ်ချက်မှာ သောက်သုံးရေဖြစ်ပြီး ချောင်းရေ၊ အိုင်ရေ၊ ရေတွင်းရေအားလုံးမှာ ကန့်နံ့များရှိနေသဖြင့် သောက်သုံး၍ မရကြောင်း မိုင်းလင်းဒေသခံအမျိုးသမီးတဦးကပြောသည်။

“ ကျမတို့ ရွာမှာထူးခြားတာက ရေတွင်းတွေမှာ ရေမြင့်လာတယ်။ ချောင်းရေတွေလဲ တိုးလာတယ်။ ဒါပေမယ့် ကန့်နံ့၊ ယမ်းနံ့ အနံ့တွေပါနေတော့ သောက်လို့မရဘူး။ ငလျင်လှုပ်ပြီးနောက်တရက် စိတ်ပူရ ကြောက်ရတဲ့အထဲ ဗမာစစ်သား တွေ လာပြီး တန်းစီခိုင်းတယ်။ ရေတွေ အစားအသောက်တွေဝေမယ်၊ လူစာရင်းသိချင်လို့ဆိုပြီးအော်ကြီး ဟစ်ကျယ် ဟိန်းဟောက်ပြီးတန်းစီခိုင်းတာ။ လူတွေက သူတို့ကို မုန်းကြတယ်။ စိတ်လဲဆိုးတယ်” ဟု သျှမ်းသံတော်ဆင့်သို့ ပြောပြ သည်။

တာလေတံတားထိပ်ရှိ စစ်သားနှင့် ပုလိပ်တို့၏ ကူညီကယ်ဆယ်ရေးစခန်းတွင်လည်း ငလျင်လှုပ်ခတ်သည့်နေ့မှစ၍ ယနေ့တိုင် အထောက်အပံ့ပစ္စည်းသေတ္တာများ၊  ဖာများ နေရာမရွေ့သေးကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

အဆိုးရွားဆုံးမှာ လမ်းမနှင့်အနည်းငယ်ဝေးသည့်(မီတာ ၃၀၀-၄၀၀ ခန့်ဝေးသော) ဥပမာ ဝမ့်ယန်းခမ်းကောင်(အိမ်ခြေ ၄၀ ခန့် ) ရွာကဲ့သို့ အလားတူရွာများလည်း အကူအညီ လုံးဝမရောက်သေးကြောင်း သိရသည်။

“စေတနာရှင်တွေ အရောက်မသွားနိုင်တာရယ်၊ အာဏာပိုင်တွေရဲ့ အလေးထားမှုမရှိတာရယ်ကြောင့်အကူအညီလုံးဝ မ ရောက်သေးတဲ့ရွာတွေရှိနေသေးတယ်။ တခြားရွာမပြောနဲ့ တာလေတံထားထိပ်ညာဘက် ဘော်လုံးကွင်းအလွန် (တံတား ထိပ်ကနေ မီတာ ၃၀၀)လောက်အကွာမှာရှိတဲ့ နအဖစစ်မှုထမ်းဟောင်းရွာတောင်မှ အကူအညီမရသေးဘူး။ သူတို့လဲ တံတားထိပ်က အာဏာပိုင်တွေဆီမှာ အကူအညီတောင်းတော့ ‘ ခင်ဗျားတို့ရွာက ကူညီရမယ့်စာရင်းထဲမှာ မပါဘူး’ ဆိုပြီး ပြန်ပြောခံရတယ်တဲ့။ သူတို့လဲ ကိုယ်ထူကိုယ်ထ လုပ်နေရတယ်။ ဆိုတော့ ဗမာအချင်းချင်းတောင်မှ အဲလိုလုပ် သေးတာဘဲ။ တိုင်းရင်းသားတွေဆို ပိုဆိုးမှာပေါ့” ဟု ရှင်းလင်းရေးအတွက်ကူညီရန်သွားသောစေတနာရှင်လုပ်သားတဦး ကပြောသည်။

ယမန်နေ့က စစ်တပ်အသိုင်းအဝိုင်းမှ ထွက်လာသည့်သတင်းအရ ၁ ရက် ၂ ရက်အတွင်း သမ္မတသစ် ဦးသိန်းစိန် ငလျင် ဒဏ်ခံရသည့်ဒေသသို့ သွားရောက်ကြည့်ရှုမည်ဖြစ်သဖြင့် ဒေသတွင်း လှုပ်ရှားနေသော စစ်သားများအား တပ်သို့ပြန်ထား ခိုင်းပြီး  ရဲများဖြင့်အစားထိုးထားသည်ဟုလည်း အာဏာပိုင်များနှင့်နီးစပ်သူတဦးကပြောသည်။