အင်းစိန်ထောင်မှ ရခိုင်ကျောင်းသား လူငယ်များ နယ်ဝေး ထောင် ပြောင်းရွေ့ခံရ

အင်းစိန်ထောင်မှ ရခိုင်ကျောင်းသား လူငယ်များ နယ်ဝေး ထောင် ပြောင်းရွေ့ခံရ
by -
မင်းဆက်ခိုင်

အင်းစိန်ထောင်တွင် နှစ်ရှည်ထောင်ကျခံနေရသော ရခိုင်ကျောင်းသား လူငယ် ၁၁ဦးထဲမှ တချို့ကို နယ်ဝေးထောင်များသို့ ပြောင်းရွေ့ လိုက်ကြောင်း သတင်း ရရှိသည်။ သူတို့အား နအဖ အစိုးရမှ ၂၀၀၉ခုနှစ် စတဘာင်္လအတွင်းက ပေါက်ကွဲစေတတ်သည့် ပြစ်မူများဖြင့် ...

အင်းစိန်ထောင်တွင် နှစ်ရှည်ထောင်ကျခံနေရသော ရခိုင်ကျောင်းသား လူငယ် ၁၁ဦးထဲမှ တချို့ကို နယ်ဝေးထောင်များသို့ ပြောင်းရွေ့ လိုက်ကြောင်း သတင်း ရရှိသည်။

သူတို့အား နအဖ အစိုးရမှ ၂၀၀၉ခုနှစ် စတဘာင်္လအတွင်းက ပေါက်ကွဲစေတတ်သည့် ပြစ်မူများဖြင့် စွဲချက်တင် ဖမ်းဆီးပြီးနောက် နှစ််ရှည် ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

InseinPrisondtl

သူတို့အထဲမှ ရ ဦးကို ယခုလ ၂၂ရက်နေ့က နယ်ဝေးထောင်များသို့ ပြောင်းရွေ့ ပို့ဆောင်လိုက်ကြောင်းကို ရှေ့နေ ဦးကျော်ဟိုးက နိရဥ္စရာသို့ ပြောသည်။

" ပြီးခဲ့တဲ့ အပတ်ထဲက ပြောင်းလိုက်တာလို့ သိရပါတယ်။ စုစုပေါင်း လူငယ် ရယောက် ဖြစ်ပါတယ်။ ကိုရဲထက်စိုးကတော့ အင်းစိန်ထောင်ထဲမှာပဲ။ ကျန်တဲ့ ၃ယောက်က ရောဂါဖြစ်နေလို့ အင်းစိန်ထောင်ထဲ ဆေးရုံတက်နေရတယ်လို့ ကြားသိရပါတယ်။ ကျနော် မိသားစုဝင်တွေဆီက ကြားရတာကတော့ ကိုထွန်းလင်းကျော်ကို ကသာအကျဉ်းထောင်၊ ကိုကျော်ဝင်းကိုကျတော့ ဗန်းမော် အကျဉ်းထောင်ကို ပြောင်းရွေ့ လိုက်တယ်လို့ ပြောပါတယ်။ နောက်လူတွေကျတော့ ကျနော်လည်း အတိအကျ မပြောတတ်ပါဘူး။" 

အဆိုပါ အကျဉ်းသားလူငယ်များ၏ မိသားစုဝင်များနှင့် နီးစပ်သူတဦးက " မိသားစုဝင်တွေဆီက ကြားသိရတာ ကတော့ ကိုခိုင်ကျော်မိုး၊ ကိုအောင်နိုင်၊ ကိုနိုင်စိုးတို့ ၃ယောက် ကတော့ ထောင်ထဲမှာ နှိပ်စက်တဲ့ ဒဏ်တွေ ကြောင့် အင်းစိန်အကျဉ်းထောင်မှာပဲ ဆေးရုံတက်နေရတယ်လို့ သိရပါတယ်။ ပြီးတော့ ၃ယောက်လုံးက လိပ်ခေါင်းခွဲထားရတယ်လို့ ကြားသိရပါတယ်။ နောက် ရယောက်ကိုတော့ ဝေးလံတဲ့ နယ်ထောင်တွေကို ပြောင်းရွေ့လိုက်ပါတယ်။ မိသားစုဝင်တွေကိုလည်းတွေ့ခွင့် မပေးဘူးလို့ ပြောပါတယ်" ဟု ပြောသည်။

၎င်း ရခိုင်ကျောင်းသား လူငယ် ၁၁ဦးကို ၂၀၀၉ခုနှစ် စတင်္ဘာလအတွင်းက စွပ်စွဲချက်အမျိုးမျိုးဖြင့် ဖမ်းဆီးခဲ့ပြီး ၂၀၁၀ ခုနှစ် သြဂတ်(စ်)လတွင် နှစ်ရှည်ထောင်ဒဏ်များချမှတ်လိုက်သည်။

ထိုအထဲတွင် ကိုရဲထက်စိုးမှာ ပြစ်ဒဏ်အများဆုံးဖြစ်ပြီး ကိုရဲထက်စိုးအား အသင်းအဖွဲ့ဥပဒေပုဒ်မ ရ ဖြင့် ၃နှစ်၊ ဖေါက်ခွဲရေးပစ္စည်း လက်ဝယ်ထားရှိမှုဖြင့် ၅နှစ်၊ ဂြိုလ်တု ဆက်သွယ်ရေး ဖုန်းတလုံး ဖမ်းဆီး ရမိခြင်းဖြင့် ၁နှစ် စုစုပေါင်း ၉နှစ်၊ ကိုနိုင်စိုး(ခေါ်)မဲလုံးကို အသင်းအဖွဲ့ဥပဒေပုဒ်မ ရဖြင့် ၃နှစ်၊ ဖေါက်ခွဲရေး ပစ္စည်း လက်ဝယ်ထား ရှိ မှုဖြင့် ၅နှစ် စုစုပေါင်း ၈နှစ်၊ ကိုထွန်းလင်းကျော်၊ ကိုခိုင်ကျော်မိုး အပါအဝင် ၆ဦးကို အသင်းအဖွဲ့ဥပဒေပုဒ်မ ဖြင့် ၃နှစ်၊ နယ်စပ်တရားမဝင် ဖြတ်ကျော်မှုဖြင့် ၃နှစ် စုစုပေါင်း ၆နှစ် အသီးသီး ချမှတ်ခဲ့သည်။

ယခုကဲ့သို့ အကျဉ်းသားများကို နယ်ဝေးထောင်များကို ပြောင်းရွေ့ခြင်းမှာ အကျဉ်ထောင် ဥပဒေနှင့် မကိုက်ခြင်းမရှိဟု ရှေ့နေဦးကျော်ဟိုးက ပြောသည်။

"အခုလို နယ်ဝေး ထောင်တွေကို ပြောင်းရွေ့တာက အကျဉ်းထောင် ဥပဒေနှင့် မညီပါဘူး။ အကျဉ်းထောင် ဥပဒေအရ အာဏာပိုင်တွေကို ထောင်ပြောင်းရွေ့ခွင့်ပေးရတယ်ဆိုတာက အခုနားက ပြောသလို အဲဒီအကျဉ်းသားမှာ စိတ္တဇနဲ့ပတ်သက်တဲ့ ရောဂါရှိမရှိ၊ ပြီးမှ စိတ္တဇနဲ့ ပတ်သက်တဲ့ နေရာကို ပြောင်းရွေ့ရတာ၊ နောက် အကျဉ်းသားတွေကို နောက်အမှု စစ်ဆေးစရာရှိလို့ အမှု စစ်ဆေးရမယ့်ထောင်ကို ပြောင်းတာတို့ ဒါပဲရှိတယ်။ အခုလို ရခိုင်က လူငယ်တွေကို နယ်ဝေး ထောင်တွေဖြစ်တဲ့ ကသာတို့ ဗန်းမော်အကျဉ်းထောင် တွေကို ပို့တော့ မိသားစုတွေအတွက် တော့တော် ဒုက္ခရောက်ပါတယ်။ မိသားစုဝင်တွေက ကျနော့်ကို ငိုပြီးတော့ ပြောတာတွေရှိတယ် သွားရလာရတာ ဒုက္ခရောက်မယ်ပေါ့။ အခုလို အကျဉ်းထောင် ဥပဒေမှာ မရှိပဲနဲ့ လုပ်တာကတော့ ဥပဒေအရ အသင့်တော်ဘူးပေါ့ဗျာ။" 

ယခုကဲ့သို့ နယ်ဝေးထောင်များသို့ ပြောင်းရွေ့ခြင်းအပေါ်မှာလည်း ဦးကျော်ဟိုးက သူ့အမြင်ကို ပြောပြသည်။

"ကျနော်ထင်တာကတော့ ဒီရခိုင်လူငယ်တွေနဲ့ အင်းစိန်ထောင်ထဲမှာ နှစ်ကြီးသမားတွေနဲ့ ထောင်ထဲမှာ မကြာခဏ ပြဿနာ တက်ကြတယ်လို့ ကြားပါတယ်။ ဒီလူငယ်တွေက မဟုတ်မခံ သူတွေဆိုတော့ ထောင်ကျနေတဲ့ နှစ်ကြီးသမားတွေနဲ့ လုပ်တာကိုင်တာတွေမှာ မကြာခဏ ပြဿဖြစ်ကြတယ်လို့ သိရပါတယ်။ ဒီအတွက် သူတို့ကို ထောင်ပြောင်းရွေ့တာလို့ ထင်ပါတယ်။" 

အဆိုပါ ရခိုင်လူငယ် ၁၁ဦးမှာ ကိုခိုင်ကျော်မိုး၊ ကိုထွန်းလင်းကျော်၊ ကိုနိုင်စိုး(ခေါ်) မဲလုံး၊ ကိုကျော်စံသိန်း၊ ကိုဇော်ထွန်းနိုင်၊ ကိုအောင်မိုးဇော်၊ ကိုကျော်ဝင်း၊ ကိုမောင်နိုင်စိုး၊ ကိုအောင်နိုင်၊ ကိုရဲထက်စိုးနှင့် နောက်တဦး တို့ဖြစ်ကြပြီး သူတို့မှာ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်းမြို့နယ်များမှဖြစ်ကြသည်။

Most read this week