သျှမ်းပြည် တပ်မတော်အား ထိုးစစ်ဆင် တိုက်ခိုက်ရာ တွင်နအဖ စစ်တပ် မျှော်မှန်းထားသကဲ့သို့ မလွယ်ကူဟု သျှမ်းပြည် တပ်မတော် SSPP/ SSA မှ အရာရှိ အသိုင်းအဝိုင်းက သုံးသပ် ပြောဆိုသည်။ ...
သျှမ်းပြည် တပ်မတော်အား ထိုးစစ်ဆင် တိုက်ခိုက်ရာ တွင်နအဖ စစ်တပ် မျှော်မှန်းထားသကဲ့သို့ မလွယ်ကူဟု သျှမ်းပြည် တပ်မတော် SSPP/ SSA မှ အရာရှိ အသိုင်းအဝိုင်းက သုံးသပ် ပြောဆိုသည်။
“ကျနော်တို့ကို စတိုက်တုံးက သူတို့ရဲ့ အမာခံ လမ်းပြ ပြည်သူ့စစ်တွေကို ဗမာစစ်တပ်က ဘယ်လိုပြောလဲဆိုတော့ ‘ကိုးကန့် ကို ၃-၄ ရက်အတွင်း ရှင်းနိုင်တယ်။ သျှမ်းတပ်ကိုလဲ ၅-၆ ရက်ထက် မလွန်စေရဘူး။ အပြီး ရှင်းနိုင်မှာဘဲ’ တဲ့။ အခုတော့ ၂ ပါတ်ကျော်အထိ ကျနော်တို့ ခုခံ တိုက်ခိုက်နိုင်ခဲ့တယ်။ သူတို့ဘက် အသေအကျ၊ အကွဲအပြဲ များတယ်။ သူတို့ မျှော်လင့်ထားတဲ့ အတိုင်း လွယ်လွယ်နဲ့ မဖြစ်နိုင်ပါဘူး ” ဟု အမည်မဖော်လိုသည့် အရာရှိက ပြောသည်။
၂၈ ရက် မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ မိုင်းကောင်ဝ်မြို့နယ်ခွဲ တောင်ဘက် ရ မိုင်အကွာ လွယ်စန့်ကင့် တွင် သျှမ်းပြည် တပ်မတော်၏ တိုက်ခိုက်ခံရမှု၌ နအဖတပ်သား ၁၀ ယောက်ခန့်သေကာ ၄၀ ဒဏ်ရာရခဲ့ကြောင်း အဆိုပါအရာရှိက ဆက်လက်ပြောပြသည်။
“အင်အားချင်းမမျှတော့ ကျနော်တို့က ခြုံခိုတိုက်နည်း၊ ဗြောက်ကျား စစ်ဆင်ရေးနည်းတွေကိုဘဲ သုံးတာလေ။ ၂၈ ရက်က သူတို့ တော်တော် ထိသွားတယ်။ ကစဉ့်ကလျား တကွဲတပြား်စီ ထွက်ပြေးကြတယ်” ဟု ဆို၏။
သျှမ်းပြည်တပ်မတော်မှ ဗြောက်ကျားနည်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေသည့် နအဖတပ်များမှာ မိုင်းရှူး မြောက်ဖက် မိုင်းအောတ် တိုက်နယ်ဖက်မှ တက်သွားသော မိုင်းဇန် နအဖတပ်ရင်း ၃-၄ ရင်း ဖြစ်ကြောင်း တရင်းလျှင် အင်အား ၅၀-၆၀ ရှိကြောင်း သိရသည်။
“ကျနော်တို့ကတော့ တပ်မဟာ ၃၆ ရဲ့ လုံခြုံရေးတပ်ရင်း နဲ့ တပ်ရင်း ၁၉၉ ပါ။ တပ်ရင်းမှူးကတော့ ဒုဗိုလ်မှူးကြီး ပင်း မိန်း။ ဒု-ရင်းမှူးက ဗိုလ်မှူး စိုင်းဆိုင်နဲ့ ဗိုလ်ကြီးဖုန်းနွံပေါ့။ အဲဒီလွယ်ဇန့်ကင့်တောင်တိုက်ပွဲမှာ ဗမာတပ်ရဲ့ မြင်းတွေ လားတွေ ၁၅ ကောင် ထက်မနည်း သေတယ် ” ဟု ပြောပြသည်။
မိုင်းရှူးအရှေ့မြောက်ဖက် မိုင်းအောတ်မှ သံလွင်မြစ်ကူးတို့ဆိပ်သို့ ဆင်းသွားသည့်လမ်းမှ နအဖတပ်များ နယ်မြေခံလားဟူ ပြည်သူ့စစ် ဦးဆောင်လမ်းပြမှုဖြင့် ကျေးလက်ဒေသခံအားပေါ်တာဆွဲ၊ မုဒိန်းကျင့်၊ သတ်ဖြတ် လူ့အခွင့်အရေးချိုးဖောက် နေကြသည်ဟုလည်း မိုင်းရှူးရောက် မိုင်းအောတ်ဒေသခံများ ပြောပြချက်အရ သိရပါသည်။
မတ်ခ်ျ ၁၅ ရက် နေ့လည်ပိုင်းက နမ့်လောဝ်းအုပ်စုအား နအဖစစ်တပ်က လက်နက်ကြီးအလုံး ၁၀၀ ထက်မနဲ ပစ်ခတ် တိုက်ခိုက်ရာ လူနေအိမ်များ ဘုန်းကြီးကျောင်းများပါ မကျန် ထိခိုက်ပျက်စီးသဖြင့် ကျေးလက်လူထု ပိုမိုဒုက္ခရောက်မည် စိုးသောကြောင့်တကြောင်း၊ အင်အားချင်း အဆမတန်ကွာခြား၍ တကြောင်း သျှမ်းပြည် တပ်မတော်ဘက်မှ တပ်ဆုတ်ခွါ ပေးလိုက်ရသည်။