နိုင်ငံရေး အကျဉ်းသား အဖြစ် နှစ်ရှည် ထောင်ဒဏ် ကျခံနေရသည့် သျှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး ကို ညီညွတ်သော တိုင်းရင်းသား မဟာမိတ်များအဖွဲ့ (UNA) က တိုင်းရင်းသား လူမျိုးများ၏ သူရဲကောင်းဆု (Nationalities Hero Award) ချီးမြှင့်လိုက်ပါသည်။ ...
နိုင်ငံရေး အကျဉ်းသား အဖြစ် နှစ်ရှည် ထောင်ဒဏ် ကျခံနေရသည့် သျှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး ကို ညီညွတ်သော တိုင်းရင်းသား မဟာမိတ်များအဖွဲ့ (UNA) က တိုင်းရင်းသား လူမျိုးများ၏ သူရဲကောင်းဆု (Nationalities Hero Award) ချီးမြှင့်လိုက်ပါသည်။
“ဦးခွန်ထွန်းဦး ဟာ လူမျိုးစု အားလုံးရဲ့ခေါင်းဆောင်ဖြစ်ပြီး ကိုယ်ကျိုးစွန့် အနစ်နာခံတဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် ဒီဆုဟာ သူနဲ့ အထိုက်တန်ဆုံး ဖြစ်တယ်။ ပါတီခေါင်းဆောင်တွေဖြစ်တဲ့ စိုင်းညွန့်လွင် စိုင်းလှအောင် တို့ကိုလဲ ဦးခွန်ထွန်းဦး နာမည် အမှူးပြုပြီး ဆုချီးမြှင့်ခြင်းဖြစ်ပါတယ်” ဟု UNA မဟာမိတ်အဖွဲ့ဝင် ၁၉၉၀ ရွေးကောက်ပွဲ တမူးမြို့နယ် မဲဆန္ဒနယ် မှ ရွေးကောက်ခံရသည့် လွှတ်တော် ကိုယ်စားလှယ် ဦးထောင်ကိုထန်းက ပြောပါသည်။
ဦးခွန်ထွန်းဦးသည် ၁၉၉၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ ဒုတိယ အများဆုံး လွှတ်တော် နေရာရ SNLD ၏ ပါတီ ဥက္ကဋ္ဌဖြစ်ခြင်း၊ ကိုယ်ကျိုးစွန့် အနစ်နာခံသည့် လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခြင်း၊တန်းတူရေး နှင့် ဒီမိုကရေစီရေး အတွက် နှစ်အရှည်ကြာဆုံး ထောင်ဒဏ် ၉၃ နှစ် ကျခံရသည့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် နိုင်ငံရေး အကျဉ်းသားဖြစ်ခြင်း၊ နိုင်ငံရေး့ပြဿနာကိုနိုင်ငံရေးနည်းဖြင့်ဖြေရှင်း မည်ဆို လျှင် မရှိမဖြစ် ပါ၀င်ရမည့် ခေါင်း ဆောင် တစ်ဦးဖြစ်ခြင်း နှင့် မြန်မာ့နိုင်ငံရေး ခေါင်းဆောင်များအနက် တိုင်းသိ ပြည်သိ နိုင်ငံတကာသိ ထင်ရှားသည့် နိုင်ငံရေး ခေါင်းဆောင်ဖြစ်ခြင်း ဟူသော အချက် ၅ ချက် နှင့် ကိုက်ညီ ပြည့်စုံသော ကြောင့် ဂုဏ်ပြုဆု ချီးမြှင့်ခြင်း ဖြစ်သည်ဟု UNA အဖွဲ့က ဆိုသည်။
တိုင်းရင်းသားလူမျိုးများ၏ သူရဲကောင်းဆုကို နှစ်စဉ်ချီးမြှင့်မည် မဟုတ်ပဲ တိုင်းရင်းသားလူမျိုးစု ကော်မတီက သတ် မှတ်ထားသည့် အချက် ၅ ချက်နှင့် ပြည်စုံသော နိုင်ငံရေး အကျဉ်းသားများပေါ်ထွက်လာမှသာရွေးချယ် ချီးမြှင့် သွားမည် ဖြစ်ကြောင်းလည်း UNA ကဆိုသည်။
ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ မှ ၁၁ နာရီအထိ ရန်ကုန်မြို့ ပြည်လမ်း(ကိုးမိုင်) ရှိ ဦးခွန်ထွန်းဦး ၏ နေအိမ်တွင် ကျင်းပခဲ့ပြီး ဖိတ်ကြားထားသူ ဧည့်သည်တော် ၃၀ ကျော် တက်ရောက်ခဲ့သည်။ ထိုဂုဏ်ပြုဆုကို -စစ်ခွန်ထွန်းဦး ၏ဇနီး ဒေါ်ဝေဝေလွင် က လက်ခံခဲ့သည်။
အခမ်းအနား တက်ရောက်သူများအနက် NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှ ဦးဝင်းတင်၊ ဦးအုန်ကြိုင်၊ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ၀ါရင့်နိုင်ငံရေး သခင်ချန်ထွန်းနှင့်အဖွဲ့၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအေးသာ အောင်၊ ဦးသာပန်း၊ဇိုမီးအမျိုးသားကွန်ကရက်ဥက္ကဌ ပူကျင့်ရှင်းထန်၊ မွန် ဒီမိုကရေစီ အဖွဲ့ချုပ် နိုင်ငွေသိန်း၊ နိုင်ထွန်းသိန်း၊ ကရင်ဒီမိုကရေစီအဖွဲ့မှ စောဟယ်ရီ၊ ကယန်း တိုင်းရင်းသား ဒီမိုကရေစီအဖွဲ့မှ ဦးအာရဖီသောင်း၊ ဇိုမီး အမျိုးသား ကွန်ကရက်နှင့် ချင်းတိုင်ရင်းသားအဖွဲ့တို့ ပါ၀င်ကြောင်း သိရှိရသည်။