နစက တပ်ဖွဲ့ကို အသွင်ပြောင်းတော့မည်ဟု ဆို

နစက တပ်ဖွဲ့ကို အသွင်ပြောင်းတော့မည်ဟု ဆို
by -
တာကလူး

မြန်မာနိုင်ငံ၏ တစ်ခုတည်းသော နယ်ခြားစောင့်တပ်ဖြစ်သည့် ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ်တွင် လုံခြံုရေးကို တာဝန်ယူထားသော နစက တပ်ဖွဲ့ကို လာမည့် ဧပြီလမှ စပြီး အသွင် ပြောင်းတော့မည် ဖြစ်ကြောင်း သတင်း ရရှိသည်။ ...

မြန်မာနိုင်ငံ၏ တစ်ခုတည်းသော နယ်ခြားစောင့်တပ်ဖြစ်သည့် ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ်တွင် လုံခြံုရေးကို တာဝန်ယူထားသော နစက တပ်ဖွဲ့ကို လာမည့် ဧပြီလမှ စပြီး အသွင် ပြောင်းတော့မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

အသက် ၄၀ နှင့် အထက် နစက တပ်သားများကို အနားယူကြရန် တပ်တွင်း အမိန့်ထုတ်ပြန်ထားပြီး၊ ၀တ်စုံသစ်၊ နာမည်သစ်နှင့် လက်နက်သစ်များ တပ်ဆင်ကာ အသွင်ပြောင်းတော့မည် ဖြစ်ကြောင်း တပ်တွင်း သတင်းများ ဖြစ်ပေါ်နေကြောင်း တပ်ကြပ်ကြီး တစ်ဦးက ပြောသည်။

“မတ်လနောက်ဆုံးထားပြီး အသက် ၄၀ နဲ့အထက် တပ်သားတွေကို ပင်စင်ယူရမယ်။ ပင်စင် မယူချင်ဘူး ဆိုရင် စစ်တပ်ရဲ့ ထောက်ပံ့ရေးတပ်တွေမှာ တာဝန်ဆက်ယူလဲရတယ်ဆိုပြီး ပထမဆုံး အနေနဲ့ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလဆန်း ကနေ တပ်တွင်းထဲမှာ တရားဝင် ညွှန်ကြားချက်တွေ ထုတ်ပြန်ထားပါတယ်။ ဒီလပိုင်းထဲမှာ သတင်းတွေ ထွက်လာတာကတော့ လာမယ့်လမှာ ယူနီဖောင်းတွေ လှဲမယ်၊ လက်နက်သစ်တွေ တပ်ဆင်မယ် ပီးရင် နာမည် သစ်ပြောင်းဆိုပြီး ကြားလာ ရပါတယ််။ တရားဝင်တော့ အမိန့် မထုတ်ပြန်သေးပါဘူး” ဟု ၄င်းတပ်ကြပ်ကြီးက ပြောသည်။

၎င်းပြင်သူက “ ၀တ်စုံတွေက ရောက်နေပါပြီ၊ ကျားပြောက် ၀တ်စုံတွေပါ။ လက်နက်တွေကတော့ ရုရှားက အသစ်ဝယ်လာတဲ့ လက်နက်တွေကို တပ်ဆင်ပေးမယ်လို့ ကြားပါတယ်။ ခု ပါလီမန် အစိုးရသစ်ကို အာဏာအပြည့်အဝ လွှဲပြောင်းပေးပြီးတာနဲ့ အရှေ့ဘက်မှာ လက်ရှိဖွဲ့စည်းပေးထားတဲ့ နယ်ခြားစောင့်တပ်များလို နစကကိုလဲ လုံးဝ အသွင်ပြောင်း ဖွဲ့တော့မယ်ဆိုပြီး တပ်ထဲမှာ အဲသလို ကြားပါတယ်” ဟု သူက ဆက်ပြောသည်။

အဆိုပါသတင်းကို အတည်ပြုနိုင်ရန် မောင်တောကျီးကန်းပြင်ရှိ နစက ဌာနချုပ်ကို နိရဥ္စရာမှ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းကြည့်ရာ တာဝန်ကျ ၀န်ထမ်းက တပ်တွင်းသတင်းများကို အပြင်သို့ ပြောဆိုခွင့် မရှိကြောင်း ဖြေကြားခဲ့သည်။

တစ်နိုင်ငံလုံးရှိ နယ်စပ်ဒေသများ လုံခြံုရေးအတွက် နစက တပ်ဖွဲ့ကို စစ်တပ်၊ ရဲ၊ လူဝင်မှုကြီးကြပ်ရေး နှင့် အကောက်ခွန်ဌာနများကို ပေါင်းကာ လက်ရှိ စစ်အစိုးရက ၁၉၉၂ နှစ်ခု နှစ်တွင် စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

၂၀၀၄ ခုနှစ်တွင် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွှန့် ရာထူးမှ ဖယ်ရှားခြင်းခံခဲ့ရပြီးနောက်ပိုင်း ထိုင်းနှင့် တရုတ်နယ်စပ်တွင်ချထားသည့် နစကတပ်ဖွဲ့များကို လက်ရှိစစ်အစိုးရမှ ပြန်လည်ရုတ်သိမ်းခဲ့သည်။ သို့သော် မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ နစက တပ်ဖွဲ့ကိုမူ ဖျက်သိမ်းခြင်း မရှိဘဲ ထားရှိခဲ့သဖြင့် အဆိုပါ အဖွဲ့မှာ တနိုင်လုံးတွင် တစ်ခုတည်းသာ ကျန်ရှိခဲ့သည့် နစက အဖွဲ့အစည်းဖြစ်သည်။

ရခိုင်-ဘင်္ဂလား နယ်စပ်တလျှောက်ရှိ မောင်တော၊ ဘူးသီးတောင် နှင့် ရသေ့တောင် မြို့နယ်များတွင် နစကတပ်ဖွဲ့များကို အဓိက နယ်မြေ (၉)ခုဖြင့် ပိုင်းခြားချထားပြီး၊ လက်ရှိ အင်အား ၃၀၀၀ ကျော် ရှိကြောင်းသိရှိရသည်။

Most read this week