ယခုလလယ်ပိုင်းမှစ၍ နအဖ တပ်မှသျှမ်းပြည် တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော် SSPP/SSA အား ထိုးစစ် ဆင်တိုက်ခိုက်မှုကြောင့် ဘာသာရေးအဆောက်အဦးများ ပစ်မှတ်ထား ...
ယခုလလယ်ပိုင်းမှစ၍ နအဖ တပ်မှသျှမ်းပြည် တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော် SSPP/SSA အား ထိုးစစ် ဆင်တိုက်ခိုက်မှုကြောင့် ဘာသာရေးအဆောက်အဦးများ ပစ်မှတ်ထား တိုက်ခိုက်ခံ ရပြီးကျေးလက်လူထုရာ ချီရွာပုန်းရွာ ရှောင်ဘဝ ရောက်နေရသည်ဟု ဆိုသည်။
“တိုက်ပွဲတွေကြောင့် နအဖတပ်က လမ်းတွေပိတ်တယ်၊ ရွာ အဝင်အထွက်တွေကို အပြင်းအထန် စစ်ဆေးတယ်။ သျှမ်း တပ်အခြေစိုက်ဖူးတဲ့ ရွာတွေမှာ နအဖ တပ် ဝင်ရောက် ထိန်းချုပ်လိုက်တာနဲ့ လူ့အခွင့်အရေး အမျိုးမျိုး ကျူးလွန်တယ်။ အဓမ္မပြုကျင့်မှု အပါအဝင် အပြစ်မဲ့ လူထုကို သတ်ဖြတ်တာတွေလဲ အများကြီးဘဲ” - ဟု အမည်မဖေါ်လိုသည့် ခေတ်ပညာ တတ်လူငယ်တဦးက ပြောပါသည်။
မတ်ခ်ျ ၁၃ ရက် မှစ၍ SSPP/SSA အား နအဖ တပ်ရင်း ၁၉ ရင်း၊ အင်အား ၂၀၀၀ ခန့်နယ်ကျွံထိုးစစ်ဆင် တိုက်ခိုက် သဖြင့် စစ်ဘေးစစ်ဒဏ်ကြောင့် ကျေးလက်လူထုရာချီ နေရပ်မှ ထွက်ပြေးပြီးရွာပုန်းရွာရှောင် ဘဝရောက်ကာအစာ အဟာရပြတ်လပ်နေကြကြောင်း၊ ကျေးလက်အမျိုးသမီးအများအပြားလည်း အမျိုးသားများ ကိုယ်စားချောဆွဲခံရ ကြောင်း - ဒေသခံ နောက်တဦးက ဤကဲ့သို့ပြောပြပါသည်။
“အမျိုးသားတွေ ထွက်ပြေးတိမ်းရှောင်နေရတော့ ရွာမှာဆို အမျိုးသမီးနဲ့ ကလေးတွေသက်ကြီးရွယ်အိုတွေ ဘဲကျန် တယ်လေ။ ချောဆွဲရင် မိန်းမတွေလဲမချန်တော့ဘူး။ ရှေ့တန်းတက်ခိုင်းလဲအမျိုးသမီးအထမ်း သမားတွေကို အရင်တက်ခိုင်းတယ်။ အဲတော့မုဒိန်းကျင့်မှုလဲဖြစ်တာပေါ့။ အဲဒါကြောင့် ဘယ်သူမှ ရွာမပြန်ရဲဘဲ တောထဲ မှာ ဒီတိုင်းဘဲပုန်းရှောင်နေတော့တယ်၊ ရက်ရှည်လာတော့ငတ်ပြီပေါ့”
မတ်ခ်ျ ၂၁ ရက်ကလည်း ဗိုလ်ကျော်မင်းဦးဆောင်သည့် စစ်ကြောင်းတစ်ကြောင်းက နမ့်လောဝ်းရွာအတွင်း နေထိုင် သည့် နန်းအားမွေ (သျှမ်းတရုတ်) နှင့် နန်းမြ (စိုင်းလှ ၏ ဇနီး) တို့နှစ်ဦးအား အုပ်စုလိုက် အဓမ္မပြုကျင့်ခဲ့သေးကြောင်း အမည်မဖေါ်လိုသူ သံလွင်အရှေ့ခြမ်းရောက်ပုဂ္ဂိုလ်တဦးက ပြောပါသည်။
“တန့်ယန်းမြို့နယ် နားခါကျေးရွာအုပ်စု ကွန်တိုင်းရွာနဲ့ ပန်အူရွာက ရွာသားတွေ ရွာပုန်းရွာရှောင်ဘဝ ရောက်ကုန် တယ်။ ၂၀ ရက် - ၂၆ ရက် ကြားမှာဘဲ ရွာသား သုံးဦးသတ်ခံရတယ်။ ဗမာတပ်အနိုင်ကျင့် သတ်ဖြတ်ခံ ရမှာစိုးလို့ ဘယ်သူမှ ရွာမပြန်ရဲတော့ဘူး၊ တောထဲမှာငတ်ပြတ်လဲ ဒီတိုင်းဘဲ ပုန်းရှောင်နေတာ” - ဟု တန့်ယန်းမြို့ခံ တဦးက ပြောပါသည်။
ရွာပုန်းရွာရှောင်ဘဝ ရောက်နေရသော ကျေးလက်ရွာသွားများမှာ မိုင်းရှူးမြို့မြောက်ဘက် ကျေးရွာများ၊ တန့်ယန်း မိုင်းရှူးကားလမ်းပေါ်ရှိ မိုင်းအောတ်အုပ်စုဝင် ကျေးရွာများ၊ တန့်ယန်းမြို့နယ် မိုင်းကောဝ် နမ့်လောဝ်းဒေသရှိ ကျေးရွာများ၊ မိုင်းရယ်မြို့တောင်ဘက်ခြမ်းရှိ ကျေးရွာများ၊ မိုင်းနောင်မြို့နယ်ခွဲ အရှေ့ဘက် ကျေးသီးမြို့အရှေ့ တောင်ဘက် ကျေးရွာများ၊ လားရှိုးမြို့နယ် နှင့် သီပေါမြို့နယ်တောင်ဘက်ခြမ်းရှိ ကျေးရွာများ ဖြစ်ကြောင်း အမည်မဖေါ်လိုသည့်ဒေသခံများ ပြောပြချက်အရ သိရပါသည်။