ရန်ကုန်အခြေစိုက် မူလတန်းကျောင်းဆရာမ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ တာဝန်ခံ ဆရာတော်တပါးနှင့် ကလေးမိဘတဦးကို မေးမြန်းထားခြင်း ဖြစ်သည်။ ...
နယူးဒေလီ (မဇ္စျိမ) ။ ။ ရန်ကုန်အခြေစိုက် မူလတန်းကျောင်းဆရာမ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ တာဝန်ခံ ဆရာတော်တပါးနှင့် ကလေးမိဘတဦးကို မေးမြန်းထားခြင်း ဖြစ်သည်။
မူလတန်းပြ ဆရာမမှာ စာသင်နှစ် ၁ဝ နှစ်ကျော်ရှိပြီး၊ ရန်ကုန်တိုင်း မြို့နယ် ၄ မြို့နယ်ရှိ မူလတန်းကျောင်းများ၌ တာဝန်ထမ်းဆောင် သင်ကြားပေးခဲ့ဖူးသူ ဖြစ်သည်။
ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တာဝန်ခံ ဆရာတော်တပါးမှာ ရန်ကုန်တိုင်း တာမွေမြို့နယ်ရှိ သီရိမင်္ဂလာ ဘုန်းတော်ကြီး သင်ပညာရေး ကျောင်းမှဖြစ်ပြီး အဆိုပါ ကျောင်းတွင် ကျောင်းသားဦးရေ ၁၅ဝ ခန့် သင်ယူနေကြသည်။
-------------------------------------------------------------
ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်ရှိ မူလတန်းပြ ဆရာမ
အခမဲ့ပညာရေးစနစ် ပြဋ္ဌာန်းထားပေမယ့် စာမသင်ကြားနိုင်တဲ့ ကလေးတွေကို ဘယ်လိုမျုား မြင်တွေ့နေရပါသလဲ။
“အဲဒါကတော့ အကြောင်းကတော့ အမျိုးမျိုးရှိတာပေါ့နော်။ သူတို့ မိသားစုအလိုက် အခက်အခဲလို့ ထင်တယ်။ အခက်အခဲကတော့ ကျန်းမာရေးတို့၊ စီးပွားရေးတို့ပေါ့’’
ကလေးတွေကို စာသင်ကြားပေးတဲ့ နေရာမှာကော စာတတ်မြောက်မှုနဲ့ပတ်သက်ပြီး အားရကျေနပ်မှု ရှိရဲ့လား။
“သူတို့က စဉ်ဆက်မပြတ်ဆိုတော့ အောင်နှုန်းတော့ ကောင်းတာပဲ။ ဒါပေမဲ့ နည်းနည်းတော့ ကလေးတွေကတော့ အတန်းတင်ပေးတဲ့ စနစ်ဖြစ်တဲ့အတွက် မိဘဘက်က သင်ကြားမှုကို စိတ်မဝင်စားတော့ဘူးလေ။ အချိန်တန် အောင်မယ်လို့ပဲ မြင်နေကြတယ်။ အဲဒါ တခုပဲ”
ကလေးတွေကို အောင်အောင်မြင်မြင်၊ ထိထိရောက်ရောက်နဲ့ ပညာသင်ကြားနိုင်ဖို့ ဆရာ၊ ဆရာမတွေအတွက် ဘယ်လိုဖြည့်ဆည်းပေးမှုတွေ လိုအပ်သလဲ။
“ကျောင်းသားအင်အားနဲ့ ဆရာအင်အားမျှရင်တော့ အဆင်ပြေမှာပါ။ တချို့နေရာတွေမှာ ကျောင်းသားနဲ့ ဆရာနဲ့ မမျှဘူးလေ။ အဲဒါကြောင့် မမျှတဲ့အတွက် တချို့နေရာတွေဆိုရင် အဲဒါကို ခံနေရတယ်။ အဲဒါမျှရင် အကုန်အဆင်ပြေပါတယ်”
ကျောင်သားတွေအနေနဲ့ စာသင်ကြားမှုနဲ့ပတ်သက်ပြီး မလိုအပ်ဘဲနဲ့ ကုန်ကျနေရတဲ့ အပိုင်းတွေက ဘာတွေဖြစ်မလဲ။
“အဲဒါတွေကတော့ ကာယကံရှင်ပဲလေ။ သူတို့လိုချင်တာရှိလို့ သူတို့ဟာ သူတို့ လှုပ်ရှားကြတာလေ။ သူတို့ဟာ သူတို့ ပေးပြီး ဝင်တယ်၊ ထွက်တယ်။ သူတို့ဆန္ဒကြောင့် သူတို့ပေးကြတာတွေ ရှိတာပါ။ ကျောင်းသားအတွက် နယ်မြေကျော်ရင်တော့ ရှိတတ်ကြတယ်။ ကိုယ့်မြို့နယ်နဲ့ကိုယ် ကျောင်းတွေ ချပေးထားပြီးပဲ။ မြို့နယ်ကို ကျော်လာရင်တော့ အဲဒီလို ပြဿနာတွေ ရှိတတ်တယ်။ ကိုယ့်မြို့နယ်နဲ့ ကိုယ်ဆိုရင် ပြဿနာ မရှိပါဘူး”
“တခြားဟာကတော့ မရှိပါဘူး။ ဒါပေမဲ့ ပေးရမယ်လို့တော့ မဆိုလိုဘူး။ လိုချင်တဲ့သူက သူတို့လိုချင်တဲ့ဟာကို သူ့နည်းသူ့ဟန်နဲ့ ယူနေကြတာပဲ’’
ကလေးတွေကို စာသင်ကြားပေးတဲ့နေရာမှာ အစိုးရက ထောက်ပံ့ပေးချင်တဲ့ လိုအပ်ချက်တွေက ဘာတွေဖြစ်မလဲ။
“အဓိကကတော့ အဆောက်အအုံတွေပဲ။ ကလေးတွေအတွက် လိုအပ်တာက ကျောင်းဆောက်ပေးဖို့ပဲ”
ရန်ကုန်တိုင်း တာမွေမြို့နယ်ရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တာဝန်ခံ
ပညာမသင်ကြားနိုင်တဲ့ ကလေးတွေရဲ့အခြေအနေကို ဘယ်လိုမျိုး မြင်တွေ့နေရပါသလဲဘုရား။
“ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေကတော့ အကြောင်းအမျိုးမျိုးကြောင့် အစိုးရကျောင်းမှာ မထားနိုင်တဲ့ ကလေးတွေ၊ မိဘချို့တဲ့တဲ့ ကလေးတွေကို မူလတန်းပညာ သင်ပေးရတာပေါ့။ အခု ဘုန်းဘုန်းတို့ကျောင်းမှာ ကျောင်းသား ၁၄၂ ယောက် ရှိပါတယ်။ အဲဒီထဲက ၈၅ ရာခိုင်နှုန်းဟာ အလွန့်အလွန် ချို့တဲ့ပြီးတော့ မွေးတဲ့ မိဘကလည်း လက်လုပ်လက်စားတွေ များတယ်။ ပြီးတော့ များသေားအားဖြင့် ၄ တန်းအောင်ပြီးရင် ၅ တန်း၊ ၆ တန်းကို ထားနိုင်တဲ့သူက နည်းတယ်။ ပညာရေး အဟောသိကံဖြစ်တဲ့ဟာက များတယ်။ တချို့က ၄ တန်း အောင်တယ်။ အောင်လက်မှတ်တောင် လာမယူကြတော့ဘူး”
“တချို့ အခုရှာ အခုစားသမားတွေက သူတို့ ဦးနှောက်ခြောက်ခံ၊ အကုန်အကျခံပြီးတော့ မတတ်နိုင်တဲ့သူက ကျောင်းမထားနိုင်တော့ဘူး။ ကျောင်းအပ်ရာသီမှာ မိဘတွေက ချို့ချို့တဲ့တဲ့ ရှိကြတော့ ကျောင်းမအပ်နိုင်ကြဘူး။ မအပ်နိုင်ကြတော့ ဘုန်းဘုန်းတို့လို စာအုပ်စာတမ်းလည်း တတ်နိုင်သလောက် သူတို့ကို ဖြန့်ဝေပေးရတယ်၊ ဘာဝင်ကြေးမှလည်း မရှိ၊ ဘာကြေးမှလည်း မရှိတော့ ဘုန်းတော်ကြီးကျောင်းတွေ ကျောင်းသူကျောင်းသား များကြတာပါပဲ။ ထောင်နဲ့ချီပြီး ရှိတဲ့ကျောင်းတွေလည်း ရှိကြပါတယ်”
ကလေးတွေကို စာသင်ကြားပေးတဲ့နေရာမှာကော စာတတ်မြောက်မှုနဲ့ပတ်သက်ပြီး အားရကျေနပ်မှု ရှိရဲ့လား ဘုရား။
“သင်ရိုးညွှန်းတမ်းတော့ အတူတူပဲဗျ။ ဘုန်းဘုန်းတို့ဆီမှာ သင်ရတာ။ ဒါပေမဲ့ (ဘသ) ကျောင်းတွေမှာက ၁ဝ နှစ် သမားလည်း သူငယ်တန်း ရှိနေတယ်။ အခု အစိုးရကျောင်းတွေမှာတော့ ၅ နှစ်ပေါ့ဗျာ။ အဲဒီလူတွေက သူငယ်တန်းအပ်လို့ မရတော့ဘူး။ သူငယ်တန်းက ၅ နှစ်လို့ သတ်မှတ်တာကိုး။ ဘုန်းဘုန်းတို့က စာမတတ်ရင် စာတတ်အောင် လုပ်ပေးရမယ်၊ လက်ခံရမယ်၊ သင်ကြားပေးရမယ်။ အသက် ၁ဝ နှစ် ရှိနေပေမယ့် စာမတတ်သေးရင် တတ်အောင် လုပ်ပေးရမယ်။ အနည်းဆုံး “အ” သုံးလုံးကို သင်ပေးရမယ်”
“စာမတတ်သူ ပပျောက်ရေးဖြစ်မှ ကလေးတွေရဲ့ အသိဉာဏ်ဆိုင်ရာ အများကြီး အထောက်အကူ ဖြစ်မှာကိုး။ တချို့ရပ်ကွက်မှာဆို ၁ဝ နှစ်၊ ၁၂ နှစ်အထိ သူငယ်တန်းတွေ ရှိတယ်”
“နောက် ကျောင်းမှာလည်း ဆရာ၊ ဆရာမတွေက ကြိုးစားပမ်းစား သင်ကြပါတယ်။ အရည်အသွေး မနိမ့်ပါဘူးဗျ သူတို့လည်း။ ဒီ အငယ်တန်း အောင်ပြီးတော့ သက်ဆိုင်ရာ အလယ်တန်းကျောင်းတွေ ဘာတွေ ပို့တဲ့အခါလည်း ဘုန်းဘုန်းတို့ကျောင်းက အရည်အချင်းနိမ့်တဲ့၊ ည့ံတဲ့့သူတို့ ပြောသံမကြားဖူးပါဘူး”
ကလေးတွေကို အောင်အောင်မြင်မြင်၊ ထိထိရောက်ရောက်နဲ့ ပညာသင်ကြားနိုင်ဖို့ ဆရာ၊ ဆရာမတွေအတွက် ဘယ်လိုဖြည့်ဆည်းပေးမှုတွေ လိုအပ်သလဲ ဘုရား။
“ဆရာမတွေကို သင်တန်းတွေ ဘာတွေ ပို့ချပေးရမှာပေါ့ဗျာ။ ဘုန်းဘုန်းတို့ နွေရာသီကျတော့ အစိုးရကျောင်းက ဆရာ၊ ဆရာမတွေကို ခေါ်တဲ့အခါ (ဘသ) ကျောင်းတွေကိုလည်း ဖိတ်ခေါ်ပါတယ်။ နွေရာသီ ရက်တိုသင်တန်းတွေ ဘာတွေပေါ့လေ… သင်ကြားမှုစနစ်တွေ”
“နောက်ပြီး ဆရာ၊ ဆရာမတွေကို အနည်းအကျဉ်း ကူညီထောက်ပံ့ပေးနိုင်ရင်တော့ သူတို့လည်း ဝမ်းမြောက်၊ သူတို့လည်း ကြိုးစားပေါ့ဗျာ”
ကျောင်သားတွေအနေနဲ့ စာသင်ကြားမှုနဲ့ပတ်သက်ပြီး မလိုအပ်ဘဲနဲ့ ကုန်ကျနေရတဲ့ အပိုင်းတွေက ဘာတွေဖြစ်မလဲ။
“အစိုးရကျောင်းတွေမှာက အစိုးရက ခန့်ထားတဲ့ ဆရာ၊ ဆရာမတွေ သင်ကြတာပဲဗျာ။ ပြီးတော့ သူတို့ ကျောင်းရန်ပုံငွေအတွက် ဟိုကြေးဒီကြေးတွေ ပေးရ၊ ကမ်းရတာလည်း ရှိတာပဲ။ သတ်မှတ်ကြေးက ဘယ်လောက်ဆိုတာ အဲဒီလို ရှိတယ်။ အစိုးရကျောင်းမှာ ကျောင်းအပ်တဲ့အခါ နိုင်ငံတော်က ငွေကြေး မယူရဘူးလို့ ပြောပေမယ့် အဲဒါကို အလှူငွေအနေနဲ့ ဘယ်လောက်ဆိုတာ သူတို့မှာ ရှိတယ်။ အနည်းဆုံး ဘုန်းဘုန်းတို့ ရပ်ကွက်မှာ မူလတန်းကျောင်းအပ်ဖို့ဆိုရင် အနည်းဆုံး သောင်းဂဏန်းမှာ ရှိပါတယ်”
အစိုးရက စာသင်ကြားပေးရာမှာ ထောက်ပံ့ပေးစေချင်တဲ့ လိုအပ်ချက်တွေက ဘာတွေဖြစ်မလဲ။
“အစိုးရကျောင်းတွေကတော့ ပြည့်စုံပါတယ်ဗျာ။ သူတို့မှာ နိုင်ငံတော်က ချပေးတဲ့ ကျောင်းဆို ကျောင်းပြင်ဖို့ အားလုံး ရှိပါတယ်။ ဘသကျောင်းတွေက အဲဒီလို မရှိဘူး။ အားလုံး ကိုယ့်ဟာကိုယ်ပဲ။ ကိုယ့်ကျောင်း ကိုယ်ဆောက်။ နောက် လုပ်အားပေး ဆရာ၊ ဆရာမတွေပေါ့ဗျာ။ ဒီလူတွေကိုလည်း တတ်နိုင်သလောက် ထောက်ပံ့ရတာပဲ။ ဒီလူတွေကို ထောက်ပံ့ဖို့ဆိုရင် တော်တော့်ကို ရုန်းကန်ရတယ်။ စေတနာရှိတဲ့၊ ငွေရေးကြေးရေး အနည်းငယ်ရှိတဲ့ ဒကာ၊ ဒါယိကာမတွေကို ချဉ်းကပ်ရတာပဲ။ ကျောင်းရန်ပုံငွေ၊ ဆရာ၊ ဆရာမတွေကို ထောက်ပံ့ဖို့အတွက်။ နိုင်ငံတော်က ဆရာ၊ ဆရာမတွေကို ပေးတဲ့ လစာမျိုးတော့ မပေးနိုင်ပါဘူး။ ဘုန်းဘုန်းတို့ ကျောင်းအနေနဲ့ဆိုရင် ဆရာတယောက်ကို ၂ဝဝဝဝ စီ ပေးပါတယ်။ တချို့လတွေဆိုရင် ၂၅ဝဝဝ”
“တချို့ (ဘသ) ကျောင်းတွေလည်း ပေါက်ပေါက်မြောက်မြောက်နဲ့ အားလုံး ခေတ်ပညာတတ်ပြီးတော့ ဆက်ဆံရေး ပြေပြစ်တဲ့၊ အကျွမ်းဝင်တဲ့ ပုဂ္ဂိုလ်တွေဆီက အထောက်အပံ့ရကြတယ်။ နိုင်ငံခြား အထောက်အပံ့တွေ ရကြတယ်။ အဆောက်အအုံတွေ ရကြတယ်။ ဒီလိုပါပဲ”
ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ်ရှိ ကျောင်းသားမိဘ
ကလေးတယောက် ကျောင်းထားမယ်ဆိုရင် ဘယ်လိုအခက်အခဲတွေ ရှိသလဲ။
“ကျောင်းမှာ ကလေးကို ကျောင်းစထားမယ်ဆိုရင် အတန်းပိုင်ဆရာမကတဆင့် ထားမှ ကလေးကို အခွင့်အရေး ပေးတာတို့၊ နောက် အတန်းပိုင်ဆရာမဆီမှာ ကျူရှင်မထားရင် ဂရုမစိုက်တာမျိုးတို့ ကြံုရတယ်လေ။ အတန်းပိုင် ဆရာမဆီမှာ ကျူရှင်တက်မှ ကလေးကို ဦးစားပေးတာတို့ကအစ လိုက်ဖြေရှင်းရတယ်။ နောက်တခုက ကျောင်းမှာ ကလေးတွေကို အတန်းပိုင်ဆရာမဆီမှာ ကျူရှင်ထားမှ အဆင်ပြေကြတယ်၊ ဂရုစိုက်တယ်ဆိုတာမျိုးက ရှိတယ်။ အတန်းပိုင်ဆရာမဆီမှာ မထားတဲ့ကလေးဆိုရင် နှိမ်တာပေါ့”
“ဒီမှာက ကျောင်းဆရာမတွေ ကျူရှင်မထားရဘူးလို့ ပြောထားပေမယ့်လည်း ပြနေကြတာပဲလေ။ ပြနေကြတဲ့ အခါကျတော့ သူတို့ ကိုယ့်ကလေးကို ဂရုစိုက်ဖို့အတွက် အတန်းပိုင်ဆရာတွေဆီမှာ မိဘတိုင်းကတော့ အောက်ကျို့ခံကြရတာပဲ။ အဲဒါမျိုးတွေတော့ ရှိတယ်”
“နောက် တခြားအခက်အခဲတွေကို ပြောမယ်ဆိုရင်တော့ အများကြီးပဲ။ ပြောလို့တော့ ကုန်မှာ မဟုတ်ဘူး။ တော်တော်များများ မိဘတိုင်းကတော့ အခက်အခဲတွေ ကြံုနေရတာပဲ။ ဒီမှာ အဓိကကတော့ ကလေးတွေ ကျောင်းထားတော့မယ်ဆိုရင် အဲဒီကျောင်းမှာက ကစားကွင်းရှိရဲ့လား၊ သန့်ရှင်းရဲ့လား။ တချို့ကျောင်းတွေ ဘာတွေက သွေးလွန်တုပ်ကွေးတွေ ဘာတွေ ဖြစ်တယ်။ တချို့ကျောင်းတွေကျတော့လည်း ကျောင်းအုပ်ကြီးက အစပေါ့နော်… ကလေးတွေ ကျန်းမာရေးကို ဂရုစိုက်ပေးတယ်။ တချို့ကျောင်းတွေက များသောအားဖြင့် ၁ဝ ကျောင်းမှာ ၉ ကျောင်းလောက်ကတော့ ကလေးတွေကို ဂရုမစိုက်ကြတာ များတယ်။ သူတို့ဆီမှာ ဆရာမတွေကို အခါအားလျော်စွာ ကန်တော့တာတို့၊ စာမေးပွဲအောင်ဖို့အတွက်၊ အစစအရာရာအတွက် အပေးအကမ်းလေးတွေရှိမှ ကလေးတွေကို နည်းနည်းဂရုစိုက်ကြတာ များတယ်”
ကလေးကျောင်းထားရင် မလိုအပ်ဘဲ ကုန်ကျနေတဲ့စရိတ်တွေက ဘာတွေလဲ။
“ငွေရေးကြေးရေးအပိုင်းကတော့ ကျောင်းတကျောင်းနဲ့ တကျောင်းကတော့ မတူဘူးပေါ့နော်။ ကလေးက မူလတန်းပဲ ရှိသေးတဲ့အခါကတော့ သိပ်ခက်ခက်ခဲခဲကြီးတော့ မကြံုရသေးဘူး။ ဒါပေမဲ့ တချို့ကျောင်းတွေမှာကတော့ မိဘအချင်းချင်းပေါ့နော်… ပြောနေတဲ့ အသံတွေ ကြားနေရတာကတော့ ကျောင်းအပ်မယ် ဆိုလို့ရှိရင် ဘယ်နှသိန်းပေးမှ လက်ခံမှာတို့ အဲဒါမျိုးတွေတော့ ရှိတယ်”
“တခြားကုန်ကျစရိတ်တွေက မူလတန်းကလေးတွေ ဆိုလို့ရှိရင် မူလတန််းကျောင်းလို့ ခေါင်းစဉ်တပ်ထားတဲ့ ကျောင်းလေးတွေမှာပဲ ဂရုစိုက်ကြတာ များတယ်။ အထက်တန်း၊ အလယ်တန်းနဲ့ ရောထားတဲ့ ကျောင်းတွေမှာဆိုရင် မူလတန်းကလေးတွေကို ဂရုမစိုက်ကြဘူး။ အဲဒါမျိုးတွေတော့ ရှိတယ်။ နောက် ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီးတော့လည်း မတတ်နိုင်တဲ့ မိဘတွေကျလို့ရှိရင် မျက်နှာငယ်ရတာပေါ့။ ကိုယ့်ကလေးလည်း မျက်နှာငယ်ရတယ်။ ပြီးတော့ ကလေးကို ဂရုမစိုက်ကြဘူးပေါ့… အဓိကက။ သူတို့ကို မပေးမကမ်းဘဲနဲ့ လျစ်လျှူရှုထားမယ်ဆိုုရင်ပေါ့နော်။ အဓိကကတော့ မိဘတွေက ငွေရေးကြေးရေး မတက်နိုင်လို့ လုပ်မပေးကြတာပါ”
“နောက် ကျောင်းမှာက တခြားကောက်တာတွေကလည်း သန့်ရှင်းရေးလုပ်ဖို့တို့၊ ဘာအသင်းကြေး ညာအသင်းကြေး ဆိုပြီး ကောက်တာတွေက အများကြီးပဲ။ အဲဒါကို သေသေချာချာတော့ ကျနော်လည်း ဂရုတစိုက် မရှိမိဘူး။ နောက် အိမ်မှာကလည်း ဇနီးနဲ့ လွှဲထားတာဆိုတော့ သူက ပိုသိနိုင်တယ်”
ကလေးတွေရဲ့ အနာဂတ်အတွက် မြန်မာပြည် ပညာသင်ကြားမှုက ဘယ်လောက်ထိ မြှင့်တင်ပေးနိုင်မလဲ။
“ဒါက ကိုယ်တတ်နိုင်တဲ့အပေါ်မှာ မူတည်တာပေါ့။ မိဘတိုင်းကတော့ သားသမီးတိုင်းကို အကောင်းဆုံး ဖြစ်စေချင်တာပေါ့။ ဒါပေမဲ့ ကိုယ်တတ်နိုင်တဲ့အပေါ်ပဲ မူတည်ပြီး သင်ကြားပေးသွားရတာပေါ့။ နောက် လက်ရှိပညာရေးက ကလေးတွေအတွက် ပုံမှန်ပဲ သွားမှာပဲ။ ဒီအတိုင်းပဲ သွားမယ်ပဲဆိုတာက ပုဂ္ဂလိကကျောင်းတွေ ပေါ်လာတုန်းက မိဘတိုင်းက မျှော်လင့်ခဲ့ကြတယ်။ ဒါပေမဲ့ အခု ဘာမှ အသံတွေ ထွက်မလာတဲ့အပြင် အဲဒါတွေကလည်း နည်းနည်း နောက်ဆုတ်သွားကြတဲ့ အခြေအနေမျိုး ရှိနေတယ်။ အဲဒီတော့ မိဘတွေက ပုဂ္ဂလိကကျောင်းတွေမှာ ထားတာကနေ ပြန်နုတ်ပြီးတော့ ဒီ အစိုးရကျောင်းတွေမှာပဲ ပြန်ထားကြတယ်။ အဲဒီတော့ ဒီအတိုင်းပဲ သွားဦးမှာပါ”
“နောက် အခု သင်ပေးနေတဲ့ ပညာရေးကလည်း ကလေးတွေရဲ့ အနာဂတ်အတွက် အထောက်အပံ့ ဖြစ်မယ်လို့လည်း ကျနော် မထင်ဘူး။ အောင်သွားတယ် ဒီလောက်ပဲ။ အဲဒီထက်ကို ဘာမှ ပိုထူးလာမှာ မဟုတ်ဘူး။ ဒီအတန်း အောင်တယ်၊ ဒီအတန်း အောင်တယ်၊ တတန်းပြီး တတန်း တက်သွားတယ်။ ဒီလောက်ပါပဲ။ ဘာမှ ထူးခြားလာမှာ မဟုတ်ပါဘူး”
စာမသင်ကြားနိုင်တဲ့ ကလေးတွေနဲ့ ပတ်သက်ပြီး ခံစားချက်ကို သိပါရစေ။
“အဲဒါကြီးက မဖြစ်သင့်ဘူးလို့ ထင်တာပဲလေ။ မဖြစ်သင့်ဘူးဆိုတာကလည်း တော်တော်များများ ကျနော် အသံတွေ ကြားနေရသလောက်က ဒီအပြင်မှာ ပိုက်ဆံရှာနေရတဲ့ ကလေးတွေက သူတို့ခေါင်းထဲမှာ ပိုက်ဆံရဖို့ပဲ သိတော့တယ်။ ကျောင်းတက်ဖို့ဟာကိုလည်း ဂရုမစိုက်နိုင်တော့ဘူး။ အဲဒါမျိုးက မဖြစ်သင့်ဘူးလေ။ ပညာသင်တဲ့အရွယ်မှာ ပညာကိုပဲ ဂရုတစိုက်သင်ပြီးတော့၊ တဖြည်းဖြည်းတက်သွားပြီးတော့ နောင်တချိန်မှာ ကိုယ်တတ်ထားတဲ့ပညာနဲ့ အခွင့်အလမ်းတွေ ပွင့်လာမယ်။ အဲဒါမျိုး ဖြစ်သင့်တာလေ”
“အခုက ဘာပညာမှ မတတ်ဘဲနဲ့ ငွေနောက်ချည်းပဲ လိုက်နေကြတယ်။ စားဝတ်နေရေး ပြေလည်ဖို့အတွက် ဦးစားပေးနေရတဲ့ အခါကျတော့ ကျောင်းတက်ဖို့ဆိုတာလည်း သူတို့တွေ ဂရုမစိုက်နိုင်တော့ဘူး။ အဲဒီဟာမျိုးလည်း မဖြစ်သင့်ဘူးလို့ ထင်ပါတယ်”
စာမသင်နိုင်တဲ့ ကလေးတွေအတွက် အစိုးရကို ဘာများ အကြံပြုချင်ပါသလဲ။
“ပညာရေးကိုတော့ အခြေခံကစပြီး သူတို့ ဂရုတစိုက်နဲ့ ကြပ်ကြပ်မတ်မတ်လေး လုပ်ပေးသင့်တယ်။ အဲဒီလို ကျောင်းမနေနိုင်တဲ့ ကလေးတွေအတွက်ကို သီးသန့်ပုံစံမျိုးပဲ ဖြစ်ဖြစ်၊ လက်ရှိကျောင်းတွေမှာပဲ ဖြစ်ဖြစ် ရှင်းရှင်းပြောရရင် ငွေတပြားမှ မကုန်ဘဲနဲ့၊ မပေးရ မကမ်းရဘဲနဲ့ သင်ကြားနိုင်အောင် ဂရုတစိုက်လေး လုပ်ပေးစေချင်တယ်”
“ပညာရေးကောင်းလာဖို့တော့ မျှော်လင့်တာဘဲလေ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ဟာက Go (သွား) ရတော့မှာ။ အဲဒါကြောင့်ပါ။ အနာဂတ်ကို ကလေးတွေကပဲ ဦးဆောင်ရမှာလေ။ ဆိုတဲ့အခါကျတော့ ဒီကလေးတွေရဲ့ ပညာအရည်အချင်း တိုးတက်လာဖို့က ကျောင်းတွေကပဲ သွားရမှာ။ အဲဒါကြောင့်မို့ ပညာရေးကို ကောင်းသထက် ကောင်းအောင်တော့ လုပ်စေချင်တယ်”