မတ်ခ်ျ ၂၄ ရက် ည ၈:၂၇ နာရီ လှုပ်ခတ်ခဲ့သော ၆.၈ မက်နိတွဒ် ပြင်းအားရှိ ရွှေတြိဂံ ငလျင်ကြောင့် ဒေသခံ လူထု ၆၀ ထက်မနည်း သေကြောင်း ဒေသတွင်း သတင်း အရ သိရပါသည်။ ...
မတ်ခ်ျ ၂၄ ရက် ည ၈:၂၇ နာရီ လှုပ်ခတ်ခဲ့သော ၆.၈ မက်နိတွဒ် ပြင်းအားရှိ ရွှေတြိဂံ ငလျင်ကြောင့် ဒေသခံ လူထု ၆၀ ထက်မနည်း သေကြောင်း ဒေသတွင်း သတင်း အရ သိရပါသည်။
“ငလျင်လုပ်တာ အရမ်းပြင်းတယ်။ တညလုံးလုပ်တာ ဆယ်ကြိမ်ကျော်တယ်။ ဒီမနက်လဲ ၁၀ ခါထက်မနဲထပ်လုပ် တယ်။ တသက်မှ ဒီတခါဘဲ ကြုံဖူးတော့တယ်။ မနေ့ညကဘဲ မိုင်းလင်းမှာ ၁၇ ယောက်သေတယ် ကြားတယ်။ ဒီမနက်လဲ သေတာ ရှိတယ်။ ဆိုတော့ ၁၇ ယောက်ထက် မကနိုင်ဘူး။ တခြားရွာလဲ ရှိတယ်လေ။ တာလေမှာလဲ အများကြီး သေတယ် ပြောတယ်” - ဟု တာချီလိတ်ရောက် ကျိုင်းခမ်း ဒေသခံတဦးက ပြောပါသည်။
ယမန်နေ့ညက လှုပ်ခတ်ခဲ့သော ရွှေတြိဂံငလျင်သည် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် တာလေမြို့နယ်ခွင် အတွင်း မြေ အောက် ၆.၂ မိုင် အနက်မှ ပြင်းအား ၆.၈ ရစ်ခ်ျတာစကေး ရှိကြောင်း၊ တာလေမြို့နယ်ခွဲ အပြင် မိုင်းလင်းကျေးရွာ အုပ်စုတွင် လည်းအများအပြားပျက်ရှိ ဆုံးရှုံးမှုရှိကြောင်း၊ တရုတ်ကန်ထရိုက်တာတို့ဦးစီး တည်ဆောက်ခဲ့သည့် တာလေတံတားလည်း ထိပ်ဦးနှစ်ဘက် မြေပြို ကွဲအက်ပြတ်ဟသွားသောကြောင့်ကားကြီး အသွားအလာ ပိတ်ထားရကြောင်း ပြောပါသည်။
“ကျနော် ဟိုမှာအသစ်ဆောက်ထားတဲ့ အိမ် နေတောင် မနေရသေးဘူး၊ အကုန်လုံးပြိုကျပျက်စီးတယ်။ တာချီလိတ်မြို့မှာ ရှိတဲ့ အခေါင်းဆိုင်တွေက အခေါင်းတွေ အကုန်ပြတ်။ ဒီမနက်မှာဘဲ တာလေ ဘက်က ၈၀ လောက်လာသယ်သွားတယ်၊ မကာဟိုခမ်း ဘုန်းကြီး ကျောင်းမှာရှိတဲ့ အခေါင်းတွေပါ အကုန်ယူသွားတယ်” - ဟု တာချီလိတ်မြို့ခံတဦးက ပြောပါသည်။
တာချီလိတ်မြို့ ရှမ်းရိုးမ ခန်းမတွင် ကျိုက်ထိုဆရာတော် တရားဟောနေစဉ် ငလျင်စတင်လှုပ်ခတ်သဖြင့် ဆရာတော်ပင် မေတ္တာသုတ်ရွတ်ပေးပြီး သတိရှိကြရန် ဆုံးမဩဝါဒပေးကာ ည ၉နာရီတွင်တရားပွဲရုပ်သိမ်းခဲ့ရ ကြောင်း၊ တရားသွားနာသည့် ပရိတ်သတ်တဦးက ဤကဲ့သို့ပြောပြပါသည်။
“ကျမ တို့အိမ်ရောက်တော့ ဘုရားစင်ပေါ်က ပန်းအိုးတွေပြုတ်ကျ၊ ကျောက်အကြည်ဘုရားဆင်းတုလဲ ခါးတော် အလယ်တည့်တည့် ကနေ ကျိုးကျတာ။ နောက်ငလျင်တွေ ထပ်ခါထပ်ခါလှုပ်တော့ အိမ်မှာမနေရဲတော့ဘဲ စောင်တွေပိုက်ပြီး ကွင်းပြင်မှာ သွားအိပ်ရတယ်” - ဟု ဆို၏။
သီးခြားအတည်မပြုရသေးတည့်သတင်းအရ တာချီလိတ်ခရိုင် တာလေမြို့နယ်ခွဲ မိုင်းလင်းကျေးရွာအုပ်စု မက့်အန်ခန်ရွာ နေထိုင်သည့် နာမည်ကြီး သျှမ်းအဆိုတော် စိုင်းဟန်လျဲန်း၏အိမ် မိသားစု ရ ဦးနေထိုင်ရာ အိုးအိမ်ပြိုကျပိမိသောကြောင့် ၆ ဦး သေဆုံးသွားကြောင်း၊ ငလျင်လှုပ်စဉ် စိုင်းဟန်လျဲန်းကိုယ်တိုင်မှာ တာချီလိတ်မြို့၌ နေထိုင်နေကြောင်း မယ်ဆိုင်ဒေသခံတဦးက ပြောပါသည်။
အမေရိကန်ဘူမိဗေဒ ငလျင်တိုင်းထွာရေးအဖွဲ့က ငလျင်လှုပ်လှုပ်ခြင်း - မြန်မာနိုင်ငံ သျှမ်းပြည်အရှေ့ပိုင်း ရွှေတြိဂံဒေသ၌ ဗဟို ပြုပြီးလုပ်ခတ်သွားကြောင်း မိနစ်ပိုင်းအတွင်းကြေငြာခဲ့သည်။
ယမန်နေ့ကလှုပ်ခတ်သွားသော ငလျင်သည် မြန်မာနိုင်ငံအတွင်း ၂၀၀၄ ဆူနာမီငလျင် ၊၂၀၀၈ နားဂစ်မုန်တိုင်း၊ ၂၀၁၀ ဂီရိမုန်တိုင်းအပြီး တတိယအားအပြင်းဆုံး သဘာဝ ဘေးရိုက်ခတ်မှုဖြစ်သည်။