ခွေးမသားတို့ ရှေ့ဆောင်ကြီး

ခွေးမသားတို့ ရှေ့ဆောင်ကြီး
by -
ဘိုဘိုလန်းစင်

ဤနှစ်တွင် ဆရာကြီးမှိုင်း ၁၃၅ နှစ်တိုင်ပြီဆို၍ ၁၂ဝ ပြည့်စဉ်က စာပေဂျာနယ် ထုတ်ခဲ့ပုံကို ပြန်သတိရပါသည်။ ထိုစဉ်က ယခုကဲ့သို့ မီဒီယာဟု ကြီးကြီးကျယ်ကျယ် ပြည်တွင်းတွင် မထွန်းကားသေးပါ။ ...

(၁)

ဤနှစ်တွင် ဆရာကြီးမှိုင်း ၁၃၅ နှစ်တိုင်ပြီဆို၍ ၁၂ဝ ပြည့်စဉ်က စာပေဂျာနယ် ထုတ်ခဲ့ပုံကို ပြန်သတိရပါသည်။ ထိုစဉ်က ယခုကဲ့သို့ မီဒီယာဟု ကြီးကြီးကျယ်ကျယ် ပြည်တွင်းတွင် မထွန်းကားသေးပါ။ စာနယ်ဇင်း ဖိနှိပ်မှုကို ပြည်ပကနေ စောင့်ကြည့် ထောက်ပြမည့် အဖွဲ့ကြီးငယ်လည်း ယနေ့လောက်မများသေး။ သို့ကြောင့် သခင် ကိုယ်တော်မှိုင်းဆိုရင် ရမည်မဟုတ်ဟု တွက်ထားသည့်အထဲက ရအောင် ကြိုးစားကြခြင်းဖြစ်သည်။

ဆရာကြီးမှိုင်း၏ ဖွားရာဇာတိ ပရုမ်းနာဂရ ရွှေတောင် ဝါးလည်ရွာမှိုင်းရာပြည့် စာအုပ်စာစောင်များ ထုတ်ဝေပြီးနောက် အနှစ် ၂ဝ အတွင်း အရေးအခင်းကိုလည်း ဖြတ်လိုက်ရ၍ မှိုင်းနှင့် ပတ်သက်လျှင် အောင်ဆန်းကဲ့သို့ပင် အာဏာရများက ပြည်ဖုံးကား ချထားချင်သည့် ကာလလည်း ဖြစ်သည်။ မှိုင်းတပည့်ဆိုသူ လက်ဝဲနွယ်များကလည်း အရေးအခင်းတွင် အဓိက လှုပ်ရှား လှုံ့ဆော်ခဲ့ကြသည်ပဲ။

ထိုမှ ရှေ့လျှောက် တစတစ တိုးစမ်းကြည့်ရင်း အားထုတ်ခဲ့ကြရာ ယခုအခါ ဆရာကြီး စာအုပ်စာတမ်းများ တဖြည်းဖြည်းချင်း ပြန်ထွက်လာသဖြင့် ခေတ်လူငယ်များနှင့် အဆက်မပြတ် နိုင်တော့ဟု အောက်မေ့ရပါသည်။ သို့သော် ယခုခေတ် ဗမာလူမျိုးမှာ စာပေခံစားမှု၌ အင်မတန် တိမ်လာသည် ဖြစ်ရာ (တနည်း ဂျူး တာရာ မင်းဝေလောက်နှင့် ဘဝက ပြည့်စုံနိုင်ကြသည်ဟူလို) ဆရာကြီး၏ လက်စွမ်းပြ ကဗျာဖွဲ့ပုံ အသောဖောက်ပုံ နိုင်ငံရေး ဥပစာများ (ရှေးခေတ် အနီးခေတ် သမိုင်းကိုကြေမှ သိနိုင်သည်) ကို ထိစပ်နိုင်မှသာ သူနှင့် ရင်ဘတ်ချင်း နီးပေလိမ့်မည်။ နို့မဟုတ်က လေးချိုးကြီးများမှ ဆိုင်ရာဆိုင်ရာ ကောက်စာလေးများကို ထုတ်သုံးပြနိုင်လျှင်ပင် မဆိုးဟု ပြောရမည့် အချိန်ပါပေ။ မှိုင်း၏စာမှာ မန္တလေးခေတ်နှင့် မျက်မှောက်ခေတ်ကို ဆက်သွယ်ပေးသည်ဖြစ်၍ ရှေးစာအလှနှင့် ခေတ်စာအတွေး ၂ မျိုးလုံးနှင့် တော်ပြေပါသည်။

(၂)

ဆရာကြီးမှာ မန္တလေးသားမဟုတ်ပေမင့် အညာချောင်းဦး မုံရွေးမှာ ကြီးခဲ့ရ၍ မြန်မာစာ မြန်မာစကား၏ အလှ ရတနာသိုက်ကို မြိုင်မြိုင်ကြီး မွှေနှောက် ဆည်းပူးခဲ့ရသူ ဖြစ်သည်။ မုံရွာ အလုံနယ်မှာ ကုန်းဘောင်ခေတ်တလျှောက် ပညာရှိများ အထူးပေါ်ထွက်ရာ ဖြစ်သည့်အပြင် မဏိပူရ ဗာရာဏသီစသည်မှ ယူဆောင်လာခဲ့သည့် စာပေကျမ်းဂန်များကို လေ့ကျက်ပြန်ဆိုရာ ဘုရင်ဂျီ ကသည်း စသည့် သုံ့ရနိုင်ငံခြားသားများနှင့် ယဉ်ကျေးမှု ရောနှောဖလှယ်ရာ နယ်တနယ်ဖြစ်ပါသည်။ ဘုရင်ခေတ်အပျက် ခေတ်ပြောင်း စနစ်ပြောင်းတွင် ကျန်သမျှ စာပေယဉ်ကျေးမှုတို့ကို ဆည်းပူးနိုင်ခဲ့သည့် အခံတွင် နိုင်ငံရေးစိတ် မျိုးချစ်စိတ် ဆင်းရဲသား ပြည်သူများကို သနားစိတ်က သူ့ဘဝကို ဦးဆောင်သွားသည်ဟု ယူဆကြပါသည်။

စာပေနှင့် တိုင်းပြည်ကိုပြုပြင်ဦးဆောင်သွားသည့် ယဉ်ကျေးမှုကို မြန်မာပြည်တွင် ဦးစီးဦးဆောင်ခဲ့သူမှာ ခေတ်ပညာတတ်မဟုတ်သည်ကလည်း ထူးခြားသည်။ တချို့က ဆရာကြီးကို ယဉ်ကျေးမှုရှေ့ဆောင် စာပေဖခင် တိုင်းပြည်ကျေးဇူးရှင်အဖြစ် တို့ဗမာသခင်များ လက်ဝဲသမားများက သူတို့ကောင်းစားချိန် အာဏာရချိန်တွင် စွတ်တင်ခဲ့သည်ဟု စွပ်စွဲလိုကြသည်။

သို့သော် ထိုသူတို့ နားမလည်နိုင်သည်က သူတို့စန်းတင်လိုသည့် ပညာတတ်စာသမားများ (ဂျိမ်းစ်လှကျော်၊ ဦးမေအောင်၊ ဒေါက်တာဘဟန်၊ ဦးဖေမောင်တင်၊ သိပ္ပံမောင်ဝ)စသူတို့မှာ ပင်မစာပေရေစီးကို ဦးဆောင်နိုင်ခဲ့သူများမဟုတ်၊ ဗမာလိုအရေးများသည့် သိပ္ပံမောင်ဝ၏ စာများတွင်လည်း အများပြည်သူနှင့် အဟပ်ကွာနေသော အိုင်စီအက်ဉာဉ်နှင့်စာများက ပါနေသည်။ ဇော်ဂျီ၊ မင်းသုဝဏ်တို့မှာ အမျိုးသားရေးကဗျာများ စပ်ဆိုခဲ့သော်လည်း အစိုးရသြဇာခံ ဝန်ထမ်းဘဝမို့ ပြင်ပနိုင်ငံရေး စာရေးဆရာများလောက် စိတ်မမြှုပ်နိုင် ကလောင်မရမ်းနိုင်ကြပါ။ ထို့ကြောင့် ပြည်သူပေါ် တကယ်တမ်းသြဇာညောင်းသည်က ဆရာမှိုင်း၊ ဦးဖိုးကျား၊ မဟာဆွေစသည့် အပြင်းစား မျိုးချစ်ဆရာကြီးများသာ ဖြစ်သည်။

(၃)

အနှီဆရာကြီးမှိုင်းသည် ဘုရားမရှိတရားမရှိဟု အစွပ်စွဲခံရသည့် ကွန်မြူနစ်တို့၏ ထိပ်သီးမျှမဟုတ်ပါ။ ဆွေတော်မျိုးတော်များ အစည်းအရုံး နာယကဖြစ်၍ ဆရာကြီးမသာတွင် စမ်းချောင်းထဲက မင်းတုန်းမင်းသမီးတော် မင်းတပ်ထိပ်ခေါင်တင် (သက်တော် ၁ဝဝနားနီး)က မင်းတိုင်ပင်အမတ်ကြီးများကို သဂြိုင်္ဟ်သည့်ထုံးအတိုင်း ရွှေသလွန်နှင့်ရွှေထီးများအပို့လွှတ်၍ သလွန်ပေါ်တွင် ရုပ်ကလာပ်ပြင်ရပါသည်။

ဖောက်ပြန်ရေးသမား အခေါ်ခံရသော ခေတ်ဟောင်း ၅ဝဝဝစား ဝန်ကြီးဟောင်းများတွင်လည်း ဆရာကြီး၏ “ခွေးမသား”အခေါ်မလွတ်သောသူ ရှားပါသည်။ နိုင်ငံရေးလုပ်သက်နည်းသော်လည်း (၁၉၃၅ ရေနံချောင်းညီလာခံတွင် သခင်ကိုယ်တော်မှိုင်းဘွဲ့ခံသည်မှ စစ်ပြီးစ လူသိနည်းသည့်ပါတီတခုတွင် ပါသည်အထိ) စာသက် ဆရာသက်ကများ၍ တပည့်ပေါခြင်းဖြစ်သည်။ ဖောက်လွဲဖောက်ပြန် အာဏာတန်စိုး မျှော်ကိုးသည့် လော်လီလော်မာ နိုင်ငံရေးအကျင့်လည်းကင်း၍ ထိုမျှအရှိန်အဝါကြီးသည် မှတ်ပါသည်။ သူ့တသက် အစိုးရရာထူးရဘူးသည်ဆို၍ ဂျပန်ခေတ် အဓိပတိအတိုင်ပင်ခံ လွှတ်တော်အမတ် ဖြစ်ဖူး၍ ရွှေတောင်ကြားတွင် နေရဘူးသည်သာ ရှိပါသည်။

၈၈ နောက် နိုင်ငံရေးတခေတ်တွင် လစ်ဘရယ်ဝါဒမှိုင်းကြောင့် ဆရာမှိုင်းကြီးကို ရှေးရိုးစွဲ အကြမ်းပတမ်းသမား မျိုးချစ်ဝါဒီဟု မနှစ်လိုသူများပေါ်လာပါသည်။ အထူးသဖြင့် ကံကောင်းထောက်မ၍ “စာဖြူ”သင်ရဘူးသည့် နိုင်ငံရေးလူထွက်ပိုင်းက ထိုအသံထွက်လေ့ရှိသည်။ မှိုင်းသည် ကာလကြိုက် ဒီမိုကရက် ဖြစ်ချင်မှဖြစ်မည်။ လူမျိုးခွဲခြားရေးအမြင်ကိုလည်း မဖုံးကွယ်ခဲ့ပါ။ ဆိုရှယ်လစ်ပင် သေချာဖြစ်သည်ဟု ကျနော်မမြင်ပါ။ ဆိုရှယ်လစ်တိုင်းပြည်များကို သဘောကျ၍ပြန်လာသူဟုသာ မှတ်ပါသည်။ သို့သော် သူ့တသက်တွင် “ကျွန်ဝယ်ရာအဆစ်ပါ” မည့် နိုင်ငံရေးပယောဂတို့ကို သတိနှင့် ဆင်ခြင်လေ့ ရှိပါသည်။

ထို့ကြောင့် ငြိမ်းချမ်းရေးလုပ်ဖော်ကိုင်ဘက်တချို့ သံရုံးခါးပိုက်တွင်းရောက်ကြသော်လည်း ဆရာကြီးတွင် ဆိုဗီယက်-တရုတ်လက်ကိုင်တုတ်ဟု တိုင်းပြည်ကငြိုငြင်စရာမရှိဘဲ သမာဓိသိက္ခာပြည့်စုံစွာနှင့် သေမင်းနိုင်ငံသို့ပါလေသည်။ ခေတ်သစ်မြန်မာပြည်တွင် တိုင်းပြည်၏ ကြည်ညိုလေးစားမှုကို ခံရဆဲ လောကီနယ်က ပုဂ္ဂိုလ်များအနက် ဝါအကြီးဆုံးလည်းဖြစ်သည်။မယုံက နောက် အနှစ် ၂ဝ တွင် ဒေါ်အောင်ဆန်းစုကြည်မှအပ ခေတ်ပေါ် နိုင်ငံရေးစူပါစတား ဆယ်ယောက်နှင့် ဆရာကြီး မည်သူ့ကို လူပိုသိမည်နည်း စောင့်ကြည့်စေချင်သည်။ မြန်မာပြည်နိုင်ငံရေးသမိုင်းတွင် တိုင်းပြည်နှင့်ချီ၍ ရေရှည်ခံ လူကြိုက်များနိုင်ငံရေးသမားဟူ၍ ဆရာမှိုင်းအပြင် ဦးဥတ္တမ၊ ဦးဝိစာရ၊ ဗိုလ်အောင်ကျော်၊ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်ဗဟိန်း၊ ဒေါ်စုနှင့် ကျောင်းသားခေါင်းဆောင်တချို့သာ ရှိပါသည်။

(၄)

ဗိုလ်ချုပ်အောင်ဆန်းမှာ သူ၏နိုင်ငံရေးစွမ်းပကားကြောင့် တိုင်းပြည် လွတ်လပ်ရေး ခေါင်းဆောင်အထိ ဖြစ်ခဲ့သော်လည်း တကယ်တမ်း မြန်မာပြည်နှင့် လူမျိုးကို ပျော့ညံ့သွေးအေး နိမ့်ပါးသည့်ဘဝမှ သူပုန်လူမျိုးအဖြစ် မီးထိုးတင်ပေးလိုက်သည်မှာ ယောဂီကြီးမစ္စတာမောင်မှိုင်း၏ တစ်တစ်ခွခွ ဋီကာများဖြစ်သည်။ ဆရာမှိုင်းကြီးစာများမှာ ဝေ့လည်ကြောင်ထိုး ပျော့ချိချိ ကြောင်စီစီ သမားဂုဏ်ပြစာများမဟုတ်ကြ။ သတင်းစာအတတ်ကို လူထုစွဲအောင် အစဉ်အလာအဆိုအပြောစာသဘောနှင့် တွဲ၍ ထူမပေးခဲ့သူလည်းဖြစ်သည်။

မြန်မာကာတွန်း၏ကျေးဇူးရှင် စာထိုးလေးချိုးဆရာကြီးလည်းဖြစ်သည်။ ခေတ်အဆက်ဆက် ချီးမြှောက်ရှုံ့ချစသည့် သတင်းသမားတို့ပြုဘွယ်ဝတ်ကို အထူးဝါယမစိုက်ကာ ကျေပွန်ခဲ့သည်။ လူရိုးကြီးဆရာမှိုင်း၏ အမြင်အတွေးအပြောအရေးတို့မှာ မျိုးဆက်သစ် နိုင်ငံရေးသမား အဆက်ဆက်၏ “ဆရာကိုင်” ဖြစ်လာကာ နယ်ချဲ့ပရိယာယ်တွင် အညံ့မခံပဲ လုံးဝလွတ်လမ်းကို ရောက်အောင် ပို့ဆောင်နိုင်ခဲ့သည်။

ဆရာမှိုင်း၏ဇွဲသတ္တိအမြော်အမြင်တို့မှာ ယနေ့ထက်တိုင် နိုင်ငံရေးသစ္စာလမ်းမှန်ပေါ်တွင် ထိန်ညီးဆဲဖြစ်၏။ ပီကာဆို၊ မဒမ်ဆွန်ယက်ဆင်မှ နယ်လ်ဆင်မန်ဒဲလားထိရဘူးသော စတာလင်ငြိမ်းချမ်းရေးဆုရှင် ဘားမိစ်ပရိုဖက်ဆာဆရာမှိုင်း (ဗဟန်းနေရှင်နယ်ကောလိပ်)၏ ပညာရေး အမျိုးသားရေး ဘာသာရေး စာပေယဉ်ကျေးမှု လုပ်ဆောင်ချက်များကို “ခွေးမသား”လူမိုက်လက်သစ်များ ခြေနှင့်မဖျက်ပဲ ဆက်ခံ အခြေမြှင့်နိုင်ကြပါစေကုန်။

Most read this week