ပြည်သူ့စစ်အသွင် ပြောင်းသွားသော စိန်ကျော့ ဌာနေ ပြည်သူ့စစ် ခေါင်းဆောင် ဦးလွယ်မောဝ်းအား သျှမ်းပြည် တပ်မတော် SSPP/SSA နှင့် တိုက်ခိုက် နေသည့် နအဖတပ်နှင့်အတူ သွားရောက်အားဖြည့် ...
ပြည်သူ့စစ်အသွင် ပြောင်းသွားသော စိန်ကျော့ ဌာနေ ပြည်သူ့စစ် ခေါင်းဆောင် ဦးလွယ်မောဝ်းအား သျှမ်းပြည် တပ်မတော် SSPP/SSA နှင့် တိုက်ခိုက် နေသည့် နအဖတပ်နှင့်အတူ သွားရောက်အားဖြည့်ပေးရန် ရမခတိုင်းရုံးက အကြိမ်ကြိမ် ခေါ်ယူပြောဆိုခဲ့သည်ဟု သိရသည်။
“ဒီလ ဆန်းပိုင်းထဲမှာဘဲ မိုင်းရယ်က ဗျူဟာမှူး ခေါ်ပြောတယ်။ ဗမာ့တပ်မတော်ကို အားဖြည့် ကူတိုက်ဖို့ပေါ့။ ဦးလွယ်မောဝ် က -‘ မလွန်ဆန်နိုင်လို့ ကူတိုက်ဖို့ လိုက်သွားခဲ့ရရင်လဲ ကျနော်တို့ ပြည်သူ့စစ်တွေ တခုခု ပြောင်းလဲသွားရင် ကျနော်တို့ တာဝန်မယူဘူး ’ လို့ပြန်ဖြေတယ်။ ပြောချင်တာက တိုက်ပွဲထဲရောက်လို့ စိတ်ပြောင်းပြီး ဟိုဖက်နဲ့ သွားပေါင်းလိုက်ရင်၊ ဗမာဖက် သေနတ်ပြောင်းဝ ပြန်လှည့်ခဲ့ရင် တာဝန်မယူဘူး ပေါ့။ အဲ့နောက်ပိုင်း ဗမာတပ်ဖက်ကလဲ ကူတိုက်ဖို့ မခေါ်တော့ဘူး” ဟု ၎င်းပြည်သူ့စစ် တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ယခုလ ၁၇-၁၈ ရက်နေ့က ရမခ စစ်တိုင်းရုံးမှ ဂျီဝမ်းက နောက်ဆုံး ခေါ်ယူပြောဆို ရာတွင်မူ ဝမ့်ဟိုင်းတပ်အား တိုက်ရိုက် ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ သွားရောက် ကူညီပေးခြင်းမပြုရ ဟု ဆို၏။
ဦးလွယ်မောဝ်က “ခင်ဗျားတို့ ဖြစ်နေတဲ့ကိစ္စ ကျနော်တို့နဲ့ တိုက်ရိုက်မဆိုင်ဘူး။ ကျနော်တို့ ဝင်ပါဖို့ အကြောင်းမရှိဘူး။ ကျနော်တို့ကို ခေါင်းချင်းတိုက်အောင်လဲ မလုပ်ပါနဲ့” ဟု ပြန်ဖြေခဲ့ကြောင်း ဆက်ပြောပြသည်။
၂၂ ရက်ကလည်း စိန်ကျော့ဌာနေပြည်သူ့စစ်တပ်စခန်းအနီး ကောင်းစဝ်မိန်းကုန်း၌ တပ်စွဲထား သောဝမ့်ဟိုင်းတပ်ဖွဲ့ တပ်စခန်းသို့ နအဖစစ်တပ်ကချဉ်းကပ်နေရာယူလိုက်ကြောင်း၊ ဝမ့်ဟိုင်းတပ် ဆုတ်ပေးရန် စိန်ကျော့ပြည်သူ့စစ်အား ပြောခိုင်းသော်လည် ဝမ့်ဟိုင်းတပ်ဖွဲ့သည် စိန်ကျော့တပ်ဖွဲ့လက်အောက်ခံမဟုတ်တော့သဖြင့် သွားမပြောပေးနိုင်ဟု ဆို၏။
“ချဉ်းကပ်တပ်ဖြည့် လာတဲ့ ဗမာတပ်က အင်အား ၂၀၀ ကျော်လောက်ရှိမယ်။ ဝမ့်ဟိုင်းဘက်က တပ်မဆုတ်ရင် ပစ်ခတ် မယ်လို့ စိန်ကျော့အဖွဲ့ကို ဗမာက သွားပြောခိုင်းတာ။ စိန်ကျော့ကလဲ သူသွားပြောလို့မရဘူးလေ။ သူတို့ နယ်မြေထဲမှာ တိုက် ပွဲမဖြစ်စေချင်တဲ့အကြောင်းတော့ ဗမာတပ်ကိုပြောလိုက်တယ် ဆိုဘဲ” ဟု စိန်ကျော့နှင့် ဝမ့်ဟိုင်းမိသားစုဝင်များ ကပြော သည်။
ဧပြီလက ပြည်သူ့စစ်အသွင်ပြောင်းသွားသော ယခင် မြောက်ပိုင်း SSA (ဥက္ကဌဟောင်း) ဦးလွယ်မောင်းနှင့် (ဒုဥက္ကဌ ဟောင်း) ဦးကိုင်ဖှတို့၏ စိန်ကျော့ဌာနချုပ်ကို ဌာနေပြည်သူ့စစ် အမှတ် ၁ ၊ သီပေါမြို့နယ် မိန်းခေး အခြေစိုက် ယခင်တပ် မဟာ ၃ ကို ဦးလှမြင့်ဦးဆောင်သည့် ဌာနေပြည်သူ့စစ် အမှတ် ၂ ၊ ကွန်ဟိန်းမြို့နယ် ကာလိအခြေစိုက် ယခင်တပ်မဟာ ရ ကို ဦးလောင်ကွန်း ဦးဆောင်သည့် ဌာနေပြည်သူစစ်အမှတ် ၃ စသဖြင့် အသီးသီးပြောင်းလဲ သတ်မှတ်ခဲ့သည်။