လှုပ်ခတ်မှု ပြင်းအား ရ အဆင့်ရှိ ငလျင်တခု ကြာသပတေးနေ့ မြန်မာစံတော်ချိန် ည ၈း၂၅ မိနစ်က လှုပ်ခတ်သွားကြောင်း အမေရိကန် မြေငလျှင် တိုင်းတာရေးဌာနက ထုတ်ပြန်သည်။ ...
ဘန်ကောက်(မဇ္စျိမ)။ လှုပ်ခတ်မှု ပြင်းအား ရ အဆင့်ရှိ ငလျင်တခု ကြာသပတေးနေ့ မြန်မာစံတော်ချိန် ည ၈း၂၅ မိနစ်က လှုပ်ခတ်သွားကြောင်း အမေရိကန် မြေငလျှင် တိုင်းတာရေးဌာနက ထုတ်ပြန်သည်။
ငလျင်၏ ဗဟိုချက်မမှာ မြောက်လဒ်တီတွဒ် ၂၀.၈၉၈ ဒီဂရီနှင့် အရှေ့လောင်တီကျူ့ ၉၉.၈၈၃ ဒီဂရီဖြစ်ပြီး မြန်မာပြည်ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၏ အရှေ့မြောက် ကျိုင်းတုံဒေသ၏ မြေအောက် ၁၄၂.၅မိုင် အနက်ကို ဗဟိုပြုကာ လှုပ်ခတ်သွားခြင်း ဖြစ်သည်။
တာချီလိတ်မြို့တွင် ငလျင်လှုပ်ခတ်ခဲ့ခြင်းကြောင့် လူများအိမ်အပြင်ထွက်၍ အော်ဟစ်နေကြပြီး ထိတ်လန့်ခဲ့ရသည်ဟု ဒေသခံတဦးမှပြောသည်။ မန္တလေး ဒေသခံများကမူ ၅ စက္ကန့်ခန့် လှုပ်သွားသည်ကို ထိုင်ခုံလှုပ်နေ၍ သိရှိရကြောင်း ဆိုသည်။ ကြာချိန် ၃ မိနစ်ခန့် လှုပ်ခတ်သည့် ပဲခူးတွင် မြေငလျင်သည် တောင်မြောက် လှုပ်ခတ်ခဲ့ပြီး မူးနောက်မှုကို ခံစားခဲ့ကြရသည်ဟု ဒေသခံများက ဆိုသည်။ ရန်ကုန်အင်တာနက်ဆိုင်တခု ဒေသခံတဦးက ၃ မိနစ်ခန့် ငလျင်လှုပ်နေကြောင်းကို ရေများ လှုပ်ခတ်နေကတည်းက သိရှိလိုက်သည်ဟု ဆိုသည်။
ဗဟိုချက်မနှင့် ၁၅၆ မိုင် ဝေးကွာသော ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အိမ်နံရံများ ခါကုန်သည်အထိ ၁၅ စက္ကန့်ခန့်လှုပ်ကြောင်း ဒေသခံများမှ ပြောဆိုသည်။ ကနဦး အသေအပျောက် သတင်းများကို မသိရှိရသေးသော်လည်း တာချီလိတ်နှင့်ကပ်လျက် ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဆိုင်မြို့တွင် လူတဦး သေဆုံးကြောင်း ထိုင်းရုပ်မြင်သံကြား MCOT မှ အစီရင်ခံသည်။