ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယအစည်းအဝေးမှစ၍ လွှတ်တော်အမတ်များကို စိစစ်နိုင်ရန် စိစစ်ရေးကော်မတီ ဖွဲ့စည်းရာ၌ အဖွဲ့ဝင် ၂၂ ဦးအနက် ၁၈ ဦးမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး အမတ်များ ဖြစ်နေ ...
ချင်းမိုင် (မဇ္စျိမ) ။ ။ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယအစည်းအဝေးမှစ၍ လွှတ်တော်အမတ်များကို စိစစ်နိုင်ရန် စိစစ်ရေးကော်မတီ ဖွဲ့စည်းရာ၌ အဖွဲ့ဝင် ၂၂ ဦးအနက် ၁၈ ဦးမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး အမတ်များ ဖြစ်နေသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ၂ ဦးစီဖြင့် စုစုပေါင်း ၄ ဦး ပါဝင်ကာ ကျန် ၁၈ ဦးကို ကြံ့ဖွံ့အမတ်များအဖြစ် ဗုဒ္ဓဟူးနေ့ ၁၄ ကြိမ်မြောက် ပြည်ထောင်စု လွှတ်တော်က ကန့်ကွက်သူမရှိ ဖွဲ့စည်းပေးလိုက်ခြင်း ဖြစ်သည်။
ယင်းကော်မတီက အမတ်များကို ကတ်ပြားထုတ်ပေးခြင်း၊ လွှတ်တော်အဝင်အထွက် စစ်ဆေးခြင်း၊ လွှတ်တော်ထံ တင်ပြသည့် စာရွက်စာတမ်းများအား စိစစ်၍ လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြခြင်းတို့ ပြုလုပ်ရမည် ဖြစ်သည်။
“ခါတိုင်း လွှတ်တော်ရေးရာ ကော်မတီတွေမှာ ကြံ့ဖွံ့ပါတီနဲ့ တိုင်းရင်းသားပါတီတွေကို ၅ ပုံ ၁ ပုံ၊ ၄ ပုံ ၁ ပုံ လောက် ပါနေတာ တွေ့ရတယ်။ အခု မတရားဘူး။ ဒါသည် ပြည်ထောင်စုအဆင့် မပါဘူး သတ်မှတ်တယ်။ သူတို့လူတွေပဲ ထပ်ထည့်လိုက်တော့ သူတို့ နေရာတကာ အားလုံးယူတဲ့ သဘောပဲ။ သူတို့က စိစစ်လာမယ်ဆိုရင် မသမာမှုတွေ သူတို့ထဲမှာတင် အများကြီး ရှိလာနိုင်တယ်” ဟု အမတ်တဦးက မဇ္စျိမကို ပြောသည်။
ပြီးခဲ့သည့် မတ်လ ရ ရက်နေ့တွင်လည်း ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများတွင် အစိုးရ၏ အာမခံချက်၊ ကတိနှင့် ဝန်ခံချက်များကို ဆောင်ရွက်ရန် စိစစ်ရေးကော်မတီတရပ် ဖွဲ့စည်းခဲ့သေးသည်။
ယင်းကော်မတီသည် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ရ၁ အရ “လွှတ်တော်တွင် ပြည်ထောင်စု အစိုးရက အခါအားလျော်စွာ ပေးခဲ့သည့် အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များကို လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိ စိစစ်ပြီး လွှတ်တော်သို့ တင်ပြရမည်” ဟု ပြဋ္ဌာန်းပါရှိသည်။
၎င်းတို့၏ တာဝန်မှာ လွှတ်တော်အမတ်များ၏ မေးမြန်းချက်ကို ဖြေကြားသည့် ပြည်ထောင်စုအဖွဲ့အစည်းက မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ဆိုသည့် စကား၊ ကတိ၊ အာမခံချက်များကို မှတ်တမ်းတင်ထားပြီး စိစစ်ရမည်။ ထို့အပြင် ပြည်ထောင်စု အစိုးရအဖွဲ့က တင်သွင်းသော ဥပဒေကြမ်း၊ ဆုံးဖြတ်ချက်၊ အဆို သို့မဟုတ် အစီရင်ခံစာများနှင့် စပ်လျဉ်းပြီး ကတိပြုထားသည့် အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များကိုလည်း စိစစ်ရမည်ဖြစ်သည်။
လွှတ်တော် နှစ်ရပ်လုံးတွင် ကော်မတီ ၄ ရပ်စီ ဖွဲ့စည်းခဲ့ရာ ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းတွင် စိစစ်ရေးကော်မတီ အပါအဝင် ဥပဒေကြမ်း၊ ပြည်သူ့ငွေစာရင်းနှင့် လွှတ်တော်အခွင့်အရေး ကော်မတီတို့ ဖွဲ့စည်းခဲ့သည်။
ထိုကော်မတီဝင်အားလုံး၏ လုပ်ပိုင်ခွင့် သက်တမ်းများကို လွှတ်တော်က တနှစ်ပြည့်သောအခါ ပြန်လည်သုံးသပ်ပြီး သင့်လျော်သလို လဲလှယ်အစားထိုး တာဝန်ပေးအပ်မည် ဖြစ်သည်။
အလားတူ ဗုဒ္ဓဟူးနေ့တွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တိုင်းရင်းသားလူမျိုးများအရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ လူမှုရေး၊ နိုင်ငံခြားရေးတို့အပြင် အခြားရေးရာကိစ္စများကို လေ့လာတင်ပြစေရေးအတွက် လွှတ်တော်နှစ်ရပ်လုံး ညှိနိုင်းနိုင်ရန် ပူးပေါင်းကော်မတီများ ဖွဲ့စည်းခဲ့သည်။
လွှတ်တော်ကော်မတီ ၄ ရပ်က ဆောင်ရွက်ရမည့် ကိစ္စများမှအပ အကြောင်းကိစ္စ တရပ်ရပ်ကို လွှတ်တော်နှစ်ရပ်လုံးက လေ့လာရန်ရှိပါက လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့ ညှိနိုင်း၍ တူညီသော ကိုယ်စားလှယ်များ ပါဝင်သော ယင်းသို့သော ပူးပေါင်းကော်မတီကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ထိုပူးပေါင်းကော်မတီများ၏ သက်တမ်းသည် သက်ဆိုင်ရာ လွှတ်တော်များသို့ အစီရင်ခံစာ တင်သွင်းပြီးသည့် အချိန်အထိ ဖြစ်သည်။
စိစစ်ရေးကော်မတီ ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွတ်တော် စာရင်း