မြန်မာနိုင်ငံတွင် စစ်မှန်သောသတင်းများ ရှားပါးဆဲ

မြန်မာနိုင်ငံတွင် စစ်မှန်သောသတင်းများ ရှားပါးဆဲ
by -
ဇွန်ခေါင်

မြန်မာနိုင်ငံတွင် သတင်းစာများသည် သာမန်ပြည်သူများအတွက် နာရေးသတင်း ဖတ်ရှုရန်အတွက်လောက်သာ အသုံးဝင်တော့သည်။ သတင်းစာတစောင် မျက်စေ့ရှေ့မှောက် ရောက်ရှိလာလျှင် အများစု ...

မြန်မာနိုင်ငံတွင် သတင်းစာများသည် သာမန်ပြည်သူများအတွက် နာရေးသတင်း ဖတ်ရှုရန်အတွက်လောက်သာ အသုံးဝင်တော့သည်။ သတင်းစာတစောင် မျက်စေ့ရှေ့မှောက် ရောက်ရှိလာလျှင် အများစုက မည်သည့်သတင်းများ ပါရှိသည်ကို စိတ်ဝင်စားမှု မရှိတော့ဘဲ နာရေးကြော်ငြာ ပါရှိသည့် စာမျက်နှာသို့သာ လှန်လှောဖတ်ရှုကြတော့သည်။

လွန်ခဲ့သော အနှစ် ၂ဝ ခန့်က ပုဂ္ဂလိက ဂျာနယ်၊ မဂ္ဂဇင်းများမှ သတင်းအများစုသည်လည်း နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင်များနှင့် အဆိုတော်များ၏ အတင်းအဖျင်းများနှင့်သာ ပြည့်နှက်နေသဖြင့် အများက အဝါရောင် သတင်းတင်ဆက်မှု yellow journalism ဟု သမုတ်ခဲ့ကြသည်။

ယခုနောက်ပိုင်းတွင်မူ ပုဂ္ဂလိက မီဒီယာများသည် လူအများ စိတ်ဝင်စားနေသည့် စီးပွားရေး သတင်းများနှင့် တရားဝင် မှတ်ပုံတင်ထားကြသည့် နိုင်ငံရေးပါတီများနှင့် ပတ်သက်သည့် နိုင်ငံရေး သတင်းများကို ဖော်ပြလာကြသဖြင့် အနည်းငယ် တိုးတက်ပြောင်းလဲလာသည်ဟု ဆိုနိုင်သည်။

ယခုရက်ပိုင်းအတွင်း အစိုးရသည် တတိယမြောက် နေ့စဉ်ထုတ် သတင်းစာတစောင်ကို ထုတ်ဝေရန် ပြင်ဆင်နေသည်။ သို့သော် သတင်းလွတ်လပ်ခွင့်နှင့် ပုဂ္ဂလိက နေ့စဉ်သတင်းစာများ ထုတ်ဝေခွင့် မပေးခဲ့လျှင် အရေးကြီးသည့် သတင်းအချက်အလက်များ မပါသည့် သတင်းများ၊ အစိုးရဌာနများ၏ ထုတ်ပြန် ကြေညာမှှုများဖြင့်သာ ပြည့်နှက်နေသည့် အစိုးရထုတ် သတင်းစာများကိုသာ ဖတ်ရှုနေရပေလိမ့်မည်။

အနောက်နိုင်ငံများတွင် တွေ့ရလေ့ရှိသော လွတ်လပ်သည့် သတင်းတင်ဆက်မှု ပုံစံများနှင့် ပြည်သူ့သဘောထား အမြင်များအတွက် မြန်မာနိုင်ငံ သတင်းစာလောကတွင် နေရာမရှိသေးပေ။

မြန်မာ့မီဒီယာလောကအတွက် နောက်ထပ် အားနည်းချက်တခုမှာ အများပြည်သူနှင့် သက်ဆိုင်သော အဖွဲ့အစည်းများ အနေဖြင့် သတင်းအချက်အလက်များ ထုတ်ပြန်ရန်အတွက် မီဒီယာကို ကောင်းစွာ အသုံးပြုနိုင်မှု မရှိခြင်း ဖြစ်သည်။ ပုဂ္ဂလိက အဖွဲ့အစည်းများ အနေဖြင့်လည်း မီဒီယာကို ကောင်းစွာ အသုံးချနိုင်ချင်း မရှိသေးဘဲ ၎င်းတို့၏ အခန်းကဏ္ဍမှာ မြန်မာနိုင်ငံတွင် မှေးမှိန်နေသည်။

အနောက်နိုင်ငံများ၏ အယူအဆတခုဖြစ်သော အစိုးရနှင့် အစိုးရ အရာရှိများသည့် ပြည်သူကို အလုပ်အကျွေး ပြုရမည့် ပြည့်သူ့အစေခံများ ဖြစ်သည်ဟူသော အယူအဆမှာ မြန်မာနိုင်ငံတွင်တော့ အဓိပ္ပာယ် ကင်းမဲ့နေသည်။

ထို့ပြင် ပြည်သူ့ဆက်ဆံရေး ဌာနများတွင် တာဝန်ယူထားကြသည့် အစိုးရဝန်ထမ်းများသည် လုံခြံုရေး အက်ဥပဒေများကို ကြောက်ရွံ့ကြသဖြင့် မီဒီယာများက မေးမြန်းလာသည့် မေးခွန်းများကို ဖြေဆိုရန် မဝံ့မရဲ ဖြစ်နေကြသည်။ အစိုးရက မကြာခင် ထုတ်ဝေတော့မည့် တတိယမြောက် သတင်းစာဖြစ်လာမည့် မြဝတီ သတင်းစာအကြောင်း စုံစမ်းမေးမြန်းခဲ့ရာတွင် တာဝန်ယူထားသည့် စစ်ဘက်မှ အရာရှိများသည် အသေးစိတ် ဖြေဆိုရန် ငြင်းဆန်ခဲ့ကြသည်။

မြန်မာ့မီဒီယာ လောကကို သတိထား လေ့လာစောင့်ကြည့်နေကြသူ မှန်သမျှ ဖြစ်ရိုးဖြစ်စဉ်မဟုတ်သည့် ထူးခြားမှှုများနှင့် ပြည့်နှက်နေသည်ကို တွေ့ရှိပေလိမ့်မည်။ အစိုးရဌာနများတွင် သတ်မှတ်ထားသည့် ရက်များသည် မကြာခဏ ပြောင်းလဲနေကြပြီး၊ တာဝန်ယူထားကြသည့် အစိုးရ အရာရှိများကိုယ်တိုင် မိမိတို့ဌာန၏ အနာဂတ် လုပ်ငန်းစဉ်ကို ရေရေရာရာ မသိရှိကြပေ။

အာဏာပိုင်များ၏ မူဝါဒ အပြောင်းအလဲများကလည်း မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်။ ဥပမာပြရလျှင် စိုက်ပျိုးရေး ကဏ္ဍတွင် ပုဂ္ဂလိကပိုင် လွှဲပြောင်းပြီးနောက်ပိုင်းတွင် နိုင်ငံခြားသို့ ဆန်တင်ပို့မှုအား ပိတ်ပင်ခဲ့ပြီး မကြာခင်မှာပင် ပိတ်ပင်မှုအား ပြန်လည်ရုပ်သိမ်းခဲ့သည်။ ပြည်တွင်းစျေးနှုန်း အပြောင်းအလဲပေါ် မူတည်၍ မူဝါဒ ကစားခဲ့ခြင်း ဖြစ်သည်။ မူဝါဒများ အပြောင်းအလဲ များလွန်းသဖြင့် မီဒီယာအချို့၏ ဆောင်းပါးများသည် အကြောင်းအရာ တခုတည်းကိုပင် ဆောင်းပါး တခုနှင့်တခု ဆန့်ကျင်ကွဲလွဲမှုများ ရှိခဲ့ကြသည်။

မြန်မာ့ပြည်တွင်း မီဒီယာများ၏ ဆောင်းပါးများကို သေချာစွာ လေ့လာကြည့်လျှင် အချို့ဆောင်းပါးများသည် အစိုးရ၏ မူဝါဒများအား ပွင့်ပွင့်လင်းလင်း ဝေဖန်ထားခြင်း မရှိသော်လည်း အစိုးရအား အကြံပေးရန် ကြိုးစားထားသည်ကို တွေ့နိုင်သည်။ ထို့ပြင် ထိုဆောင်းပါးများတွင် ထိုကဲ့သို့ သွယ်ဝိုက်အကြံပေးသူများ၊ သတင်းအရင်းအမြစ်များ၏ အမည်ကို ဖော်ပြလေ့ မရှိပေ။

အစိုးရ၏ ပြင်းထန်တင်းကျပ်လှသော စာပေစိစစ်မှှု မူဝါဒ ရှိနေသေးသရွေ့ ကြောက်ရွံမှှုများ၊ မလုံခြံုမှှုများနှင့် စိတ်မချနိုင်မှှုများ ဆက်လက်တည်ရှိနေပေလိမ့်မည်။ ကြောက်ရွံ့မှှုများ မပပျောက်သေးခင် အချိန်အထိ မြန်မာနိုင်ငံ ပြည်တွင်းပြည်ပ၌ ဖြစ်ပျက်နေကြသည့် အကြောင်းအရာများနှင့် သဘောထားအမြင်များကို လွတ်လပ်စွာ ရေးသားဖော်ပြနိုင်ကြသည့် ပြည်ပမြန်မာမီဒီယာများအတွက် နေရာတခု ရှိနေပေလိမ့်မည်။ ကန့်သတ်မှုများနှင့် ကြောက်ရွံမှုများ မရှိတော့သည့် အချိန်တွင်မူ မြန်မာနိုင်ငံ၌ လွတ်လပ်သော မီဒီယာများ ပေါ်ပေါက်လာပေလိမ့်မည်။

Most read this week