နိုင်ငံရေး အကျဉ်းသား လွှတ်လျှင် တိုင်းပြည်ပြဿနာ ရှင်းနိုင်မည်

နိုင်ငံရေး အကျဉ်းသား လွှတ်လျှင် တိုင်းပြည်ပြဿနာ ရှင်းနိုင်မည်
by -
ကိုပေါက်

လူမှုနယ်ပယ်များ၌ သြဇာညောင်းသည့် နိုင်ငံရေး အကျဉ်းသားများကို ထိန်းသိမ်းမည့်အစား တွေ့ဆုံဆွေးနွေးပါက ပြည်သူကို စည်းရုံးနိုင်မည့်အပြင် တိုင်းပြည် ပြဿနာများကိုပါ ဖြေရှင်းနိုင်မည် ...

နယူးဒေလီ (မဇ္စျိမ) ။       ။ လူမှုနယ်ပယ်များ၌ သြဇာညောင်းသည့် နိုင်ငံရေး အကျဉ်းသားများကို ထိန်းသိမ်းမည့်အစား တွေ့ဆုံဆွေးနွေးပါက ပြည်သူကို စည်းရုံးနိုင်မည့်အပြင် တိုင်းပြည် ပြဿနာများကိုပါ ဖြေရှင်းနိုင်မည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP-B က ပြောသည်။

နာမည်ဆိုးနှင့် ကျော်ကြားသော အင်းစိန်ထောင်ရှေ့ မြင်ကွင်း (ဓါတ်ပုံ မဇ္စျိမ)ဗုဒ္ဓဟူးနေ့တွင် ကျရောက်သည့် ထိုင်းနိုင်ငံအခြေစိုက် AAPP-B တည်ထောင်ခြင်း ၁၁ နှစ်ပြည့်တွင် တွဲဘက် အတွင်းရေးမှူး ကိုဘိုကြည်က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ဒီလူတွေကို ထောင်ထဲမှာ ထည့်ထားမယ်၊ နှိပ်စက်ညှဉ်းပန်းနေမယ်ဆိုရင် ဒါဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် မလိုလားတာ၊ အသွင်ကူးပြောင်းရေး အတွက်ကို မလိုလားတာလို့ ပြောလို့ ရပါတယ်” ဟု သူက မဇ္စျိမကို ပြောသည်။

၁၁ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ အကျဉ်းထောင်အချို့၌ စာရေး စာဖတ်ခွင့်နှင့် လမ်းလျှောက်ခွင့်ကို တနေ့လျှင် မိနစ် ၂ဝ မှ ၁-၂ နာရီအထိ တိုးမြှင့်ရရှိလာသဖြင့် တိုးတက်မှု အနည်းငယ် ရှိလာသော်လည်း အခြားသော အဓိကကျသည့် တိုးတက်မှုများ လိုအပ်နေသေးသည်ဟု ဆိုသည်။

“အစားအသောက်က အရင်အတိုင်းပဲ တိုးတက်မှု မရှိသေးဘူး။ နေရာထိုင်ခင်း အနေအထားအရ ဥပမာ အင်းစိန်ထောင်မှာဆိုရင် လူ ၅ဝဝဝ/၆ဝဝဝ လောက်ပဲ ဆံ့တဲ့ဟာက လူ ၉ဝဝဝ/၁ဝဝဝဝ လောက် ဖြစ်နေတော့ အရမ်းကျဉ်းတယ်။ ကျန်းမာရေး စောင့်ရှောက်မှုမှာလည်း အရင်ကထက် ပိုပြီးဆုတ်ယုတ်လာတယ်လို့ ပြောလို့ရတယ်” ဟု ကိုဘိုကြည်က ပြောဆိုသည်။ နှိပ်စက်ညှဉ်းပန်းမှုများမှာလည်း အချို့ထောင်များ၌ ဆက်ရှိနေသေးသည်ဟု ဆိုသည်။

AAPP-B ဖွဲ့စည်းမှု ၁၁ နှစ်မြောက် အခမ်းအနားအား ရုံးစိုက်ရာ မဲဆောက်မြို့၌ ယနေ့ကျင်းပခဲ့ကြပြီး၊ စာရေးဆရာမ နှင်းပန်းအိမ်၏ ‘အမှောင်လှိုင်းထဲက သူရဲကောင်းတို့တိုင်းပြည်’ စာအုပ်အား ဖြန့်ဝေခဲ့သည်။ အဆိုပါစာအုပ်မှာ လွတ်လပ်သော အာရှအသံ RFA ၌ အပတ်စဉ် တင်ဆက်နေသော ဆောင်းပါး ၄ဝ ကျော်အား စုစည်းဖော်ပြထားခြင်း ဖြစ်သည်။

နာမည်ဆိုးနှင့် ကျော်ကြားသော အင်းစိန်ထောင်ရှေ့ မြင်ကွင်း (ဓါတ်ပုံ မဇ္စျိမ)ဆရာမ နှင်းပန်းအိမ် မြန်မာပြည်တွင်း ရှိနေစဉ်က ထောင်ဝင်စာ သွားရောက်ခဲ့ရသည့် ကလေး၊ ခန္တီး၊ မိုင်းဆက်၊ မြစ်ကြီးနား၊ ဘူးသီးတောင် ထောင်များအကြောင်းနှင့် အကျဉ်းထောင်တွင်း ကျဆုံးသွားခဲ့ရသော အာဇာနည်များ၊ အကျဉ်းကျခံ သူရဲကောင်းများအကြောင်း ရေးဖွဲ့ထားခြင်း ဖြစ်သည်။

AAPP-B ကို နိုင်ငံရေးအကျဉ်းသားဟောင်းများက သက္ကရာဇ် ၂ဝဝဝ ပြည့်နှစ်တွင် စတင်ဖွဲ့စည်းခဲ့ကြပြီး၊ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးအတွက် နိုင်ငံတကာတွင် လှုံ့ဆော်ခြင်းကို ကျယ်ပြန့်စွာ လုပ်ဆောင်နိုင်ခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသားများအား ကူညီရေးလုပ်ငန်းများကိုမူ အပြည့်အဝ မလုပ်ဆောင်နိုင်ခဲ့ကြောင်း ကိုဘိုကြည်က ပြန်လည်သုံးသပ်သည်။

“နိုင်ငံရေးအကျဉ်းသားပေါင်း ၂ဝဝဝ ကျော် ရှိတဲ့အထဲမှာ ကျနော်တို့ လက်လှမ်းမီတာက ၁ဝဝဝ ကျော်ကျော်လောက်ပဲ ရှိတယ်။ ကျနော်တို့မှာ ငွေရေးကြေးရေးအရလည်း အခက်အခဲတွေရှိတယ်” ဟု သူက ဆိုသည်။

နိုင်ငံရေးအကျဉ်းသား ကူညီရေးကိစ္စများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ဆောင်ရွက်နေသည့်အပေါ် ထောက်ခံကြိုဆိုကြောင်းနှင့် ပြည်သူလူထုတရပ်လုံးကလည်း ထဲထဲဝင်ဝင် ပူးပေါင်းပါဝင်လာမှသာ အကျဉ်းသားများနှင့် ၎င်းတို့၏ မိသားစုဝင်များ၏ အခက်အခဲများအား ယခုထက်ပို၍ ဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း ပြောဆိုသည်။