တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုရက်ပိုင်း၌ မီးမလာသဖြင့် မြို့ခံကျောင်းသားများ ဆူပူမှုဖြစ်ခဲ့ပြီးနောက် ည စာကျက်ချိန်များတွင် မီးပုံမှန်ပြန်ရလာကြောင်း မော်လမြိုင် အစိုးရဝန်ထမ်းများနှင့် မြို့ခံများက ပြော ...
ချင်းမိုင် (မဇ္ဈိမ) ။ ။ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုရက်ပိုင်း၌ မီးမလာသဖြင့် မြို့ခံကျောင်းသားများ ဆူပူမှုဖြစ်ခဲ့ပြီးနောက် ည စာကျက်ချိန်များတွင် မီးပုံမှန်ပြန်ရလာကြောင်း မော်လမြိုင် အစိုးရဝန်ထမ်းများနှင့် မြို့ခံများက ပြောသည်။
ယခုလ ရ ရက်မှစသည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲရက် စာကျက်ချိန် မီးမလာသဖြင့် မြို့ခံကျောင်းသားများ စုဝေးကာ မော်လမြိုင် ငန်းတေးရပ်ရှိ လျှပ်စစ်ဓာတ်အားပေး စက်ရုံနှင့် မန္တလေးရပ်ရှိ မြို့နယ် လျှပ်စစ် အင်ဂျင်နီယာရုံးများကို ခဲဖြင့် ပစ်ပေါက်ခဲ့ကြပြီး နောက်တနေ့မှစ၍ မီးပုံမှန်လာကြောင်း မြို့ပေါ်ရှိ အထက ၉ ကျောင်းဆရာမ တဦးက ပြောသည်။
“အခုတော့ မီးက ညတိုင်း ပုံမှန်ရနေပြီ။ နေ့ခင်းဘက်တော့ ပြတ်တယ်။ အခုတောင် ပြတ်နေတယ်။ အရင်တုန်းကတော့ နေ့ရော၊ ညရော အတိုင်းအတာမရှိ ပြတ်တယ်။ လျှပ်စစ်ရုံးကို ခလေးတွေ သွားအော်ပြီးကထဲက ညတိုင်း မီးမှန်နေတယ်” ဟု ကျောင်းဆရာမ တဦးက မဇ္စျိမကိုပြောသည်။
တက္ကသိုလ် ဝင်တန်း စာမေးပွဲဖြေဆိုနေကြသည့် ကျောင်းသူ/သားများ ယနေ့ ရူပဗေဒ ဘာသာဖြေဆိုကြပြီး မနက်ဖြန် အင်္ဂါနေ့တွင် ဇီဝဗေဒနှင့် ကြာသပတေးနေ့တွင် နောက်ဆုံး ဘာသာအဖြစ် ဘောဂဗေဒ ဖြေဆိုရမည်ဟု သိရသည်။
ကျောင်းသားများ ဆူပူခဲ့ပြီးနောက် လျှပ်စစ်မီး ညစဉ်ပုံမှန်ပေးခဲ့သလို ကျောင်းသားများ ခဲဖြင့်ပေါက်ခဲ့သည့် ငန်းတေးရပ်ရှိ လျှပ်စစ်ဓာတ်အားပေး စက်ရုံနှင့် မန္တလေးရပ်ရှိ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးများကို သာမက မီးရုံးခွဲများနှင့် လမ်းဆုံ၊ လမ်းခွများတွင်ပါ ယခုလ ၁၁ ရက်နေ့မှ စ၍ ရဲအစောင့်အကြပ် ထားရှိကြောင်း မြို့ခံ ကျောင်းသားများက ပြောသည်။
“စက်ရုံနဲ့ မီးခွဲရုံးတွေမှာ အစောင့်တွေချထားတယ်။ ရဲတွေ အလုပ်ရနေတယ်။ မီးစောင့်နေရတယ်။ နောက် လမ်းဆုံ၊ လမ်းခွ တွေမှာ ရဲတွေ စောင့်နေရတယ် ” ဟု မြို့ခံ တက္ကသိုလ် ကျောင်းသားတဦးက မဇ္စျိမကို ပြောသည်။
စာမေးပွဲဖြေဆိုနေသည့် ရက်ပိုင်းအတွင်း ယခုလို ပုံမှန်မီးပေးနေပါက ပြဿနာ မရှိသော်လည်း မီးထပ်ပြတ်ပါက ဒီထက်ပို၍ တောင်းဆိုသွားရန် ကျောင်းသားများဘက်က အဆင်သင့်ရှိကြောင်း သူက ဆက်ပြောသည်။
ယခုလ ၈ ရက်က စာမေးပွဲကာလ မီးပြတ်ခြင်းကြောင့် ငန်းတေးရပ်ရှိ လျှပ်စစ်ဓာတ်အားပေး စက်ရုံနှင့် မန္တလေးရပ်ရှိ မြို့နယ် လျှပ်စစ် အင်ဂျင်နီယာရုံးတို့ကို ကျောင်းသားများ ဆိုင်ကယ်များဖြင့်သွားကာ ခဲဖြင့် ပစ်ပေါက်ခဲ့သဖြင့် လျှပ်စစ်ရုံး တံခါးမှန်များ ကွဲသွားသည်ဟု ဆိုသည်။
မီးပြတ်မှုနှင့် ပတ်သက်၍ မော်လမြိုင် လျှပ်စစ်ရုံးကို ဆက်သွယ်မေးမြန်း၍ မရပေ။ မြို့နယ် ရဲစခန်း တာဝန်ရှိသူတို့ကမူ စာမေးပွဲရက် မီးပြတ်မှုသည် မတော်တဆ မီးပြတ််ခြင်းသာဖြစ်ကြောင်း ပြောဆိုသည်။
“အခုမီးပုံမှန်လာနေတယ်လေ။ ဟိုရက်တွေက ပြတ်တယ်ဆိုတာလဲ မတော်တဆ ပြတ်တောက်မှုဖြစ်လို့ မီးမလာတာပါ။ တမင်ဖြတ်တာမှ မဟုတ်တာ။ မီးရုံးကလူတွေလဲ သေသေချာချာ အမြန်ပြန်လုပ်လိုက်လို့ ခုရသွားပါပြီ။ ဒီမှာမီးပြတ်တယ်ဆိုတာ ခုမှ အထူးဆန်း မဟုတ်တာ ကျနော်တို့ ကျောင်းသားဘဝကထဲကပါ” ဟု မြို့နယ်အဆင့် ရဲအရာရှိတဦးက မဇ္စျိမကို ပြောသည်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ်လ ရ ရက်က နိုင်ငံတဝှမ်းတွင် စတင်ခဲ့ပြီး မတ်လ ၁၇ ရက်တွင် ပြီးဆုံးမှာ ဖြစ်သည်။