မေးခွန်းပါ အကြောင်းအရာကို အမတ်များ မပိုင်နိုင်

မေးခွန်းပါ အကြောင်းအရာကို အမတ်များ မပိုင်နိုင်
by -
မျိုးသန့်

လွှတ်တော်များသို့ အမတ်များ တင်ပြသည့် မေးခွန်းနှင့် အဆိုများသည် အကြောင်းအရာ မပိုင်နိုင်ဘဲ မေးမြန်းတင်ပြချက်က များနေသည်ဟု လွှတ်တော်တက် အမတ်များအကြား ဝေဖန်မှုများ ရှိနေ ...

ချင်းမိုင် (မဇ္စျိမ) ။       ။ လွှတ်တော်များသို့ အမတ်များ တင်ပြသည့် မေးခွန်းနှင့် အဆိုများသည် အကြောင်းအရာ မပိုင်နိုင်ဘဲ မေးမြန်းတင်ပြချက်က များနေသည်ဟု လွှတ်တော်တက် အမတ်များအကြား ဝေဖန်မှုများ ရှိနေသည်။

ယခုလ ၉ ရက်နေ့မှစ၍ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တွင် အမတ်များက မေးခွန်းနှင့် အဆိုများ ပြုလုပ်ခဲ့ရာ ၎င်းအမတ်များကိုယ်တိုင် သက်ဆိုင်ရာ အကြောင်းအရာကို ရှင်းလင်းစွာ နားလည်ပိုင်နိုင်မှု မရှိကြောင်း ဝေဖန်ကြခြင်း ဖြစ်သည်။

“နားမလည်ဘဲနဲ့ မေးထားတာလေ။ ကိုယ်နားမလည်တဲ့ အကြောင်းအရာကို မေးခွန်းလုပ်ထားတော့ စဉ်းစားသာ ကြည့်တော့။ ကိုယ့်ရဲ့ အဆင့်အတန်းနဲ့ မမီဘဲနဲ့ မေးတာတွေ ရှိတယ်လေ။ မေးတဲ့ မေးခွန်းတွေကလည်း ရှက်စရာကြီး။ မေးတဲ့ လူတွေကလည်း ဖြစ်ဖြစ်မြောက်မြောက် ရှိတဲ့လူတွေ မဟုတ်ဘူး” ဟု ပြည်သူ့လွှတ်တော်တက် အမတ်တဦးက မဇ္စျိမကို ပြောဆိုသည်။

ဆိုင်ရာလုပ်ငန်းများတွင် လက်ရှိလုပ်ကိုင်နေသူများသာ အချက်အလက် ပိုမိုပိုင်နိုင်သည်မှာ သဘာဝကျပြီး၊ အမတ်များ တင်ပြသည့် ကိစ္စရပ်များ၌ လိုအပ်ချက် ရှိနေပါကြောင်း အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီမှ အမျိုးသားလွွှတ်တော်အမတ် ဒေါ်ခင်ဝိုင်းကြည်က ပြောသည်။

“တကယ်ကိုင်တွယ်ဖြေရှင်းနေတဲ့လူက ပိုပြီး သိတယ်။ အချက်အလက်တွေ ပိုင်နိုင်တယ်ဆိုတာ အချက်အလက်တွေ ကိုင်ထားတဲ့လူပဲ ပိုင်နိုင်တာပေါ့။ ဒါတွေ မပိုင်နိုင်လည်း အကုန်လေ့လာစုဆောင်းထားမှ သိတာပေါ့။ သာမန်ဆိုရင် ပြည်သူလူထုရဲ့ အသံကို အမတ်တွေက သယ်သွားတာပဲ။ ရေမလာဘူးဆိုရင် ရေမလာတာတော့ သိတယ်၊ ဘာကြောင့် ရေမလာတာကို မသိဘူးလေ။ ပြည်သူလူထုရဲ့ ဆန္ဒကို ဖြည့်ဖို့ တက်လာတာပါ။ ဒါပေမဲ့ ကိုယ်ပိုင်တဲ့ ကိစ္စတွေ မဟုတ်တဲ့အတွက် လိုအပ်ချက်တော့ ရှိတာပေါ့” ဟု သူက ဆိုသည်။

တနင်္လာနေ့ ပြည်သူ့လွှတ်တော်တွင် ချင်းပြည်နယ် ဟားခါးမှ ပြည်သူ့လွှတ်တော်အမတ် ဦးငွန်မောင်းက ချင်းမြို့တော် ဟားခါးကို ယခုထက် ပိုမိုဖွ့ံဖြိုးစေရန် လုပ်ဆောင်ပေးရေး မေးမြန်းခဲ့ရာ၊ နယ်စပ်ရေးရာဝန်ကြီး ဦးသိန်းညွန့်က အားလုံး လုပ်ပေးပြီးဟု ဖြေကြားခဲ့သည်။

တနင်္လာနေ့ အမျိုးသားလွွှှတ်တော်တွင် ချင်းပြည်နယ်အတွင်း ဂန့်ဂေါလမ်း ပြုပြင်ရေးအတွက် အမျိုးသားလွှတ်တော်အမတ် ဦးပေါ်လျှံလွင်က မေးမြန်းရာ ဆောက်လုပ်ရေးဝန်ကြီး ဦးခင်မောင်မြင့်က ဘဏ္ဍာရေး အခြေအနေအပေါ် မူတည်ပြီး လုပ်ပေးရန်ရှိကြောင်း ပြန်ဖြေခဲ့သည်။

ထို့ပြင် ရခိုင်ပြည်နယ်တွင် ထုံးကျောက်တောင် ရှိသဖြင့် ထိုဒေသတွင် ဘိလပ်မြေစက်ရုံ ဆောက်ရန် အစီအစဉ်ရှိမရှိ မေးခွန်းကို စက်မှုဝန်ကြီး ဦးအောင်သောင်းက ပြန်ဖြေရာတွင် ထိုထုံးကျောက်တောင်သည် သုတေသန ပြုချက်အရ သဲဆံမြေ ဖြစ်နေခြင်းကြောင့် စက်ရုံ မတည်နိုင်ကြောင်း ရှင်းပြခဲ့သည်။

ထို့နောက် ရခိုင်ပြည်နယ်တွင် ဝါးရုံများရှိနေသဖြင့် ပျော့ဖတ်စက်ရုံတည်ရန် ရှိမရှိ မေးမြန်းရာ ကုန်ကြမ်းပစ္စည်း လိုအပ်ချက် မဖြည့်ဆီးနိုင်လျှင် ထိုစီမံကိန်း ဆုံးရှုံးနိုင်ကြောင်း ဦးအောင်သောင်းက ဖြေခဲ့သည်ဟု အမျိုးသား လွှတ်တော် အမတ်တဦးက ပြောပြသည်။

မေးခွန်းများ၊ အဆိုများကို သက်ဆိုင်ရာ ဝန်ကြီးများက ပြန်ဆွေးနွေးသည့် အချက်အလက်များကိုမူ အစိုးရပိုင် နေ့စဉ်သတင်းစာများတွင် အပြည့်အစုံ ဖော်ပြလျက်ရှိသည်။

အင်္ဂါနေ့ ပြုလုပ်မည့် အမျိုးသားလွှတ်တော်တွင် အငြိမ်းစား လစာများ တိုးမြှင့်ပေးရေး အဆိုကို ဆွေးနွေးရန်ရှိပြီး၊ မွေးခွန်းများတွင် ဒေသဖွ့ံဖြိုးရေးနှင့် ပတ်သက်သည့် လမ်းကိစ္စများ၊ မြို့ပတ်ရထားများ သန့်ရှင်းသပ်ရပ်မှုနှင့် အဆင့်တိုးမြှင့်ပေးရန် ရှိမရှိ မေးမြန်းမည်ဟု သူက ပြောသည်။ ပြည်သူ့လွှတ်တော်တွင်မူ အခမဲ့ပညာရေးစနစ်နှင့် ရှမ်းပြည်နယ်အတွင်း သန်းခေါင်စာရင်း ကောက်ယူမှု အဆိုများကို ဆွေးနွေးမည်ဟု ပြည်သူ့လွှတ်တော် အမတ်တဦးကလည်း ပြောပြသည်။

ယနေ့ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများကို မနက် ၁ဝ နာရီတွင် စတင်ခဲ့ပြီး၊ အမျိုးသားလွှတ်တော်သည် နေ့လည် ၁၂ နာရီ ၁၅ မိနစ်၊ ပြည်သူ့လွှတ်တော်မှာ မွန်းလွဲ ၂ နာရီ၌ ပြီးဆုံးခဲ့ကြသည်။