ရန်ကုန်တိုင်း မြို့နယ် ၃ ခုတွင် သောကြာနေ့ မွန်းလွဲပိုင်းတွင် လေပြင်းတိုက်ခဲ့ရာ နေအိမ် ၁၅၀ ခန့် ပြိုကျပြီး၊ အိုးမဲ့အိမ်မဲ့ လေဘေးဒုက္ခသည်ပေါင်း ဦးရေ ရ၆၀ ရှိကြောင်း ရန်ကုန်တိုင်း တယက က ဆို ...
ရန်ကုန် (မဇ္စျိမ) ။ ရန်ကုန်တိုင်း မြို့နယ် ၃ ခုတွင် သောကြာနေ့ မွန်းလွဲပိုင်းတွင် လေပြင်းတိုက်ခဲ့ရာ နေအိမ် ၁၅၀ ခန့် ပြိုကျပြီး၊ အိုးမဲ့အိမ်မဲ့ လေဘေးဒုက္ခသည်ပေါင်း ဦးရေ ရ၆၀ ရှိကြောင်း ရန်ကုန်တိုင်း တယက က ဆိုသည်။
တယက ထူးခြားဖြစ်စဉ် မှတ်တမ်းတွင် မွန်းလွဲ ၁ နာရီခွဲနှင့် ၃နာရီအကြား ခရမ်း၊ ဒဂုံမြို့သစ်တောင်ပိုင်းနှင့် ဒဂုံဆိပ်ကမ်း မြို့နယ်များတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ခရမ်း အေးရွာတွင် မွန်းလွဲ ၁ နာရီခွဲခန့်၊ ကျန်မြို့နယ် ၂ ခုတွင် မွန်းလွဲ ၂ နာရီခွဲမှ ၃ နာရီအကြား တိုက်ခတ်ခဲ့သည်ဟု ထူးခြားဖြစ်စဉ် မှတ်တမ်းက ဆိုသည်။
“ခရမ်းကိုတော့ ကျနော်တို့ ရန်ကုန်အနေနဲ့ မသွားရသေးဘူး။ စာရင်းတက်လာကတော့ ခရမ်းမှာ အိမ် ၁၆ လုံးပျက်ပြီး အိုးမဲ့အိမ်မဲ့ ၅၉ ယောက် ဖြစ်တယ်။ ကယ်ဆယ်ရေးစခန်း မဖွင့်ထားပါဘူး” ဟု ရန်ကုန်တိုင်း တယက တာဝန်ရှိသူ တဦးက ပြောသည်။ ကျန် နှစ်နေရာတွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်ထားသည်ဟု ဆိုသည်။
ဒဂုံဆိပ်ကမ်းတွင် ၁၆၈၊ ၅၈ ၊ ၉၀၊ ၉၃၊ ၈၇ စသော ရပ်ကွက်များမှ ပျက်စီးအိမ်ခြေ ၉၀ ကျော်မှ အိုးအိမ်မဲ့ ၅၃၀ အတွက် ဓမ္မာရုံတခု၌ ကယ်ဆယ်ရေးစခန်း ဖွင့်ထားပြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းရှိ ၁၀၄၊ ရ၀၊ ၂၀၊ ၂၁ စသော ရပ်ကွက်များမှ အိမ် ၄၀ ကျော် ပျက်စီးခဲ့သည့် ဦးရေ ၁၇၀ အတွက် အခြေခံပညာ ကျောင်းများ၌ ဖွင့်ထားသည်။
၁၀ တန်းစာမေးပွဲ ဖြေဆိုနေသည့် ဒဂုံဆိပ်ကမ်း ၈၇ ရပ်ကွက်ရှိ ၁၇ နှစ်အရွယ် ကျောင်းသူတဦး လေပြင်းနှင့်အတူ လွင့်လာသော သွပ်ပြားပြတ်ရှ ဒဏ်ရာရခဲ့သော်လည်း မြို့နယ်ဆေးရုံ၌ ကုသမှုခံယူခဲ့ပြီး၊ စာမေးပွဲ ဆက်ဖြေနေသည်။
“ခေါင်းမှာ ချုပ်တော့ ချုပ်လိုက်ရတယ်။ ဒါပေမယ့် သိပ်မများဘူးဆိုတော့ စာမေးပွဲတော့ ဆက်ဖြေနိုင်ပါတယ်” ဟု မိသားစုဝင် တဦးက ပြောသည်။
ရန်ကုန်တွင် လေပြင်းများတိုက်ကာ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းများမှာ ယခုလ ၁၀ ရက်နေ့တွင် စတင်ခဲ့ခြင်း ဖြစ်သည်။
အကျယ်အဝန်း ၁၀ မိုင်ခန့်ရှိ မိုးတိမ်တောင်များကြောင့် ယခုကဲ့သို့ စိုက်ဆင်း (ခေါ်) လေပြင်းများ တိုက်ခတ်ခြင်းမှာ ၂၀၀၆ ခုနှစ်မှစ၍ ၆ နှစ်ရှိပြီဟု မိုး/ဇလ ညွှန်ချုပ်ဟောင်း ဒေါက်တာထွန်းလွင်က မဇ္စျိမကို ပြောသည်။
“မိုးတိမ်တောင်တွေဖြစ်ရင် လေတိုက်တယ်၊ မိုးကြိုးပစ်တယ်၊ လေဆင်နှာမောင်း ဖြစ်တယ်၊ နေရာကွက် မိုးကြီးတယ်။ မိုးကြီးတဲ့ဒေသက တောင်ကျဖြစ်ရင် လျှပ်တပြက် ရေကြီးတယ်၊ တောင်ပေါ်တွေဖြစ်ရင် မြေပြိုတယ်။ ကျနော်တို့ မုတ်သုန် နောက်ကျပြီး အထွက်စောတော့ မိုးကြိုကာလ၊ မိုးကုန်ကာလတွေက ရက်ပိုရှည်လာတယ်။ ဒါက ၆ နှစ်ရှိပြီ ဖြစ်နေတာ” သူက ပြောဆိုသည်။ နွေကာလအတွင်း ယခုလို အဖြစ်ဆိုး ကြံုရလျှင် နောက်ပိုင်းကာလများတွင် ပိုဆိုးနိုင်သည်ဟု ဆိုသည်။
ယခုရာသီမျိုးတွင် လေပြင်းအပြင် မိုးကြိုးပါ ပစ်နိုင်သဖြင့် သတိပြုစေလိုကြောင်း သူက ပြောဆိုလိုက်သည်။
“ဒီတိမ်မျိုးတွေက သတိထားရင် မြင်နိုင်တယ်။ တိမ်တောင်ဆိုတော့ တိမ်ကြီးတွေက မြင့်မြင့်မားမား တိမ်ကြီးတွေလေ။ ဒီတိမ်ကြီးတွေ ဖြစ်လာပြီ၊ အထူးသဖြင့် မိုးခြိမ်းသံကြားရင် သတိထားဖို့ လိုတာပေါ့ဗျာ။ မိုးခြိမ်းသံကြားရင် ကိုယ်နဲ့ နီးတယ်။ မိုးကြိုးစက်ကွင်းထဲမှာ ရှိတယ်ပေါ့ဗျာ။ များသောအားဖြင့် မိုးကြိုးက တောင်သူလယ်သမားတွေကို ထိတာများတယ်။ လယ်ကွင်းတွေထဲမှာ။ ဒီနှစ်ထဲမှာတင်ကို မိုးကြိုးပစ်လို့ သေတဲ့သူ ၃ ယောက် ရှိသွားပြီ” ဟု သူက ဆိုသည်။