ဟားခါးမှာ ကြက်တင်သွင်းခွင့် နှင့် ကြက်သား၊ ကြက်ဥ ရောင်းဝယ်ခွင့်ပိတ်

ဟားခါးမှာ ကြက်တင်သွင်းခွင့် နှင့် ကြက်သား၊ ကြက်ဥ ရောင်းဝယ်ခွင့်ပိတ်
by -
ခိုနူမ်းထုန် သတင်းဌာန

ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့ပေါ်တွင် ကြက်ငှက်တုပ်ကွေး ရောဂါ တွေ့ရှိသည့် အတွက်ကြောင့် တခြားဒေသမှကြက် များ တင်သွင်းခွင့်နှင့် ကြက်သား၊ ကြက်ဥ ရောင်းဝယ်ခွင့်ကို ဒေသ အာဏာပိုင်များက ပိတ်ပင် ...

ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့ပေါ်တွင် ကြက်ငှက်တုပ်ကွေး ရောဂါ တွေ့ရှိသည့် အတွက်ကြောင့် တခြားဒေသမှကြက် များ တင်သွင်းခွင့်နှင့် ကြက်သား၊ ကြက်ဥ ရောင်းဝယ်ခွင့်ကို ဒေသ အာဏာပိုင်များက ပိတ်ပင် ထားသည်ဟုသိရသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်းက မကွေးတိုင်း ဂန်ဂေါမြို့ဘက်မှ တင်ပို့လာသော ကြက်ကောင်ရေ ၅၀ ကို စစ်ဆေး ကြည့်ရာတွင် ကြက်ငှက်တုပ်ကွေးရောဂါတွေ့ရှိသဖြင့် ဟားခါးမြို့တွင် ကြက်တင်သွင်းခွင့်နှင့် ကြက်သား၊ ကြက်ဥရောင်း ၀ယ်ခွင့်ကို ဟားခါးမြို့ မယကအဖွဲ့က ပိတ်ပင်ထားလိုက်ခြင်း ဖြစ်သည်။ အဆိုပါ ကြက်ငှက်တုပ်ကွေး ရောဂါပိုးရှိသည့် ကြက် အကောင်ငါးဆယ်ကို အာဏာပိုင်များက မီးရှို့သုတ်သင်ခဲ့သည်ဟု ဟားခါးမြို့ခံ တဦးက ပြောသည်။

“ ပိတ်တာကတော့ နှစ်ပတ်လောက်ရှိပြီ ကျေးလက်ဒေသဘက်ကကြက်တွေလည်း ပိတ်တယ်၊ ကလေးမြို့၊ ဂန်ဂေါမြို့ ဘက်က ကြက်ကိုလည်း အဝင်ပိတ်ထားတယ် သိပ်ပြသနာမရှိတော့ဘူးဆိုတဲ့အခါကျရင်ပြန်ဖွင့်မှာပါ” ဟုသူကပြောသည်။

ဟားခါးမြို့အာဏာပိုင်များက ကြက်သားအပြင် ကြက်ဥရောင်းဝယ်ခွင့်ကိုပါ ပိတ်ပင်ထားသည့်အတွက်ကြောင့် မြို့နေလူထု များ စားဝတ်နေရေးအတွက်အခက်ကြံုတွေ့နေကြရသည်ဟု ဟားခါးမြို့မှလူငယ်တဦးကပြောသည်။

“ကြက်သားကျတော့ တစ်ကောင်မှာ အနည်းဆုံးကျပ် ၆၀၀၀ လောက်ပေးရတယ်ဆိုတော့ လူထုက သိပ်မဝယ်စားနိုင်ကျ ဘူး၊ ကြက်ဥကျတော့ ကျနော်တို့ချင်းတွေအတွက် အသားတမျိူးဘဲလေ စျေးလည်းချိူတယ် အလွယ်တကူလည်း စားလို့ရတယ်၊ ဒါကြောင့် ဟားခါးမှာကြက်ဥကို စားသုံးတာများတယ်၊ဒါပေမဲ့ အခု ကြက်ဥပါပိတ်လိုက်တော့ ခုတော်တော် လေးကို အခက်ကြံုနေကြတယ်”ဟု၄င်းကပြောသည်။

သို့သော်လည်း ဟားခါးမြို့ပေါ်ရှိ ဒေသခံများမွေးမြူထားကြသည့် အိမ်ကြက်များကိုတော့ ရောင်းဝင်ခွင့်ပြုထားကြောင်းသိရ သည်။

ဟားခါးမြို့တွင် ကြက်သားများရောင်းဝယ်ခွင့်ပိတ်ပင်လိုက်သည့်အတွက် ၀က်သား၊အမဲသား စျေး မြှင့်တက်သွားခြင်း မရှိသေးသော်လည်း ရက်ရှည်လများပိတ်ပင်ထားပါက အသားစျေးမြှင့်တက်လာဖွယ်ရှိသည်ဟု အဆိုပါမြို့ခံလူငယ် ကဆက်ပြောသည်။

ချင်းပြည်နယ် ဖလမ်းမြို့နယ် အိန္ဒိယ-မြန်မာနယ်စပ်ဘက်တွင်တည်ရှိသည့် ကျေးရွာ ၄ ရွာတွင်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းက ကြက်ကောင်ရေ တစ်ထောင်ကျော်သေဆုံးမှုဖြစ်ပွားခဲ့သည်။ သို့သော်လည်း သေချာစစ်ဆေးမှု များ မရှိသည့် အတွက်ကြောင့် ကြက်ငှက်တုပ်ကွေးရောဂါ ဟုတ်မဟုတ် မသိရှိနိုင်သေးကြောင်း ဒေသခံတဦးက ပြောသည်။

Most read this week