အိုမင်းနေသော ပဲခူးတိုင်း သနပ်ပင်မြို့ မြို့နယ်ကောင်စီ ရုံးအဆောက်အအုံမှာ ပြီးခဲ့သည့်လ ၂၈ ရက်နေ့တွင် ပြိုကျခဲ့သဖြင့် လူ ၂၆ ဦး ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများ ပြော ...
ဘန်ကောက် (မဇ္ဈိမ) ။ ။ အိုမင်းနေသော ပဲခူးတိုင်း သနပ်ပင်မြို့ မြို့နယ်ကောင်စီ ရုံးအဆောက်အအုံမှာ ပြီးခဲ့သည့်လ ၂၈ ရက်နေ့တွင် ပြိုကျခဲ့သဖြင့် လူ ၂၆ ဦး ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများ ပြောသည်။
လစာထုတ်ရက်တွင် လူအများ ရောက်ရှိနေစဉ် နှစ်ထပ်အဆောက်အအုံ၏ အပေါ်ကြမ်းခင်း ပြိုကျခဲ့ရာ ၂၆ ဦး ဒဏ်ရာရခဲ့ပြီး၊ မြို့နယ်ဆေးရုံနှင့် ပဲခူးဆေးရုံတွင် ကုသခဲ့ကြကာ အနည်းဆုံး ၂ ဦး ဒဏ်ရာပြင်းထန်သဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရသည်။ အခင်းဖြစ်ပွားချိန်တွင် မယက ဥက္ကဋ္ဌ နှင့် မြို့နယ်အရာရှိ အများအပြားပါ အဆောက်အအုံထဲ၌ ရှိနေခဲ့သည်။
“ဟိုးအင်္ဂလိပ်ခေတ်ကတည်းက ဆောက်ထားတဲ့ အဆောက်အအုံပေါ့ဗျာ။ ကြမ်းခင်းဆိုတာကလည်း RC ခင်းထားတာ မဟုတ်ဘဲနဲ့ သစ်တွေနဲ့ရောပြီးတော့ အုတ်တွေကြားထဲမှာ ခင်းထားတာပေါ့ဗျာ။ သစ်တွေနဲ့ ကြားညှပ်ခင်းထားတာ။ မယက ဥက္ကဋ္ဌကလည်းဗျာ လခထုတ်ရင်းနဲ့ လူကြီးတွေစုံပြီးတော့ အစည်းအဝေး လုပ်ကြတာ။ အဲဒီမှာ မထင်မှတ်ဘဲနဲ့ လူကလည်း များတဲ့အခါ အပေါ်ထက်ကနေ မြေညီထပ်အပေါ်ကို ပြုတ်ကျသွားတယ်” ဟု မြို့ခံတဦးက မဇ္စျိမကို ပြောသည်။
ပဲခူးတိုင်းစစ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးထွဋ်က ယခုလ ၃ ရက်နေ့တွင် သနပ်ပင်သို့ လာရောက်ပြီး၊ လူနာတဦးလျှင် ကျပ် ၁ သိန်းစီ ကုသစရိတ်ပေးခဲ့သလို၊ သက်ဆိုင်ရာဌာနများကလည်း ၎င်းတို့ဌာနဆိုင်ရာ လူနာများကို ကျပ် ၂ သောင်းစီ ထောက်ပံ့ပေးခဲ့သည်ဟု ဒေသခံများက ပြောသည်။
အဆောက်အအုံကို မပြုပြင်သေးဘဲ မြေညီထပ်တွင် ဆက်လက်၍ ရုံးခန်းဖွင့်လှစ်ထားသည်။