ရန်ကုန်တိုင်း NLD အမျိုးသမီး အဖွဲ့ တိုးချဲ့

ရန်ကုန်တိုင်း NLD အမျိုးသမီး အဖွဲ့ တိုးချဲ့
by -
မျိုးသန့်

ဦးဆောင်အဖွဲ့ဝင် ၃ ဦးပါ ရန်ကုန်တိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အမျိုးသမီးလုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့ကို အင်္ဂါနေ့တွင် နောက်ထပ် ၂ ဦးဖြင့် အင်အားဖြည့်လိုက်သည်။ ...

ချင်းမိုင် (မဇ္စျိမ) ။         ။ ဦးဆောင်အဖွဲ့ဝင် ၃ ဦးပါ ရန်ကုန်တိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အမျိုးသမီးလုပ်ငန်း ဖော်ဆောင်ရေး အဖွဲ့ကို အင်္ဂါနေ့တွင် နောက်ထပ် ၂ ဦးဖြင့် အင်အားဖြည့်လိုက်သည်။

//burmese.nldburma.org/)ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်းခံမှ ပြန်လွတ်ပြီးနောက် ဗဟိုနှင့် ရန်ကုန်တိုင်း အမျိုးသမီးလုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့ဝင် ၅ဝ ကျော် ဗဟန်းရုံးချုပ်၌ ပထမဆုံး တွေ့ဆုံကာ အင်အားတိုးချဲ့ခြင်း ဖြစ်သည်။

ယခင်က ရန်ကုန်တိုင်း အမျိုးသမီးလုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့တွင် ဒေါ်မြင့်မြင့်စိန်၊ ဒေါ်တင်တင်မြနှင့် ဒေါ်မေဝင်းမြင့် ရှိခဲ့ရာမှ ဒေါ်သန်းသန်းဆွေ (ဗဟန်း) နှင့် ဒေါ်အေးမိ (သာကေတ) ပါဝင်လာသည်။

“၅ ယောက် ဖြစ်သွားတာပေါ့နော်။ ဒေါ်စုလည်း လွတ်လာပြီဆိုတော့ လှုပ်ရှားမှုတွေက များလာပြီလေ။ အဲဒါကြောင့် ကျမတို့ လုပ်ငန်းပိုပြီးတော့ လည်ပတ်လို့ရအောင်လို့ ကျမတို့ဘက်က အင်အားထပ်ဖြည့်ထားတာ ဖြစ်ပါတယ်” ဟု NLD ဗဟို အမျိုးသမီးလုပ်ငန်း ဖော်ဆောင်ရေး တာဝန်ခံ ဒေါ်မေဝင်းမြင့်က မဇ္စျိမကို ပြောသည်။

ဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းရှိ ၂၆ မြို့နယ်မှ ခေါင်းဆောင်များနှင့် ဗဟိုအမျိုးသမီးအဖွဲ့ဝင်များ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

NLD ရန်ကုန်တိုင်း အမျိုးသမီးအဖွဲ့က လက်ရှိတွင် တာမွေမြို့နယ် ရာပြည့်စျေးရှိ ခေါင်းရွက်စျေးသည် ၅ဝ ကို တဦးလျှင် ကျပ် ၂ဝ,ဝဝဝ စီ ချေးငွေ ထုတ်ပေးထားရာ၊ ထိုအသေးစား ချေးငွေလုပ်ငန်းအကြောင်း အင်္ဂါနေ့ တွေ့ဆုံပွဲတွင် အမျိုးသမီးခေါင်းဆောင်များ ဆွေးနွေးခဲ့ကြသေးသည်။

//burmese.nldburma.org/)“လောလောဆယ် အသေးစားငွေချေးလုပ်ငန်းတွေ ကျမတို့ စနေတယ်လေ။ ဒါကို ကျမတို့ ချပြတယ်။ ပြီးခဲ့တဲ့လက စပြီးတော့ ကျမတို့ စျေးတခုမှာ အတိုးမဲ့ ငွေချေးတာတွေ လုပ်နေတယ်။ အဲဒီစျေးတစျေး အောင်မြင်သွားလို့ရှိရင် နောက်ထပ် မြို့နယ်တွေမှာ အတိုးမဲ့ အသေးစား ငွေချေးလုပ်ငန်းတွေ လုပ်မယ်ဆိုတဲ့ အကြောင်းတွေ အမျိုးသမီးတွေရဲ့ လှုပ်ရှားမှုတွေကို ချပြဆွေးနွေးတာ ဖြစ်ပါတယ်” ဟု ဒေါ်မေဝင်းမြင့်က ပြောသည်။

သင်္ကန်းကျွန်းမြို့နယ်၌ ပြီးခဲ့သည့်လတွင် ဖွင့်လှစ်ခဲ့သည့် 'ဆန်း' နာရေးကူညီမှုအသင်း၌ NLD အမျိုးသမီးများ ပါဝင်နေသည်ကို မဆီလျော်သဖြင့် ဒေါ်အောင်ဆန်းစုကြည် တားမြစ်ကြောင်း ဆွေးနွေးပွဲတက်ခဲ့သူ NLD ရုံးအဖွဲ့ဝင် ဦးဝင်းထိန်က ရှင်းလင်းပြောဆိုခဲ့သည်။

“ဦးဝင်းထိန်ကလည်း ဒေါ်စုကိုယ်စားပေါ့နော်၊ ပထမဆုံး အမျိုးသမီးအဖွဲ့ရဲ့ လုပ်ငန်းစဉ်၊ နောက်ပြီး အမျိုးသမီးအဖွဲ့မှာ နာရေးကူညီမှုအသင်းတခု ထပ်ပြီးတော့ ဖွဲ့တဲ့ဟာ မလုပ်သင့်ဘူးဆိုတဲ့ဟာကို တားတာပေါ့နော်။ ဆန်း နာရေးကူညီမှု အသင်းပေါ့နော်၊ သူတို့မသိဘဲနဲ့ ပါဝင်ဆောင်ရွက်ခဲ့ကြတာ ရှိတယ်ပေါ့။ ဒါကိုလည်း မဆီလျော်လို့ ဒါကို တားမြစ်တယ် ဆိုတဲ့အကြောင်း ဒေါ်စုကိုယ်စား ဦးဝင်းထိန်က တားမြစ်တာပေါ့နော်” ဟု ဒေါ်မေဝင်းမြင့်က ဆိုသည်။

NLD ဗဟိုအမျိုးသမီးလုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင်သည် ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပြီး တာဝန်ခံမှာ ဒေါ်မေဝင်းမြင့် ဖြစ်သည်။ အဖွဲ့ဝင်များမှာ ဒေါ်လဲ့လဲ့၊ ဒေါ်မေနှင်းဆီ၊ ဒေါ်ခင်ခင်ဝင်း၊ ဒေါ်မြင့်မြင့်စိန်နှင့် ဒေါ်အေးအေးမာ ဖြစ်သည်။