သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် ကွန်ဟိုင်းအုပ်စု နောင်မရွာ ကူးတို့ဆိပ်လမ်း တိုးချဲ့ဖေါက်လုပ်ရန် ယမန်နေ့က ပဏာမ လမ်းတိုင်းတာမှု ပြုလုပ်ခဲ့ရာ ရွာသားပိုင် လယ်မြေများ လမ်း ဧရိယာအတွင်းပါနေ ...
သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် ကွန်ဟိုင်းအုပ်စု နောင်မရွာ ကူးတို့ဆိပ်လမ်း တိုးချဲ့ဖေါက်လုပ်ရန် ယမန်နေ့က ပဏာမ လမ်းတိုင်းတာမှု ပြုလုပ်ခဲ့ရာ ရွာသားပိုင် လယ်မြေများ လမ်း ဧရိယာအတွင်းပါနေသည် ဟုဆိုသဖြင့် ဒေသခံရွာသားများ မကျေမနပ် ဖြစ်နေကြောင်း သိရသည်။
တိုးချဲ့မည့်လမ်းသည် ရွေလီမြစ်ကမ်းနံဘေးမှ နောင်မရွာအထိ အရှည် ၁ မိုင်ခွဲနှင့် အကျယ် ၂၄ ပေရှိကြောင်း သိရသည်။
ကူးတို့ဆိပ်လေလံ ဆွဲထားသော ပန်ဆေး ပြည်သူ့စစ်အဖွဲ့ ကိုယ်စားလှယ် ဒေါ်အားကြူ အပါအဝင် ရယက အဖွဲ့ဝင်များ၊ စည်ပင်သာယာနှင့် မြေစာရင်း ဝန်ထမ်းများက လမ်းတိုင်းတာခဲ့ရာ လမ်းဘေးဝဲယာရှိ ရွာသားများပိုင် မြေဧက ၂၀ ခန့် သိမ်းယူခံရမည့် အထဲပါဝင်ကြောင်း ဒေသခံရွာသား တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“လေလံဆွဲထားတာက ပန်းဆေးပြည်သူ့စစ် အဖွဲ့ဝင်ရဲ့အမ မအားကြူပေါ့ မနေ့က နေ့လည် ၁၂ နာရီလောက်မှာ ကူးတို့ ဆိပ်လမ်းဖောက်ဖို့ ရယကတွေ စည်ပင်သာယာတွေ ပါတယ် ရွာသားတွေနဲ့ ညှိကြတယ် လမ်းဖောက်ရင် လယ်လောက်ကတော့ ဧက၂၀ ပါမယ်တဲ့။ ရွာသားတွေ မကျေနပ်ကြဘူး ညှိနေတုန်းကြပေါ့ ” ဟု သူက ဆိုသည်။
ယခုအခါ ၎င်းလယ်မြေများတွင် ကြံ ၊ ပြောင်းဖူးနှင့် ရှမ်းဆေးရွက်ကြီးပင်များ စိုက်ပျိုးထားပြီး လက်ရှိ မြေတစ်ဧက ပေါက်စျေး တရုတ်ယွမ် ၂ သောင်းဝန်းကျင် ရှိကြောင်း သိရသည်။