ဒေဝူး အင်တာနေရှင်နယ် ကော်ပိုရေးရှင်းက ရခိုင် ကမ်းလွန်နေရာ နှစ်နေရာတွင် ရေနံနှင့် ဓာတ်ငွေ့များ စတင်တူးဖော်ပြီ ဖြစ်သည်။ ...
ချင်းမိုင် (မဇ္ဈိမ) ။ ။ ဒေဝူး အင်တာနေရှင်နယ် ကော်ပိုရေးရှင်းက ရခိုင် ကမ်းလွန်နေရာ နှစ်နေရာတွင် ရေနံနှင့် ဓာတ်ငွေ့များ စတင်တူးဖော်ပြီ ဖြစ်သည်။
စွမ်းအင် ဝန်ကြီးဌာန လက်အောက် မြန်မာ့ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်းနှင့် ချုပ်ဆိုထားသော `ဓာတ်ငွေ့ ရောင်းချရေး သဘောတူညီချက်´ အရ ထိုကိုရီးယား ကုမ္ပဏီက လုပ်ကွက်အမှတ် အေ ၁ နှင့် အေ ၃ တွင် ရေနံတွင်းတူး လုပ်ငန်းများ စတင်လိုက်သည်ဟု အစိုးရပိုင် မြန်မာ့အလင်း သတင်းစာတွင် တနင်္ဂနွေနေ့၌ ဖော်ပြထားခြင်း ဖြစ်သည်။
ဒေဝူးသည် `ရွှေစီမံကိန်းမှ ဓာတ်ငွေ့များကို ၂ဝ၁၃ တွင် စတင်ထုတ်လုပ်နိုင်မည်´ ဟု သတင်းစာက ရေးသည်။ ထို့ပြင် အေ ၁ နှင့် အေ ၃ လုပ်ကွက်များတွင် ဓာတ်ငွေ့ ကုဗပေ ၅.၃၃ ထရီလျံမျှ ရှိကာ၊ အရှေ့တောင်အာရှ ဒေသတွင် အကြီးဆုံး ဓာတ်ငွေ့သိုက်တခုဟု ဆိုသည်။
တနင်္ဂနွေနေ့တွင် ရခိုင်ကမ်းလွန် လုပ်ကွက်အမှတ် အေ ၃ Hakuryu 5 ရေနံတွင်းတူးစင်တွင် ကျင်းပသော ရေနံတွင်း စတင်တူးဖော်ခြင်း အခမ်းအနားသို့ မြန်မာစွမ်းအင်ဝန်ကြီး ဦးလွန်းသီ တက်ရောက်ခဲ့ပြီး၊ မြန်မာပြည်ရှိ ဒေဝူးကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌ စီဘိုဂျူး တင်ပြသော ရေနံတွင်းတူးလုပ်ငန်းနှင့် စပ်လျဉ်းသည့် ပြင်ဆင်မှုများကိုလည်း ကြားနာခဲ့သည်။
ရေနံတွင်းတူးလုပ်ငန်းများ အချိန်ဇယားအတိုင်း ပြီးစီးရေး လုပ်ဆောင်ရန်လည်း ဝန်ကြီးက ကုမ္ပဏီကို မှာကြားခဲ့သည်။ ထို့ပြင် အထွေထွေဘေးအန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများ လုပ်ဆောင်ထားရန်နှင့် `ပေါ်ပေါက်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေးအတွက် လုပ်ဆောင်ထားရန်´ ကိုပါ မှာကြားခဲ့သည်ဟု စစ်အစိုးရသတင်းစာတွင် ဖော်ပြထားသည်။
၂ဝ၁၃ ခုနှစ်တွင် ထုတ်လုပ်ရေးလုပ်ငန်းများ စတင်သည့်အခါ ဓာတ်ငွေ့များကို တရုတ်အမျိုးသား ယူနိုက်တက် ရေနံကော်ပိုရေးရှင်းသို့ ရောင်းချသွားမည်ဟု ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ AOW က ပြောသည်။ AOW သည် ရွှေဓာတ်ငွေ့ လှုပ်ရှားမှု အဖွဲ့ဝင်လည်းဖြစ်ကာ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ရခိုင်နှင့် ကျန်မြန်မာနိုင်ငံ ဒေသတဝှန်းတွင် သတ္တုသယံဇာတ တူးဖော်ရေးလုပ်ငန်းများကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု မဖြစ်စေရေး ရည်မှန်းလုပ်ဆောင်နေသည့် အဖွဲ့ဖြစ်သည်။
ရွှေဓာတ်ငွေ့စီမံကိန်းတွင် ဒေဝူးက အစုရှယ်ယာ ၅၁ % ပို်င်ဆိုင်ထားပြီး၊ အခြား အစုရှယ်ယာပိုင်ရှင်များမှာ အိန္ဒိယအမျိုးသား သဘာဝဓာတ်ငွေ့အဖွဲ့ National Natural Gas Clearinghouse က ၁၇ %၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းက ၁၅ %၊ ကိုရီးယား ဓာတ်ငွေ့ကော်ပိုရေးရှင်းက ၈.၅ % နှင့် အိန္ဒိယ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကော်ပိုရေးရှင်းက ၈.၅ % အသီးသီး ပိုင်ဆိုင်ထားကြသည်ဟု AOW အဆိုအရ သိရသည်။
စစ်အစိုးရကို တရားမဝင် လက်နက်ရောင်းချရာတွင် ပူးပေါင်းပါဝင်ခဲ့မှု၊ လက်နက်စက်ရုံတရုံ ဆောက်လုပ်ရာတွင် ပါဝင်ပတ်သက်ခဲ့မှုတို့ဖြင့် ဒေဝူးကုမ္ပဏီမှ ၁၄ ဦးကို ကိုရီးယား တရားရုံးတခုက ၂ဝဝ၇ ခုနှစ်ထဲတွင် အပြစ်ပေးခဲ့ကြောင်း ဧရာဝတီသတင်းဌာနက ၂ဝဝ၇ ခုနှစ်တွင် ရေးသားဖော်ပြခဲ့ဖူးသည်။ ရခိုင်ပြည်နယ်မှ ထွက်ရှိနို်င်သော အကျိုးအမြတ်များနှင့် ကမ်းလွန်လုပ်ကွက်များအတွက် အပြန်အလှန် လုပ်ပေးခဲ့ခြင်း ဖြစ်နိုင်ဖွယ်ရှိသည်။
ဒေဝူးကုမ္ပဏီမှ ပြုလုပ်ခဲ့သော `ထိခိုက်မှု လေ့လာချက်´ တွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံ မေးမြန်းလေ့လာမှုများ ပါဝင်သော်လည်း ရွှေပိုက်လိုင်းစီမံကိန်းကြောင့် အောက်ခြေပြည်သူလူထုအပေါ် ထိခိုက်နိုင်သော အချက်အလက် အသေးစိတ်ကို ဖော်ပြထားခြင်း မရှိဟု ရွှေဓာတ်ငွေ့လှုပ်ရှားမှု ညှိနှိုင်းဆက်သွယ်ရေးမှူး ဦးဝင်းအောင်က မဇ္ဈိမကို ပြောသည်။
`သူတို့က ပိုက်လိုင်းစီမံကိန်းနဲ့ ဒါကြောင့် ထိခိုက်မယ့် ဟာတွေကို ဘယ်တော့မှ ထုတ်ဖော်ပြောတာ မရှိဘူး။ ဒါဟာ ဒေဝူးအင်တာနေရှင်နယ်နဲ့ တခြားတွဲဘက် ကုမ္ပဏီတွေဟာ နိုင်ငံတကာ စံချိန်စံညွှန်းတွေကို လိုက်နာလုပ်ဆောင်တာ မရှိဘူး၊ သူတို့မူဝါဒတွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ကြေညာတာမျိုး မလုပ်ဘူးဆိုတာ ပြနေတာပဲ´ ဟု သူက ပြောသည်။
အတင်းအကျပ် ဖယ်ရှားမောင်းထုတ်ခြင်း၊ မြေသိမ်းခြင်းများမှာ ပိုက်လိုင်း တည်ဆောက်ရေးစီမံကိန်း နယ်မြေတလျှောက် ပေါ်ပေါက်နေပြီဟု သူက ပြောသည်။ `လူတွေက သူတို့ရဲ့ ဆန္ဒမပါဘဲ သူတို့မြေယာတွေက ထွက်ပေးရတယ်။ ဒီလိုမောင်းထုတ်ခံရတဲ့ မြေပိုင်ယာပိုင်အတော်များများ လျော်ကြေးလည်း မရကြဘူး´။
မြန်မာနိုင်ငံ သတ္တုကဏ္ဍကြောင့် မြန်မာပြည်သူများအတွက် အဖိုးတန် သယံဇာတများ ဆုံးရှုံးသွားခဲ့ရသည်ကို ကြာမြင့်စွာကပင် တွေ့မြင်ခဲ့ကြရပြီး ဖြစ်သည်။ စစ်အစိုးရက သယံဇာတများကို လေလံပစ်ကာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကို လုပ်ကွက်များ ပေးလိုက်သည့်အခါ စစ်အစိုးရနှင့် အကျိုးတူ လုပ်ဆောင်သူများ အတွက်လည်း စာရင်းပျောက်အင်းပျောက် ဒေါ်လာဘီလျံများစွာ ရခဲ့သည်ကို ယခင်က ကြံုခဲ့ရပြီးဖြစ်သည်။
`ဓာတ်ငွေ့အားလုံးက တရုတ်ပြည်ကို ပို့မှာ။ ဒါကြောင့် ကန်ထရိုက်စာချုပ်မှာကော၊ ဘဏ္ဍာရေးကဏ္ဍမှာပါ ပွင့်လင်းမြင်သာမှုဆိုတာ မရှိဘူး။ လူထုအနေနဲ့လည်း ဒီလိုစီမံကိန်းမျိုးနဲ့ ပတ်သက်ရင် တာဝန်ခံမှုရှိဖို့ တောင်းဆိုပိုင်ခွင့် ရှိပါတယ်၊ သိခွင့် ရှိပါတယ်´ ဟု ဦးဝင်းအောင်က သူ့ထင်မြင်ချက်ကို ထုတ်ဖော်ပြောဆိုသည်။