ကလေးမြို့မော်တော်ယာဉ်ထိမ်းရဲများသည် လိုင်စင်မရှိသည့် ဆိုင်ကယ်များကို နေ့စဉ်ရက်ဆက် လိုက်လံဖမ်းဆီး ပြီး ဒဏ်ငွေရိုက်လျက်ရှိ သည့်အတွက်ကြောင့် မြို့နေ ပြည်သူလူထုများ ...
ကလေးမြို့မော်တော်ယာဉ်ထိမ်းရဲများသည် လိုင်စင်မရှိသည့် ဆိုင်ကယ်များကို နေ့စဉ်ရက်ဆက် လိုက်လံဖမ်းဆီး ပြီး ဒဏ်ငွေရိုက်လျက်ရှိ သည့်အတွက်ကြောင့် မြို့နေ ပြည်သူလူထုများ အခက်ကြံုတွေ့နေကြရသည်ဟု သိရသည်။
ယခုနှစ်ဆန်းပိုင်းကစ၍ ကလေးမြို့ယာဉ်ထိမ်းရဲများသည် ကလေးမြို့ပေါ်တွင် သွားလာနေကြသည့် လိုင်စင်မရှိသော မော်တော်ဆိုင်ကယ်များကို လမ်းဆုံလမ်ခွတွင် စောင့်ဖမ်းပြီး ဒဏ်ငွေ ၅၀၀၀ အထိ ဆောင်ခိုင်း ကာ မပေးဆောင်နိုင်ပါက ဆိုင်ကယ်သော့ သိမ်းသွားလျက် ရှိသည်ဟု ကလေးမြို့ဒေသခံ တဦးကပြောသည်။
“နေ့တိုင်းဘဲ ယာဉ်ထိမ်းရဲတွေက လမ်းဆုံလမ်းခွတွေမှာ စောင့်နေကြတယ်… လာတဲ့ ဆိုင်ကယ်တွေကို ရပ်ခိုင်းပြီး လိုင်စင် ပါမပါစစ်တယ်၊ မပါရင် ဖမ်းတယ်၊ အုပ်ထုပ် မဆောင်းရင် ဖမ်းတယ်၊ ဆိုင်ကယ်ရှေ့မှ တပ်ထားတဲ့ ခြင်း မပါရင်လည်း ဖမ်းပြီးတော ဒဏ် ငွေရိုက်တယ်၊ တကယ်မလွယ်ဘူး လူထုက ဒီကောင်တွေကို တော်တော်မုန်းနေကြပြီး” ဟု သူကပြောသည်။
ယာဉ်ထိမ်းရဲများသည် လိုင်စင်မဲ့ဆိုင်ကယ်များကိုဖမ်းဆီးရန်အတွက် အရံမီးသတ်တပ်ဖွဲ့မှ မီးသတ်ဝန်ထမ်းများကို တနေ့ ကျပ်ငွေ ၃၀၀၀ ဖြင့်ငှါးပြီး ဖမ်းဆီးခိုင်းနေကြောင်းလည်းသိရသည်။
ကလေးမြို့ပေါ်တွင် နေ့စဉ် ယာဉ်ထိမ်းရဲများနှင့် မီးသတ်တပ်ဖွဲ့ စုစုပေါင်း ၈ ဦးခန့် လမ်းဆုံလမ်းခွတွင် နေရာယူပြီး လိုင်စင်မဲ့ဆိုင်ကယ် ဖမ်းရန် စောင့်နေကြသည်ဟုသိရသည်။
ထို့ကြောင့် ဆိုင်ကယ်လိုင်စင်မရှိသေးသည့် ပြည်သူများသည် အပြင်ထွက်ရာမှာ မြို့တွင်းလမ်းမကြီးများအတိုင်းမသွားရဲ ကြကြောင်း၊ ယာဉ်ထိမ်းများရှောင်သည့်အနေဖြင့် လမ်းကြိုလမ်းကြားတွေမှာသာ သွားလာနေကြရသကြောင်း သူကဆက် ပြောသည်။
ဆိုင်ကယ်လိုင်စင်ပြုလုပ်သည့်အချိန်ကို နိုင်ငံတော်အစိုးရမှ ရက်သတ်မှတ်ပေးလျက်ရှိပြီး အစိုးရသတ်မှတ်သည့်အချိန်တွင် မလုပ်ပါက ငွေအမြောက်အများကုန်ကျတတ်ကြောင်းကလေးဒေသခံကပြောသည်။
“အစိုးရသတ်မှတ်တဲ့အချိန်မှာ မလုပ်ဘဲ ကျန်တဲ့အချိန်မှာသွားလုပ်ရင်တော့ ၃၊၄ သိန်းလောက်ကုန်တယ်၊ ဒါကြောင့် ခု ချိန်ထိမလုပ်သေး ဘူး၊ စျေးသက်သက်သာသာနဲ့လုပ်လို့ရရင် ကျနော်တို့လုပ်တာကြာပြီးပေါ့” ဟုသူကပြောသည်။
လိုင်စင်မဲ့ဆိုင်ကယ်စီးသူများသည် ယာဉ်ထိမ်းရဲများ၏ဖမ်းဆီးခြင်းမှလွတ်ကင်းရန် ထွက်ပြေးရင်း ဆိုင်ကယ် မှောက်မှုတွေ လည်း မကြာမကြာဖြစ်တတ်သည်ဟုသူကပြောသည်။
ကလေးမြို့တွင် အဓိကအားဖြင့် တရုတ်ထုတ် ဆိုင်ကယ်များကို အသုံးများကြပြီး အိန္ဒိယထုတ်ဆိုင်ကယ်များလည်း အသုံး ပြုလာကြသည်။ တရုတ်ဆိုင်ကယ်များသည် ကျပ်ငွေ ၃ သိန်းမှ ၅ သိန်းအထိပေးရပြီး စျေးပေါသောကြောင့် လူတိုင်းလိုလို စီးနိုင်ကြသည်ဟုသိရသည်။
အလားတူ ချင်းပြည်နယ်၏ မြို့တော် ဟားခါးတွင်လည်း ဆိုင်ကယ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်၊ ဆိုင်ကယ်စီးရင်အုပ်ထုတ် မဆောင်းသူများကို မော်တော်ယာဉ်ထိမ်းရဲများက လိုက်လံဖမ်းဆီးနေပြီး ဒဏ်ငွေရိုက်လေ့ရှိသည်ဟုဟားခါးဒေသခံတဦးက ပြောသည်။
ဟားခါးမြို့ယာဉ်ထိမ်းထိမ်းရဲများက ဆိုင်ကယ်စီးရင်းနဲ့အုပ်ထုတ်မဆောင်းသူများကို ကျပ်ငွေ ၃၀၀၀၊ ယာဉ်မောင်းလိုင်စင် မရှိသူကို ၅၀၀၀ နှင့် ဆိုင်ကယ်လိုင်စင်မရှိဘဲ မြို့တွင်းသို့ မောင်းနှင်သူများကို တွေ့ရှိပါကကျပ်ငွေ ၂၀၀၀၀ ခန့်ဒဏ်ငွေ ရိုက်လေ့ရှိသည်ဟုသိရသည်။
လိုင်စင်မရှိသည့် ဆိုင်ကယ်ပိုင်ရှင်တချိူ့သည် ယာဉ်ထိမ်းရဲများနှင့် ငွေကြေးဖြင့် နားလည်မှုယူထားကြသည်ဟုသိရသည်။
ဟားခါးဒေသခံတဦးက “ ယာဉ်ထိမ်းရဲနဲ့နားလည်မှုယူထားတဲ့သူတွေကိုတော့ လမ်းမှာတွေ့ရင်လည်း သူတို့မဖမ်းဘူး၊ နား လည်မှုမယူထားတဲ့ လိုင်စင်မရှိတဲ့ ဆိုင်ကယ်သမားတွေကိုတွေ့ရင်တော့ ရပ်ခိုင်းတယ်၊ စစ်ဆေးတယ်၊ ငွေတောင်း တယ်၊ တချိူ့ကြတော့ ထွက်ပြေးကြတယ်လေ…ယာဉ်ထိမ်းရဲကလည်းလိုက်တယ် မိရင်တော့ အသကုန်ထိုးကြိတ်တော့တာဘဲ” ဟုပြောသည်။