ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး အမတ်အဖြစ်မှ နုတ်ထွက်

ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး အမတ်အဖြစ်မှ နုတ်ထွက်
by -
ကိုဝိုင်း

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင်ဖြစ်သူ ကြံ့ခိုင်ရေးပါတီ လွှတ်တော်အမတ် ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးသည် အမတ်အဖြစ်မှ ဗုဒ္ဓဟူးနေ့ နုတ်ထွက်သွား ...

ချင်းမိုင် (မဇ္စျိမ) ။       ။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင်ဖြစ်သူ ကြံ့ခိုင်ရေးပါတီ လွှတ်တော်အမတ် ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးသည် အမတ်အဖြစ်မှ ဗုဒ္ဓဟူးနေ့ နုတ်ထွက်သွားကြောင်း အမတ်များက ပြောသည်။

လွှတ်တော်အမတ် ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးသည် အမတ်အဖြစ်မှ နုတ်ထွက်သွားကြောင်း ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ကြေညာ (ဓါတ်ပုံ MRTV)ပြည်ထောင်စုလွှတ်တော် အစည်းအဝေး သတ္တမနေ့တွင် သူ၏ နုတ်ထွက်လွှာကို လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သိန်းက ဖတ်ပြသွားကြောင်း အစည်းအဝေးတက်သူ အမတ်တဦးက မဇ္စျိမကို ပြောသည်။

“ညွှန်ကြားရေးမှူးက နာယကကြီး ဝင်မလာခင်မှာ ဖတ်ပြတာပါ။ ဒီနေ့မှာ တံတားဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ပေါ့ ဦးတင်အေး နုတ်ထွက်ပါတယ်ဆိုပြီးတော့ ကြေညာပေးတာပါ။ အဲဒါပြီးမှ နာယကကြီး ဝင်လာတာပါ” ဟု သူက ပြောသည်။

မြောက်ကိုရီးယားမှ လက်နက်များ ဝယ်ယူရာတွင် အဓိက ပုဂ္ဂိုလ်တဦးအဖြစ် ပါဝင်ခဲ့သော နအဖ ကောင်စီဝင်  ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးသည် ဦးပိုင်လိမိတက် ဥက္ကဋ္ဌဟောင်းလည်း ဖြစ်ပြီး၊ မန္တလေးတိုင်း တံတားဦးမြို့နယ် လက်ဆောင်ယူကျေးရွာ ဇာတိဖြစ်သည်။

ရွေးကောက်ပွဲမတိုင်ခင် ၂ဝ၁ဝ ခုနှစ် ဧပြီလမှစ၍ စစ်ဘက်ရာထူးများမှ အနားယူခဲ့သည့် စစ်ဗိုလ်ချုပ်ကြီးများတွင် စစ်တက္ကသိုလ် အပတ်စဉ် ၉ ဆင်း စစ်လက်နက် အရာရှိချုပ်ဟောင်း ဒုဗိုလ်ချုပ်ကြီးး တင်အေးလည်း ပါဝင်ခဲ့သည်။

၂ဝ၁ဝ ခုနှစ် အောက်တိုဘာ ပထမပတ်အတွင်းက ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်တွင် မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်ပိုင် ရူဘီမတ် ကုန်တိုက်ဆိုင်ခွဲ ဖွင့်ပွဲသို့ ဦးပိုင်ဥက္ကဋ္ဌအသစ် ကမ်းရိုးတန်း တိုင်းမှူးဟောင်း ဗိုလ်ချုပ်ခင်ဇော်ဦးနှင့်အတူ တက်ရောက်ခဲ့သေးသည်။

နေပြည်တော်ရောက် အမတ်တဦးက “သူ့ရဲ့အိမ်လိပ်စာက ရာဇသင်္ဂဟလမ်း၊ ပုဗ္ဗသီရိမြို့၊ နေပြည်တော်။ တော်တော်ကြီးကြီးပဲ။ အမိုးနီနီကြီးနဲ့။ အိမ်ဝင်းအကျယ်ကြီးပဲ” ဟု မဇ္စျိမကို ပြောသည်။

ဦးတင်အေး နုတ်ထွက်သွားခြင်းအပေါ် နေပြည်တော်ရောက် လွှတ်တော်အမတ်များအကြား ထင်ကြေးအမျိုးမျိုး ပေးနေကြသည်။

“သူ အဲဒီလို နုတ်ထွက်တာဟာ အန္တရာယ်ရှိတယ်လို့ ထင်ကြေးပေးနေကြတာပေါ့။ ကျနော်တို့ အုပ်စုတွေမှာကျတော့ ဒါဟာ နောက်တခု ရာထူးယူဖို့အတွက်ကို နုတ်ထွက်ပေးတဲ့ပုံမျိုး ဖြစ်ဖို့များတယ်လို့။ ဘာ့လို့ဆိုရင် ပြည်ထောင်စု လွှတ်တော် တက်တဲ့အခါမှာ၊ အားလုံး စုတက်တဲ့အခါမှာ ပြည်ထောင်စု ကိုယ်စားလှယ်တွေ စုံနေတဲ့အချိန်မှာ သူက မဝင်သေးဘူး။ ၁ဝ မိနစ်ဘဲလ်တီးတဲ့ အချိန်မှာ သမ္မတ၊ ဒုသမ္မတတွေအပါအဝင် လွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတွေ ရ-၈ ယောက်လောက် ရှိတယ်။ အဲဒီထဲမှာ သူက မားမား မားမားနဲ့ သူက ဗလကလည်း တောင့်တယ်၊ မျက်မှန်ပြားပြားနဲ့။ သမ္မတဘေးနားမှာ ကပ်လျက်ပဲ သူက ဝင်တာ” ဟု အမတ်တဦးက ပြောသည်။

“သူထိုင်တာက B roll မှာ ဒုတိယတန်းမှာထိုင်တာ။ သူက နဂိုကတည်းက သူရမယ့် ရာထူးသိနေပြီးတော့ အဲဒီလိုမျိုး ထောင်ထောင် ထောင်ထောင် နေတဲ့ပုံမျိုးလို့ ထင်တယ်လေ။ ဘယ်သူမှ အဲဒီလိုမျိုး အတူတူ မလာရဲကြဘူးလေ။ ၁ဝ မိနစ်ဘဲလ်နဲ့ ၅ မိနစ်ဘဲလ်အကြား လာတာ။ တခါတလေ ၅ မိနစ်ဘဲလ်နဲ့ ဆုံသွားတတ်တယ်” ဟု သူက ဆက်ပြောသည်။

ဦးတင်အေး လွှတ်တော်အမတ်အဖြစ်မှ နုတ်ထွက်သွားသဖြင့် ပြည်ထောင်စုလွှတ်တော်သို့ တက်ရောက်ခွင့်ရှိသူ ၆၅၈ ဦးသာ ကျန်တော့မည် ဖြစ်သည်။

ယနေ့ ပြည်ထောင်စု လွှတ်တော်သို့ အမတ်စုစုပေါင်း ၆၅၅ ဦးတက်ရောက်ပြီး ခွင့်တိုင်သူ ၃ ဦးမှာ ကြံ့ခိုင်ရေးပါတီမှ နှစ်ဦးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ တဦးဖြစ်သည်။ ပြည်ထောင်စု လွှတ်တော်ကို မနက်ဖြန် ကြာသပတေးနေ့ ၁၁ နာရီတွင် ထပ်မံကျင်းပဦးမည် ဖြစ်သည်။

Most read this week