တိုက်ပွဲပေါင်း ၁၀၈၃ ဟု KNU ပြော

တိုက်ပွဲပေါင်း ၁၀၈၃ ဟု KNU ပြော
by -
ကျော်ခ

ကရင် အမျိုးသား အစည်းအရုံး KNU နှင့် စစ်အစိုးရ တပ်အကြား ပြီးခဲ့သည့် တနှစ်တာအတွင်း တိုက်ပွဲပေါင်း ၁ဝ၈၃ ပွဲ ဖြစ်ပွားခဲ့ကြောင်း KNU နှစ်ချုပ် အစီရင်ခံစာအရ သိရ ...

ချင်းမိုင် (မဇ္စျိမ) ။       ။ ကရင် အမျိုးသား အစည်းအရုံး KNU နှင့် စစ်အစိုးရ တပ်အကြား ပြီးခဲ့သည့် တနှစ်တာအတွင်း တိုက်ပွဲပေါင်း ၁ဝ၈၃ ပွဲ ဖြစ်ပွားခဲ့ကြောင်း KNU နှစ်ချုပ် အစီရင်ခံစာအရ သိရသည်။

KNUlogo၎င်းတိုက်ပွဲများသည် KNU ပိုင် တပ်မဟာ ရ ခု အတွင်း ဖြစ်ပွားခဲ့ပြီး၊ နအဖ တပ်မှ ၆၁၈ ဦး ကျဆုံးခဲ့ကာ ဒဏ်ရာရသူ ၁၃ဝ၄ ဦး၊ အသက်ရှင်လျက် ဖမ်းမိသူ ၁၆ ဦး ရှိကြောင်းနှင့် KNU ဘက်မှ ၉ ဦး ကျဆုံးကာ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နှစ်ချုပ် အစီရင်ခံစာက ဆိုသည်။ အစီရင်ခံစာကို ပြီးခဲ့သည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ ပြုစုထားခြင်း ဖြစ်သည်။

KNU ဘက်မှ အကျအဆုံး နည်းရခြင်းမှာ နယ်မြေ ကျွမ်းကျင်မှုနှင့် ပြောက်ကျား တိုက်စစ် စနစ်ကြောင့်ဟု KNU အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူး စောလှငွေက မဇ္စျိမကို ပြောသည်။

“ကမ်းတက်တိုက်ပွဲတွေနဲ့ ထိပ်တိုက် စစ်ကြောင်း တိုက်ပွဲတွေ ကျနော်တို့က မလုပ်သလောက်ပဲ။ နိုင်ခြေပိုင်ခြေရှိမယ့် ပြောက်ကျား တိုက်ပွဲတွေကိုပဲ လုပ်တာပေါ့။ နယ်မြေကို ပိုင်တာရယ်၊ နေရာကောင်းကနေ စောင့်ပြီးတော့ ပိုင်ချက်ရှိမှ လုပ်တာရယ်ကြောင့် ကျနော်တို့ဘက်က အကျအဆုံး ဒဏ်ရာရနည်းတာ ဖြစ်တယ်” ဟု သူက ဆိုသည်။

နအဖ တပ်မှ အသက်ရှင်လျက် ဖမ်းဆီးရမိခဲ့သူများအနက် အချို့ကို မြန်မာနိုင်ငံအတွင်း ဘေးကင်းရာသို့ လွှတ်ပေးခဲ့ပြီး၊ စစ်တပ်က ဒဏ်ပေးမည်ကို ကြောက်ရွံ့၍ မပြန်ရဲသူအချို့ကိုမူ ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းအလုပ်သမားအဖြစ်နှင့် အလုပ်လုပ်ကိုင်ရန် KNU က လမ်းညွှန်စီစဉ်ပေးခဲ့သည်ဟု သူက ဆက်ပြောသည်။

တိုက်ပွဲ၌ ကျဆုံးသူများထဲတွင် နအဖ စစ်တပ်မှ အရာရှိ၊ အရာခံ ၄ဝ ကျော် ပါဝင်ကာ နအဖ ထရပ်ကား ၈ စီးနှင့် ကျောက်ဖြတ်စက်တလုံးကို ဖျက်စီးခဲ့ကြောင်းနှင့် KNU က နအဖ စစ်တပ်ထံမှ ၆ဝ မမ မော်တာ ၃ ခု၊ M 79 ၂ လက်၊ မောင်းပြန်ရိုင်ဖယ် ၄၁ လက်၊ သတင်းပို့စက် ၁ဝ လုံး၊ ကျဉ်ဆံ ၃၄၇၁၊ စိန်ပြောင်း အမြောက်ဆံ ၄၅၊ ဂြိုဟ်တု လမ်းပြမြေပုံ ၂ ခု သိမ်းဆည်းရမိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

KNU ဘက်မှ သေဆုံးသူနှင့် ဒဏ်ရာရသူများသည် စစ်တပ်၏ စစ်စခန်းများကို ဝင်ရောက်ပစ်ခတ်ရာ ပြန်လည် ပစ်ခတ်ခံရသဖြင့် ကျဆုံးသူများနှင့် ရန်သူ့ဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးများ ထိမှန် ကျဆုံးသူများ ဖြစ်သည်ဟု ဗိုလ်မှူး စောလှငွေက ပြောသည်။

KNU အနေဖြင့် စစ်အစိုးရမှ ကျင်းပပြုလုပ်နေသည့် လွှတ်တော် အစိုးရသစ်ကို အရပ်ဝတ်လဲ စစ်ဗိုလ်ချုပ်များ ကြီးစိုးပြီး ချယ်လှယ်ထားသဖြင့် အတုယောင်ပွဲဟု ရှုတ်ချလိုက်ပြီး၊ တက်လာမည့် အစိုးရနှင့် လက်နက်ကိုင် တိုင်းရင်းသား တပ်များအကြား တည်ငြိမ်၊ အေးချမ်းမှုများ ရလာမည်မဟုတ်ဟု သူက ရှုမြင်သည်။  

“နအဖ အနေနဲ့ တိုင်းရင်းသား အရေးကိစ္စတွေကို စစ်ရေးနည်းအရပဲ ဆက်လက်ဖိအားပေး ဖြေရှင်းမယ်ဆိုလို့ရှိရင် တဖွဲ့ကိုထိရင် ကျန်တဲ့ အဖွဲ့တွေကလည်း လက်ပိုက်ကြည့်မနေဘဲ တနည်းနည်းနဲ့ ညီညီညွတ်ညွတ် တုံ့ပြန်တိုက်ခိုက်ကြဖို့ ညှိနှိုင်းနေဆဲဖြစ်ပါတယ်” ဟု သူက ဆိုသည်။

KNU အပါအဝင် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP၊ ချင်းအမျိုးသားတပ်ဦး CNF၊ မွန်ပြည်သစ်ပါတီ NMSP၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့ ပူးပေါင်း၍ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မတီ ဖွဲ့စည်းခဲ့ပြီး နောက်ထပ် တိုးချဲ့ဖွဲ့စည်းသွားရန် ရှိကြောင်း သူက ပြောသည်။

စစ်အစိုးရက ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလ ရ ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး၊ နောက်တနေ့တွင် ကရင်ပြည်နယ်အတွင်း မြဝတီမြို့နယ်နှင့် ဘုရားသုံးဆူမြို့နယ်၌ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA နှင့် စစ်အစိုးရတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အသေအပျောက်များ ရှိခဲ့သည်။

နှစ်ဖက်တိုက်ပွဲများ ဖြစ်လာရာမှ နောက်ပိုင်းတွင် KNU က DKBA ဘက်မှဝင်၍ နအဖ စစ်တပ်ကို တိုက်ခိုက်ခဲ့သည်။

ကြာသပတေးနေ့တွင် ကရင်ပြည်နယ် ကော့ကရိတ်မြို့နှင့် မြဝတီမြို့နယ်အကြား နယ်ခြားစောင့် အသွင်ပြောင်းတပ်ကို ဝင်တိုက်ခဲ့ကြောင်း နယ်ခြားစောင့်တပ် ကွပ်ကဲရေး အမှတ် ၁၅ မှ တပ်ဖွဲ့ဝင်တဦးနှင့် ကော့ကရိတ်မြို့ခံအချို့အဆိုအရ သိရသည်။

ဒီမိုကရေစီနှင့် တိုင်းရင်းသား လူမျိုးစုအဖွဲ့များနှင့် စေ့စပ်ဆွေးနွေးရေး၊ တိုင်းရင်းသား လူမျိုးစု အဖွဲ့များ၊ တသီးပုဂ္ဂလ တိုင်းရင်းသား အဖွဲ့များကို နှိမ်နင်းသည့် ပြည်တွင်းစစ်ပွဲများ ရပ်တန့်ရေး၊ နိုင်ငံရေး အကျဉ်းသား ၂ဝဝဝ ကျော်ကို အကြောင်းပြချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးရေး စသည်တို့ကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအနေဖြင့် ပြုလုပ်ပေးရမည်ဟု KNU အစီရင်ခံစာ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

Most read this week