သောင်းကျန်းသူအဖွဲ့ဟု မွန်ပြည်သစ်ပါတီအား ပြန်လည်ခေါ်ဝေါ်

သောင်းကျန်းသူအဖွဲ့ဟု မွန်ပြည်သစ်ပါတီအား ပြန်လည်ခေါ်ဝေါ်
by -
မင်းထက်အောင်

ယနေ့စစ်အစိုးရသတင်းစာများဖေါ်ပြချက်၌ မွန်ပြည်သစ်ပါတီအား မွန်သောင်းကျန်းသူအဖွဲ့ဟု ရေးသားထားသည်ကို ဖတ်ရှုရသည်။ ...

ယနေ့စစ်အစိုးရသတင်းစာများဖေါ်ပြချက်၌ မွန်ပြည်သစ်ပါတီအား မွန်သောင်းကျန်းသူအဖွဲ့ဟု ရေးသားထားသည်ကို ဖတ်ရှုရသည်။

mm_alin_4_02_2011“မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ မယ်တရိုကျေးရွာ၌ ဇန်နဝါရီလ ၃၁ ရက်ညပိုင်းတွင် မွန်သောင်းကျန်းသူအဖွဲ့ နှစ်ဖွဲ့ပစ်ခတ်မှု ဖြစ်ပွားရာ အပြစ်မဲ့ပြည်သူတစ်ဦး သေဆုံးခဲ့ကြောင်း” သတင်းရေးသားဖေါ်ပြသည်။

တဖန် မွန်သောင်းကျန်းသူအဖွဲ့နှစ်ဖွဲ့ဆိုရာ၌ “မွန်ခွဲထွက်အဖွဲ့မှ တပ်စုမှူးအဆင့်ရှိ ကိုရင်လေး(ခေါ်) ကွန်ဟပွေး ဦးစီးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီမှ တပ်ခွဲမှူးအဆင့်ရှိ ဘကျော် ဦးစီးအဖွဲ့တို့ နာရီဝက်နီးပါးခန့် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်” ဟု စစ်အစိုးရ သတင်းစာတွင် ရေးသားထားသည်။

မြန်မာအစိုးရအဆက်ဆက်က မွန်ပြည်သစ်ပါတီအား သောင်းကျန်းသူအဖွဲ့ဟု ခေါ်ဝေါ်လာခဲ့ရာ ၁၉၉၅ ခုနှစ် လက်ရှိစစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီ အပစ်ရပ်ပြီးနောက် ငြိမ်းချမ်းရေးအဖွဲ့ဟု ပြောင်းလဲခေါ်ဝေါ်လာခဲ့ပြီး အဆိုပါ သောင်းကျန်းသူအဖွဲ့ ခေါ်ဆိုမှုအသုံးအနှုံး ၁၅ နှစ်ခန့် ရပ်ဆိုင်းခဲ့သည်။

ထို့နောက် အပစ်ရပ် မွန်ပြည်သစ်ပါတီအား နယ်ခြားစောင့်တပ်(သို့မဟုတ်) ဌာနေပြည်သူ့စစ်တပ် ပြောင်းလဲဖွဲ့စည်းရန် စစ်အစိုးရက အတင်းအကြပ် ဖိအားပေးလာသဖြင့် ၂၀၁၀ ခုနှစ် ဧပြီလတွင် နှစ်ဖက်တင်းမာမှု ပိုမိုဖြစ်ပေါ်ခဲ့သည်။

၂၀၁၀ ခုနှစ်သြဂုတ်လ(၂၃) ရက်နေ့တွင် အရှေ့တောင်တိုင်းစစ်ဌာချုပ်၌ စစ်အစိုးရနှင့်မွန်ပြည်သစ်ပါတီ နှစ်ဖက်ကိုယ်စားလှယ်များ ထပ်မံတွေ့ဆုံရာတွင် “လက်နက်စွန့်လွှတ်ရေးဆောင်ရွက်မှုကို (၁၊၉၊၂ဝ၁၀)ရက်နေ့ နောက်ဆုံးထားဆောင်ရွက်ရပါမယ်။ လက်နက် စွန့်လွှတ်ရေးကိုဆောင်ရွက်မှုမပြုဘဲ ထိုနေ့ထက်် ကျော်လွန်ကိုင်ဆောင်မယ်ဆိုရင် နဂိုလ်မူလလက်နက်ကိုင် သောင်းကျန်းသူ အဖြစ်သတ်မှတ်လိုက်မယ်ဖြစ်ပြီး မိမိတို့လဲဥပဒေအရ တရားဝင်ဆက်ဆံခွင့် မရှိတော့ကြောင်း” စစ်အစိုးရ ကိုယ်စားလှယ် ပြောကြားချက်ကို ယခင်သတင်းများတွင် ဖေါ်ပြခဲ့ပြီးဖြစ်သည်။

“သောင်းကျန်းသူလို့ မြန်မာစစ်အစိုးရကခေါ်ပေမယ့် တိုင်းရင်းသားတွေမှာကျတော့ တော်လှန်ရေးအဖွဲ့အစည်း၊ တော်လှန်ရေးသမားလို့ခေါ်ကြတယ်၊ အမှန်တကယ် ဘယ်လက်နက်ကိုင်အဖွဲ့အစည်းတွေက တိုင်းရင်းသားဒေသကိုလာရောက်ပြီး သောင်းကျန်းနေတယ်ဆိုတာ အခုလက်ရှိဖြစ်ပေါ်နေတဲ့ ကရင်ပြည်နယ်စစ်ပွဲတွေက သက်သေတွေပဲ” ဟု ဘုရားသုံးဆူဒေသရှိ အမည်မဖေါ်လိုသော ဗုဒ္ဓဘာသာကရင်ဆရာတော်တပါးက မြွက်ဆိုသည်။

၂၀၁၀ ခုနှစ်၊ အောက်တိုဘာ ၁၄ ရက် စစ်အစိုးရသတင်းထုတ်ပြန်ချက်၌ ကေအိုင်အိုကချင်အဖွဲ့အား သောင်းကျန်းသူအဖွဲ့အစည်းဟု ရေးသားခဲ့သည်ကို ယခင်သတင်းများတွင် ဖေါ်ပြခဲ့ပြီး ဖြစ်သည်။ ကချင်ကေအိုင်အို၊ မွန်ပြည်သစ်ပါတီ၊ ကေအဲန်ယူ ကရင့်အမျိုးသား အစည်းအရုံး၊ ချင်းအမျိုးသားတပ်ဦး၊ ရှမ်းပြည် တိုးတက်ရေးပါတီနှင့် ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီတို့သည် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးကော်မီတီ ဖွဲ့စည်းခဲ့ပြီး စစ်ရေး မဟာမိတ်ဖွဲ့ပြုထားကြသည်။

လက်ရှိကာလတွင် စစ်အစိုးရတပ်များနှင့် မွန်ပြည်သစ်တပ်ဖွဲ့များ တဖက်နှင့်တဖက် ပစ်ခတ်မှုများမဖြစ်ပေါ်သေးကြောင်း မွန်ပြည်သစ်ပါတီမှ ပြောပြချက်များအရသိရသည်။

Most read this week