စစ်ဗိုလ်အမတ် ၃၈၈ ဦး အမည်ထွက်လာ

စစ်ဗိုလ်အမတ် ၃၈၈ ဦး အမည်ထွက်လာ
by -
ကိုဝိုင်း

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရွေးချယ်ထားသော စစ်သားအမတ် ၃၈၈ ဦး၏ အမည်နှင့် ရာထူးများကို ရွေးကောက်ပွဲ ကော်မရှင်က မနေ့က ထုတ်ပြန် လိုက်သည်။ ...

ချင်းမိုင် (မဇ္စျိမ) ။        ။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရွေးချယ်ထားသော စစ်သားအမတ် ၃၈၈ ဦး၏ အမည်နှင့် ရာထူးများကို ရွေးကောက်ပွဲ ကော်မရှင်က မနေ့က ထုတ်ပြန် လိုက်သည်။

ဗိုလ်မှူးချုပ်မှ ဗိုလ်ကြီးအထိပါပြီး ပြည်သူ့လွှတ်တော်အတွက် ၁၁ဝ ၊ အမျိုးသားလွှတ်တော် ၅၆ ဦး၊ တိုင်း/ပြည်နယ် လွှတ်တော် ၂၂၂ ဦး အသီးသီး ဖြစ်သည်။ ကြည်းတပ်မှ ၃၅၃ ဦးဖြင့် အများဆုံးဖြစ်ပြီး ရေတပ်မှ ၁၉ ဦးနှင့် လေတပ်မှ ၁၆ ဦး ပါဝင်သည်။  

စာရင်းအရ ကရင်ပြည်နယ် လွှတ်တော် အမတ်အဖြစ် လက်ရှိ ကရင်ပြည်နယ် အေးချမ်းသာယာရေးနှင့့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဇော်မင်းအား ခန့်အပ်ထားသည်ကို တွေ့ရသည်။ သူသည် Officer Training School - OTS အပတ်စဉ် ၅၆ မှ ဖြစ်ပြီး အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဒုတိုင်းမှူး တာဝန် ထမ်းဆောင်ဖူးသည်။

ကချင်ပြည်နယ် လွှတ်တော်တွင် ရာထူးအကြီးဆုံးအဖြစ် ဗိုလ်မှူးကြီး သန်းအောင် OTS အပတ်စဉ် ၆၄၊ မွန်ပြည်နယ် ဗိုလ်မှူးကြီးဌေးမြင့်အောင် Officer Training Course-OTC အပတ်စဉ် ၁၂၊ ရှမ်းပြည်နယ်တွင် ဗိုလ်မှူးကြီးအောင်သူ Deference Service Academy-DSA အပတ်စဉ် ၂၄ တို့ ဖြစ်သည်။

ထို့ပြင် မကွေးတိုင်းဒေသကြီး လွှတ်တော်မှ ရာထူးအကြီးဆုံး ဗိုလ်မှူးကြီး အန့်ဇော်သည် OTC အပတ်စဉ် ၁ဝ၊ ပြည်သူ့လွှတ်တော်မှ ဗိုလ်မှူးကြီးတင့်ဆန်းသည် DSA အပတ်စဉ် ၂၆ မှဖြစ်ပြီး ရန်ကုန်တိုင်း ဗျူဟာမှူး၊ အမျိုးသား လွှတ်တော်မှ ဗိုလ်မှူးကြီး မောင်မောင်ထူးသည် OTC အပတ်စဉ် ၁၁ ဖြစ်သည်။

“စစ်တပ်က ရွေးကောက်ပွဲလဲ လုပ်ပြီးပြီ။ အခု သူတို့ လူတွေကို ဥပဒေပြု လွှတ်တော် တင်မကဘူး၊ အစိုးရအဖွဲ့မှာလဲ လက်ဝါးကြီး အုပ်နိုင်အောင် ကြံ့ဖွံ့အသင်းကနေ ပါတီလုပ်ပြီးတော့ နေရာယူလိုက်ပြီ။ စီးပွားရေး လုပ်ငန်းမှန်သမျှလဲ သူတို့တွေနဲ့ သူတို့ရဲ့ လက်ဝေခံတွေ မျှယူပြီးပြီ။ အဲဒီတော့ ဘာမှ မကျန်တော့ဘူးလေ” ဟု သြစတြေးလျ အခြေစိုက် စစ်ရေးလေ့လာသူ ဦးဌေးအောင်က ပြောသည်။  

လွှတ်တော်ခေါ်ယူရန် ၁၁ ရက်အလိုတွင် ထုတ်ပြန်သည့် စာရင်းပါ တပ်မတော်သား အမတ်များ၏ မူလ တာဝန်သည် စစ်သားများဖြစ်ပြီး လွှတ်တော်ကျင်းပသည့် အချိန်၌သာ လွှတ်တော်အတွင်းသို့ ခေတ္တလာ၍ ကာကွယ်ရေး ဦးစီးချုပ်၏ အမိန့်အတိုင်း ဆောင်ရွက်ကြရမည် ဖြစ်သည်။ ထို့ပြင် ကာကွယ်ရေးဦးစီးချုပ်က သူအမည်စာရင်း တင်သွင်းထားသော စစ်သားအမတ် တဦးဦးကို အချိန်မရွေး “အစားထိုး ပြောင်းလဲနိုင်ခွင့်” လည်းရှိသည်။ အုပ်ချုပ်ရေး အသစ်တွင် နိုင်ငံရေးတာဝန်ယူမည့် နိုင်ငံဝန်ထမ်းများလည်း ဖြစ်သည်။