လွှတ်တော်သုံးရပ် ယခုလ ၃၁ ရက်နေ့ ခေါ်မည်

လွှတ်တော်သုံးရပ် ယခုလ ၃၁ ရက်နေ့ ခေါ်မည်
by -
မဇ္စျိမသတင်းဌာန

ရွေးကောက်ပွဲအပြီး ပထမဆုံးဖြစ်လာမည့် လွှတ်တော်သုံးရပ် အစည်းအဝေးများကို ယခုလ ၃၁ ရက်နေ့တွင် တပြိုင်တည်း ခေါ်ယူသွားမည်ဟု နိုင်ငံပိုင်မီဒီယာများက ယနေ့မွန်းလွဲ ၁ နာရီတွင် ကြေညာသွား ...

နယူးဒေလီ(မဇ္စျိမ) ။       ။ ရွေးကောက်ပွဲအပြီး ပထမဆုံးဖြစ်လာမည့် လွှတ်တော်သုံးရပ် အစည်းအဝေးများကို ယခုလ ၃၁ ရက်နေ့တွင် တပြိုင်တည်း ခေါ်ယူသွားမည်ဟု နိုင်ငံပိုင်မီဒီယာများက ယနေ့မွန်းလွဲ ၁ နာရီတွင် ကြေညာသွားသည်။

ပြည်သူ့လွှတ်တော် အဆောက်အဦးကို စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် တွေ့ရစဉ် (ဓာတ်ပုံ - မဇ္ဈိမ)။အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်များကို ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်၊ တနင်္လာနေ့ မနက် ၈ နာရီ ၅၅ မိနစ်မှစ၍ ကျင်းပသွားရန် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လက်မှတ်ရေးထိုး ထုတ်ပြန်ကြောင်း မြန်မာ့ရုပ်မြင်သံကြား MRTV4က ကြေညာသည်။

လွှတ်တော်သုံးရပ် အစည်းအဝေးများအား တပြိုင်တည်း ကျင်းပသွားမည်ဖြစ်ရာ လေ့လာဖတ်ရှုနိုင်ရန် ဥပဒေ၊ နည်းဥပဒေ ၁၇ မျိုးအား ပုံနှိပ် ဖြန့်ဝေလိုက်သည် ဟုလည်း ပါရှိသည်။

၎င်းတို့မှာ (က) နိုင်ငံတော် အထိမ်းအမှတ်တံဆိပ် ဥပဒေ၊ နည်းဥပဒေ၊ (ခ) နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများ ရွေးချယ် တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေ၊ (ဂ) ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ၊ (ဃ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေ၊ (င) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥပဒေ၊ (စ) နေပြည်တော်ကောင်စီ ဥပဒေ၊ (ဆ) နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေ (ဇ) ပြည်ထောင်စု ရာထူးဝင်အဖွဲ့ ဥပဒေ၊ (စျ) နိုင်ငံတော် အလံဥပဒေနှင့် နည်းဥပဒေ၊ (ည) နိုင်ငံတော် သီချင်း ဥပဒေနှင့် နည်းဥပဒေတို့ ပါရှိသည်။

ထို့ပြင် (ဋ) ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ၊ (ဌ) ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ (ဍ) အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ၊ (ဎ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ၊ (ဏ) ပြည်ထောင်စု တရားစီရင်ရေး ဥပဒေ၊ (တ) ပြည်ထောင်စု ရှေ့နေချုပ်ဥပဒေ၊ (ထ) ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေတို့ ဖြစ်သည်။

အဆိုပါ ဥပဒေ၊ နည်းဥပဒေ စာအုပ်များအား ရန်ကုန်မြို့ ကုန်သည်လမ်း စာပေဗိမာန် စာအုပ်အရောင်းဆိုင်၊ သိမ်ဖြူလမ်း သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း စာအုပ်အရောင်းဆိုင်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ရုံးများတွင် ဝယ်ယူရရှိနိုင်ကြောင်း ထည့်သွင်း ကြေညာသွားသည်။

Most read this week