၁၉၄၈ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်သည် ဗြိတိသျ အစိုးရ အုပ်ချုပ်ခဲ့သည့် လက်အောက်မှ လွတ်လပ်ရေး ရရှိခဲ့ပြီး နောက်ထပ် ၆ရက်အကြာ ဇန်နဝါရီလ (၁ဝ)ရက်နေ့ကို ကချင်ပြည်နယ်နေ့ သတ်မှတ် ...
၁၉၄၈ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်သည် ဗြိတိသျ အစိုးရ အုပ်ချုပ်ခဲ့သည့် လက်အောက်မှ လွတ်လပ်ရေး ရရှိခဲ့ပြီး နောက်ထပ် ၆ရက်အကြာ ဇန်နဝါရီလ (၁ဝ)ရက်နေ့ကို ကချင်ပြည်နယ်နေ့ သတ်မှတ်ပေးလိုက်သည်။
ထိုနေ့တွင် မြစ်ကြီးနားမြို့၊ စီတာပူမနောကွင်း၌ နံနက် ၈းဝဝနာရီတွင် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော သမ္မတကြီး ဦးစပ်ရွှေသိုက် ကိုယ်တိုင် တက်ရောက်၍ မနော မဏ္ဍပ်ကြီးဖွင့်လှစ်ကာ ပထမဆုံးသော ကချင်ပြည်နယ်၏ ပြည်နယ်ကောင်စီကို စတင် ဖွဲ့စည်းခဲ့သည်။
အဆိုပါ ပြည်နယ်ကောင်စီ အစည်းအဝေး၌ ဦးဆမားဒူဝါဆင်ဝါးနောင်အား ကချင်ပြည်နယ်၏ ပထမဆုံးသော ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်လျှက် နိုင်ငံတော်သမ္မတ၏ ရှေ့မှောက်တွင်ပင် ကျမ်းသစ္စာ ကျိန်ဆိုစေခဲ့သည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေစာအုပ်ကို ကချင်ပြည်နယ်၏ ဥက္ကဋ္ဌသစ်ဖြစ်သော ဦးဆမားဒူဝါဆင်ဝါးနောင်၏ လက်သို့ နိုင်ငံတော် သမ္မတကြီးမှ အပ်နှံပေးခဲ့သည်။
ထို့ပြင် ကချင်ပြည်နယ် အစိုးရကိုလည်း ထိုနေ့တွင်ပင် ဖွဲ့စည်းလျှက် ဇန်နဝါရီလ (၁ဝ)ရက်နေ့ကို “ကချင်ပြည်နယ်နေ့”ဟူ၍ သတ်မှတ် အတည်ပြုထားခဲ့ခြင်းဖြစ်သည်။ ထိုနေ့မှစကာ နှစ်စဉ် ဇန်နဝါရီ (၁ဝ) ရက်နေ့ ရောင်းတိုင်း ပြည်နယ်အစိုးရမှ ကြီးမှူး၍ မြစ်ကြီးနား၊ စီတာပူမနောကွင်းကြီးတွင် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ကချင်ရိုးရာ မနောပွဲတော်ကို ကျင်းပလေ့ ရှိခဲ့ကြသည်။
ဤကဲ့သို့ ဖြစ်ပေါ်လာသော ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောပွဲတော်သည် ၁၉၆၂ ခုနှစ် တော်လှန်ရေး အစိုးရ တက်လာသည့်အချိန်မှ စပြီး၊ ခေတ်ကာလတစ်ခု မှေးမှိန်သွားခဲ့လေသည်။ ၁၉၉၃ ခုနှစ် ပြည်တွင်း ငြိမ်းချမ်းရေးရခါစ တစ်ဖန် ကချင်ပြည်နယ်နေ့ မနောပွဲတော်ကြီးအား ပြန်လည် ကျင်းပလာခဲ့ကြသည်။ သို့သော်နှစ်စဉ် အကြောင်းအမျိုးမျိုးကြောင့် ကျင်းပနိုင်ခွင့် မရှိခဲ့ပေ။ ၂ဝဝ၅ခုနှစ်၊ ဇန်နဝါရီ (၁ဝ)ရက်နေ့တွင် (၅၇) နှစ်မြောက် ကချင်ပြည်နယ်နေ့ မနောပွဲတော် အထိမ်းအမှတ်အား နှစ်စဉ်နှစ်တိုင်း ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။
ယခုနှစ်ကျရောက်မည့် ကချင်ပြည်နယ်နေ့သည့် ၆၃ကြိမ်မြောက် ကချင်ပြည်နယ်နေ့ မနောပွဲတော် အထိမ်းအမှတ်နေ့ဖြစ်သည်။ မြန်မာနိုင်ငံ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းမှူး ဗိုလ်ချုပ်ကြီး ဇေယျာအောင်မှ ဦးဆောင်ကာ မနောပွဲတော်အား ကျင်းပနေခြင်းဖြစ်သည်။
ကချင်ပြည်နယ် နောက်ခံ သမိုင်း
ကချင်လူမျိုးစုသည် ရှေးပဝေဏသီကစပြီး အရှေ့သံလွင်မြစ်(Saphkung Hka)၊ အနောက် အိန္ဒိယပြည်၊ ဗြဟ္မာပုတရမြစ်ကြား ယခုတရုတ်ပြည် အနောက်မြောက်၊ တိဘက်အရှေမြောက၊် မွန်ဂိုးလီးယားကနေ တောင်ဘက်(လက်ရှိနေထိုင်သည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်)သို့ ဆက်လက်နေထိုင်လာခဲ့သည်။ ယင်းနယ်မြေများသည် ကချင်လူမျိုးစုတို့၏ ဇာတိချက်ကြွေးနေရာများပင် ဖြစ်ကာ နှစ်ပေါင်းများစွာနေထိုင်လာခဲ့ကြသည်။
၁၈၂၄ ခုနှစ်တွင် မြန်မာနိုင်ငံသို့ အင်္ဂလိပ် (ဗြိတိသျှ)များ ဝင်ရောက်လာခဲ့သည်။ ၁၈၈၅ ခုနှစ် နိုဝင်ဘာ ၂၉ တွင် သီပေါမင်း နန်းကျပြီးနောက်ပိုင်း အင်္ဂလိပ်နယ်ချဲ့တို့သည် ၁၈၈၅ ဒီဇင်ဘာ ၅ရက်နေ့၌ ဗန်းမော်ကို ရောက်ရှိလာခဲ့သည်။
အင်္ဂလိပ်အစိုးရမှ ကချင်ပြည်နယ်တောင်ပိုင်းကို သိမ်းပိုက်ပြီးနောက် ၁၉၂ဝ ခုနှစ်နောက်ပိုင်း ဟူးကောင်းချိုင့်ဝှမ်းဒေသကို သိမ်းပိုက်ကာ ၁၉၃ဝခုနှစ် မှာတော့ မေခ၊မလိခ မြစ်ဆုံ တြိဂံဒေသကို သိမ်းယူနိုင်ခဲ့သည်။
သီးခြားရပ်တည်နေသည့် ကချင်လူမျိုးတွေရဲ့ နယ်မြေဒေသတစ်ခုလုံးကို အင်္ဂလိပ်တို့က Kachin Hill Tract Regulation ဆိုသည့် ဥပဒေ ပြဌာန်းကာ ထိန်းချုပ်လာနိုင်ခဲ့သည်။
ပထမ ကမ္ဘာစစ် (၁၉၁၄-၁၉၁၈)ခုနှစ်တွင် အီရက်စစ်မြေပြင်၌ အင်္ဂလိပ်ဘက်မှ ကချင်စစ်သား ၄ဝဝကျော် ပါဝင်တိုက်ခိုက် ကူညီခဲ့သည်။ စစ်ပြီးနောက် ၁၉၂၅ခုနှစ်တွင် ဆရာဦးမရမ် ရိုဘင်နှင့် ဒူဝါဇောတူးတို့က မြစ်ကြီးနားနှင့် ဗန်မော်မှ ကချင်ကိုယ်စားလှယ် ၅၅ဦးကို ဦးဆောင်၍ ဘုရင်ခံ ဆာကုတ်ဘတ္တာလာထံ ကချင်တောင်တန်းဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရန် ပထမဦးဆုံးတောင်းခံခဲ့သည်။ သို့သော် ကချင်ခြေလျင်တပ် သုံးတပ်သာ ဖွဲ့စည်းခွင့်ရရှိခဲ့သည်။
ဒုတိယ ကမ္ဘာစစ် (၁၉၄၂)ခုနှစ်တွင် မြန်မာနိုင်ငံသို့ ဂျပန်စစ်တပ်များ ဝင်ရောက်လာခဲ့သည်ကို အင်္ဂလိပ်နှင့် အမေရိကန်စစ်တပ်ပေါင်းကာ ချေမုန်းတိုက်ခိုက်နိုင်ခဲ့သည်။ ထိုတိုက်ပွဲ၌ ကချင် စစ်တပ်သားများသည် Northern Kachin Levis(N.K.L)၊ V_Force၊ Chindit နှင့် American-Kachin Ranger တပ်ဖွဲ့များဖြင့် ပါဝင်ကူညီခဲ့သည်။
၁၉၄၄ခုနှစ် သြဂုတ်လ (၃)ရက်နေ့တွင် N.K.L၊ V_Force၊ Chindit စစ်တပ်သားများသည် မြစ်ကြီးနားရှိ ဂျပန်တပ်သားများအား အမြစ်ပျက် ခြေမုန်းနိုင်ခဲ့သည်။ American-Kachin Ranger စစ်တပ်ဖွဲ့သည် တရုတ်ပြည် ယူနန်ပြည်နယ်ထဲထိ ဂျပန်စစ်တပ်အား တိုက်ခိုက် အောင်ပွဲခံခဲ့ကာ ယခု Ying Jiang မှာ အထိမ်းအမှတ် အဖြင့် ကျောက်တိုင် စိုက်ထူထားသည်။
၁၉၄၅ ခုနှစ် မတ်လ (၂၄-၂၆)ရက်နေ့တွင် စိန်လုံကဘာကျေးရွာ၌ ကချင်တောင်တန်း ဒေသတွင် ဂျပန်စစ်တပ်သားများ အကုန်အစင်တိုက်ထုတ်နိုင်ခဲ့သည့် အထိမ်းအမှတ်အနေဖြင့် Padang manau (အောင်ပွဲခံမနောပွဲ) ကျင်းပခဲ့ကြသည်။
ဆက်ပြီး အောက်မြန်မာပြည်၌ ကချင်စစ်တပ်ပါသည့် အင်္ဂလိပ်စစ်တပ်သားနှင့် Force 136တို့မှ ကူညီသဖြင့် ၁၉၄၅ခုနှစ် သြဂုတ် (၁၄)ရက်နေ့ ဂျပန်ကို မြန်မာနိုင်ငံမှ အပြီးတိုက်ထုတ်နိုင်ခဲ့သည်။
စစ်တိုက်ပြီး အောင်ပွဲခံပြန်လာခဲ့ကြသည့် ကချင်စစ်တပ်သားများသည် ကချင်ပြည်သူလူထုနဲ့ အတူ မြစ်ကြီးနား၊ စီတာပူရပ်ကွက်တွင် (၁၄-၁၉)ရက်ကြား ၆ရက်တိတိ “အောင်ပွဲခံ မနော”(Padang Manau) ပွဲကြီး ကျင်းပခဲ့ကြသည်။ (ယခုကျင်းပသည့် စီတာပူ မနောကွင်းကြီး မရှိသေး။) ရန်ကုန်ရှိ အင်္ဂလိပ် ဒုတိယ ဘုရင်ခံ Sir.Dorman Smith လည်း ပါဝင်ခဲ့သည်။
ထိုပွဲတွင် ကချင်လူမျိုးစုသည် ဒုတိယအကြိမ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြည်နယ်သတ်မှတ်ပေးရန် ထပ်မံ တောင်းဆိုသည်။ ဘုရင်ခံမှ ပြည်နယ်သတ်မှတ်ပေးရန် ငြင်းဆိုခဲ့သည့်အပြင် “နင်တို့ဂျိမ်ဖော (ကချင်) တွေက ကိုယ်ပိုင်အုပ်ချုပ်ဖို့ ပညာမစုံသေးဘူး၊ အဲ့တာကြောင့် ဗမာကို လွတ်လပ်ရေးပေးပြီး၊ နင်တို့ ဂျိမ်ဖော့တွေကို ချန်ထားလိုက်အုံးမယ်၊ စိုက်ပျိုးရေးပညာ၊ ကျန်းမာရေးပညာတွေ သိလာအောင် အရင်သင်ပေးမယ်၊ နင်တို့ ပညာစုံရင်၊ နင်တို့ နယ်မြေ၊ နင်တို့လက်ထဲ ပြန်အပ်ပေးမယ်” ဟု ပြောခဲ့သည်။
တတိယအကြိမ်ဖြင့် ၁၉၄၆ခုနှစ် ဒီဇင်ဘာလဆန်း (၂)ရက်နေ့၊ မန်ခိန်းရပ်ကွက်၌ နယ်ခြားဒေသ ဆိုင်ရာ တောင်တန်းမင်းကြီး Mr.H.N.C. Stevenson ထံ ကချင်လွတ်လပ်ရေးတောင်းဆိုခဲ့သည်။ သို့သော် Mr.H.N.C. Stevenson က ငြင်းဆိုလိုက်သည်။
ဖဆပလ (ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့) ခေါင်းဆောင်ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းသည် အင်္ဂလန်ရှိ အင်္ဂလိပ်အစိုးရထံ ဗမာပြည်မနဲ့အတူ တောင်တန်းဒေသတွေ လွတ်လပ်ရေး လိုချင်သည်ဟု တောင်းဆိုခဲ့ရာ အစိုးရမှ ပြည်မနဲ့ တောင်တန်းသားတွေ ဘဘောတူ စာချုပ် ချုပ်ပြီးယူခဲ့ဟု ဆို၍ ဗိုလ်ချုပ်ပြန်လာခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းရင်းသားအားလုံး အင်္ဂလိပ် လက်အောက်မှ လွတ်မြောက်နိုင်ရန်အတွက် ဗမာ၊ ရှမ်း၊ ကရင်၊ ကယား၊ မွန်၊ ရခိုင်၊ ချင်းနှင့် ကချင် တိုင်းရင်းသားများ လက်ခံသဘောတူမှ လွတ်မြောက်နိုင်မည်ဟု ပြောဆိုကာ တိုင်းရင်းသားများနေထိုင်သည့် တောင်တန်းဒေသတို့ ရောက်ရှိလာခဲ့သည်။
ထို့နောက် ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၆ခုနှစ် နိုဝင်ဘာလ (၂၈)ရက်နေ့တွင် မြစ်ကြီးနားသို့ ရောက်ရှိလာခဲ့ပြီး တိုင်းရင်းသားများအား “Federal ပြည်ထောင်စု စနစ်ဖြင့် အုပ်ချုပ်သွားမည်ဟု အမျိုးသားတန်းတူညီမျှရေး ဆောင်ရွက်ခဲ့သည်။
နိုဝင်ဘာလ (၃ဝ)ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်အား ကချင်လူမျိုးစုမှ “ခင်ဗျားတို့ ဗမာတွေက၊ နေရာတိုင်းမှာ အရင်တက်ကျွမ်းနားလည်တဲ့အတွက်၊ ငါတို့က ဘာမှမသိသေးတဲ့ ဂျိမ်ဖော့(ကချင်)တွေ ညီအစ်ကိုရင်းပမာ ပံ့ပိုးပေးကြပါ”ဟု ဆိုကာ ကချင်ခေါင်းပေါင်း ပေါင်းပေးကာ၊ ကချင်အမျိုးသမီး ၆ ဦးဖြင့် မှတ်တမ်းဓါတ်ပုံရိုက်ခဲ့ကြသည်။
အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံအား ပြည်ထောင်စု ပုံစံဖြင့် လုံးဝလွတ်လပ်ရေးပေးရန် သဘောတူကြောင်း အတည်ပြုသည့် ‘အောင်ဆန်း-အက်တလီစာချုပ်’ ကို ၁၉၄၇ခုနှစ် ဇန်နဝါရီလ (၂၇)ရက်နေ့တွင် လက်မှတ်ရေးထိုး ချုပ်ဆိုလိုက်ရတော့သည်။
၁၉၄၇ခုနှစ် ဖေဖော်ဝါရီလ (၅)ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့မှာ စည်းဝေးလုပ်ရန်အတွက် နေရပ်ဌာနေ အသီးသီးမှ ကိုယ်စားလှယ်လောင်းများအား ဖိတ်ကြားလိုက်သည်။
၁၉၄၇ခုနှစ် ဇန်နဝါရီလ(၂၉)ရက်နေ့ မြစ်ကြီးနား၌ ကချင်တိုင်းရင်းသား ခေါင်းဆောင်များခေါ်ကာ ပင်လုံစည်းဝေးသွားရန် ခေါင်းဆောင်ရွေးချယ်ခဲ့သည်။ မြစ်ကြီးနား မှ ခေါင်းဆောင် (၈)ဦးနှင့် ဗန်မော်မှ ခေါင်းဆောင် (၄)ဦးသွားရောက်ခဲ့သည်။
၁၉၄၇ခုနှစ် ဖေဖော်ဝါရီလ ၉ရက် နံနက် ၁၁းဝဝနာရီ အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ကာ အခြားဗမာခေါင်းဆောင်များနှင့်တူ ကချင်၊ ရှမ်း၊ ချင်းကိုယ်စားလှယ်များများအားလုံး ပင်လုံညီလာခံ စတင်လာခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းက “တောင်တန်းဒေသများ အတွက် နယ်တွင်း အုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိကြောင်း၊ တောင်တန်းဒေသရှိ ပြည်သူတို့သည် ဒီမိုကရေစီ တိုင်းပြည်များတွင် အခြေခံ အခွင့်အရေးနှင့် ရပိုင်ခွင့်များဟု သတ်မှတ်ထားသည့် အခွင့်အရေးများနှင့် ရပိုင်ခွင့်များကို ရရှိခံစားစေရမည်။” ဟု မိန့်ခွန်းပြောဆိုခဲ့သည်။ ယင်း “ပင်လုံစာချုပ်” ကိုအခြေခံတဲ့ ၁၉၄၇ အခြေခံဥပဒေအရ အင်္ဂလိပ်အစိုးရမှ မြန်မာနိုင်ငံအား လွတ်လပ်ရေးပေးခဲ့သည်။
အခြေခံဥပဒေအရ ပုဒ်မ ၁/၆ တွင်ရေးသားသည့်အတိုင်း “မြစ်ကြီးနားနှင့် ဗန်မော်ခရိုင်များ ဟူ၍ ယခင်က ခေါ်ထွင်ခဲ့သော နယ်မြေများကို၊ ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်းတွင် ပြည်ထောင်စု အဖွဲ့ဝင်တစ်ခုအဖြစ်၊ ဖွဲ့စည်းရမည်။ ထိုပြည်ထောင်စု အဖွဲ့ဝင်ကို ဤမှ နောင်အဖို့တွင် ‘ကချင်ပြည်နယ်’ဟုခေါ်ဆိုရမည်” ဟုရေးဖွဲ့ထားသည့်အတိုင်း မြစ်ကြီးနား အပိုင်း ၁၊ ၂နှင့် ဗန်မော် အပိုင်း ၁၊ ၂တို့အား ပြည်ထောင်စု အဖွဲ့ဝင် အဖြစ် ပေါင်းစည်းလိုက်ကာ ကချင်ပြည်နယ်ဟု သတ်မှတ်ခဲ့ကြသည်။
ကချင်ပြည်နယ်ဟု ခေါ်ဆိုရာတွင် အင်္ဂလိပ် အစိုးရမှ မြစ်ကြီးနားမြို့နယ်နှင့် ဗန်မော်မြို့နယ်တို့ကို သတ်မှတ်ပေးခြင်းဖြစ်သည်။ အရှေ့လောင်ဂျီတွဒ် ၉၆နှင့် ၉၈ ၄၇’ ကြား၊ မြောက်လတ်တီတွဒ် ၂၃ ၃၇’ နှင့် ၂၈ ၃၂’ ကြားရှိပြီး ဧရိယာ စတုရန်း ၃၃.၉ဝ၃ခန့် ရှိသည်။ နယ်စပ်ဖြစ်သည့် အိန္ဒိယနိုင်ငံ၊ တိဘက်ပြည်၊ တရုတ်ပြည်တို့မှ နယ်မြေ သတ်မှတ်ယူကာ ကချင်ပြည်နယ် ဟု သတ်မှတ်လာခဲ့သည်။
ကချင်သတင်းဌာနမှ ပြုစုသည်။
စာကိုး -
(၁) ကိုလိုနီခေတ်မြန်မာနိုင်ငံသမိုင်း၊ `ဗန်းမော်တင်အောင်’
(၂) Minami Organ by:- Izumiya Tatsuro
(3) Ja hte Lungseng Jubli Laika.. ‘Myitung Sut Nau’
(4) ကချင်ပြည်နယ်သမိုင်း၊ ပထမတွဲ၊ မူကြမ်း၊ ‘လဝမ်လီ’
(5) Jinghpaw mung hte Ngai .. Wabaw Zau Rip
(6) An Article of Taung Paline from ‘The Working People’s Daily’
(7) Sauka Mai