ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်ရှိ နှစ် ၂ဝ ခန့် သက်တမ်းရှိ ပျံကျ ကုန်စိမ်းစျေးကို ဒေသအာဏာပိုင်များက ယနေ့ ဖျက်သိမ်းလိုက်သဖြင့် စျေးသူ/ စျေးသား ၃ဝဝ ကျော် အလုပ်လက်မဲ့ဖြစ်ရ ...
ချင်းမိုင် (မဇ္စျိမ)။ ။ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်ရှိ နှစ် ၂ဝ ခန့် သက်တမ်းရှိ ပျံကျ ကုန်စိမ်းစျေးကို ဒေသအာဏာပိုင်များက ယနေ့ ဖျက်သိမ်းလိုက်သဖြင့် စျေးသူ/ စျေးသား ၃ဝဝ ကျော် အလုပ်လက်မဲ့ဖြစ်ရကြောင်း စျေးသည်များနှင့် ဒေသခံများက ပြောသည်။
မြို့နယ်တွင်း ဦးစံဖေ ရပ်ကွက်ရှိ ဗန္ဓုလလမ်းနှင့် ဘုရင့်နောင်လမ်းကြားရှိ ဆိုင်ခန်း ၃ဝဝ ကျော်ဖြင့် ရောင်းချနေသော ကုန်စိမ်းစျေးတန်းကို ယနေ့မနက် ၅ နာရီခန့်က မြို့နယ်စည်ပင်ရဲက အကြောင်းပြချက်မရှိ လာရောက်ဖျက်သိမ်းကြောင်း ၎င်းတို့က ပြောဆိုခြင်း ဖြစ်သည်။
ယင်းစျေးသည် ဆိုင်တဆိုင်လျှင် ၄ ပေပတ်လည် နေရာချထားပေးကာ တလလျှင် ကျပ် ၆ဝဝဝ နှင့် အမှိုက်ခွန်နှင့် စျေးကောက်ကြေး ၄ဝဝ ကျပ် စည်ပင်သာယာသို့ နေ့စဉ် ပေးသွင်းရောင်းချနေသော ကိုယ်ထူကိုယ်ထစျေး ဖြစ်သည်။
“ကျနော်တို့ကို မည်သူတဦးတယောက်မှ မရောင်းရဆိုပြီး ဒီမနက် စျေးကို လာဖျက်သွားကြတယ်။ အစားထိုးနေရာလည်း ပြန်မပေးဘူးလို့ ပြောတယ်။ အဲဒီအတွက် ကျနော်တို့မှာ ဘာဆက်လုပ်ရမှန်းမသိ ဖြစ်ကုန်ပါတယ်” ဟု ဝက်သားရောင်းသူတဦးက မဇ္စျိမကို ပြောသည်။
စျေးနေရာသည် ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလထဲတွင် မီးလောင်ခဲ့သည့် သင်္ဃန်းကျွန်းစျေးကြီးနှင့် ကိုက် ၂ဝဝ ခန့်သာ ကွာဝေးပြီး၊ ယင်းစျေး ပြန်လည်ပြင်ဆင်ပြီးပါက ပတ်လမ်းအဖြစ် ကားအဝင်အထွက် အသုံးပြုနိုင်ရန်အတွက် ရှင်းလင်းခြင်းဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် စည်ပင်ရုံးက မဇ္စျိမကို ပြောသည်။
“ဒီစျေးကို ဒီနေ့မှာ ဖျက်မယ်ဆိုတာ သူတို့ကို လွန်ခဲ့တဲ့ လလယ်ပိုင်းကတည်းက ကြိုတင်အသိပေးပြီးသားပါ” ဟု မြို့နယ် စည်ပင်သာယာရေး ရုံးဝန်ထမ်းတဦးက ပြောသည်။
နှစ်ပေါင်း ၂ဝ ခန့် ရောင်းချလာခဲ့ကာ စည်ပင်သို့ အခွန်ဆောင်သည့်အပြင် သန့်ရှင်းသပ်ရပ်စေရန်အတွက် ရောင်းချရာနေရာများကို စျေးသူစျေးသားများက ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ကွန်ကရစ်ခင်း ထားကြသည်ဟု စျေးသားများက ဆိုသည်။
ပျံကျစျေး အစားထိုးနေရာ ပြန်လည်ရရှိရေးအတွက် ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့ စျေးသူစျေးသား ၈ဝ ကျော်က ကူညီဖြေရှင်းပေးရန် တောင်းဆိုခဲ့သော်လည်း အဖွဲ့ချုပ်တာဝန်ရှိသူများက ရွေးကောက်ပွဲကာလတွင် သင်္ဃန်းကျွန်းမြို့နယ်မှနေ၍ ကိုယ်စားပြုဝင်ပြိုင်ခဲ့သည့် အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီထံ ဦးစွာ အကူအညီတောင်းသင့်ကြောင်း အကြံပြုခဲ့သည်ဟု ဆိုသည်။
ထို့ကြောင့် NDF ရုံးတည်ရှိရာ သင်္ဃန်းကျွန်းမြို့နယ်သို့ အပြန်တွင် လမ်းခရီး၌ စျေးသူ/ စျေးသားများ စီးလာသည့် ဘီအမ် ကား ၂ စီးကို စစ်ဖက်ဆိုင်ရာ လုံခြံုရေးတပ်ဖွဲ့ (စရဖ) များက စစ်ဆေးမှုများ ပြုလုပ်သဖြင့် လူစုကွဲသွားပြီး ဦးဆောင်သူကို အာဏာပိုင်များက လိုက်လံဖမ်းဆီးနေကြောင်း လိုက်ပါသွားသူများထံမှ စုံစမ်းသိရှိရသည်။
ယင်းပျံကျစျေးကို အမီပြုကာ စီးပွားရှာနေကြသည့် စျေးသည်များမှာ စျေးဖျက်သိမ်းခံလိုက်ရသဖြင့် အလုပ်လက်မဲ့ဖြစ်ကာ မိသားစု စားဝတ်နေရေးများနှင့် ကျောင်းနေအရွယ် ကလေးများကိုပါ ရိုက်ခတ်နိုင်ကြောင်း ကုန်စိမ်းသည် အမျိုးသမီး တဦးက မဇ္စျိမကို ပြောသည်။
“ကျမတို့က ဒီစျေးမှာ ၂-၃ ကျပ် ခေတ်ကတည်းက စျေးရောင်းလာခဲ့တာပေါ့လေ။ ဆိုင်ကြီး ကနားကြီးတွေ ဖွင့်ပြီး ရောင်းနိုင်တဲ့ စျေးသည်တွေ မဟုတ်ဘူး။ အခုလိုဖြစ်တော့ မိသားစု စားဝတ်နေရေးနဲ့ ကလေးတွေ ကျောင်းဆက်ထားဖို့ပါ အခက်အခဲတွေ ကြံုလာရတော့မှာပေါ့” ဟု သူက ပြောသည်။
ယင်းကဲ့သို့ ကုန်စိမ်းများ၊ အသားငါးများ ရောင်းချနေသည့် ပျံကျစျေးတန်း အဖျက်ခံလိုက်ရသဖြင့် ယင်းမြို့နယ်နေ ဒေသခံများအနေဖြင့် ဝေးလံသည့် နေရာများကို ယာဉ်စီးခ ပိုမိုပေးဆောင်ကာ သွားရောက်ဝယ်ယူရတော့မည်ဟု သင်္ဃန်းကျွန်း ဘုရားလမ်းတွင် နေထိုင်သူ အိမ်ရှင်မ တဦးကလည်း ပြောသည်။
“ဒီစျေးက ပျံကျ တောစျေး ပုံစံမျိုးဆိုတော့ အသီးအရွက်နဲ့ အသားငါးတွေက တခြားစျေးတွေထက် စျေးသက်သာတယ်။ စျေးနဲ့ နီးတဲ့အတွက် လိုသလောက်ကိုပဲ ဝယ်လို့ရတယ်လေ။ အခုဖျက်နေပြီဆိုတော့ တခြားစျေးတွေမှာ လိုင်းကားနဲ့ ဆိုက်ကား အကုန်ခံပြီး သွားဝယ်ရမှာပေါ့” ဟု သူက ဆိုသည်။