မဲပေးခွင့် အချိုးဖောက်ခံရဆုံးဟု HRDP ပြော

မဲပေးခွင့် အချိုးဖောက်ခံရဆုံးဟု HRDP ပြော
by -
ဖနိဒါ

၂ဝ၁ဝ ရွေးကောက်ပွဲတွင် မြန်မာပြည်သူများ အနေဖြင့် မဲပေးပိုင်ခွင့်နှင့် ပတ်သက်၍ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အများဆုံးဟု ပြည်တွင်းအခြေစိုက် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက် ...

ချင်းမိုင် (မဇ္စျိမ) ။       ။ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် မြန်မာပြည်သူများ အနေဖြင့် မဲပေးပိုင်ခွင့်နှင့် ပတ်သက်၍ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အများဆုံးဟု ပြည်တွင်းအခြေစိုက် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက် HRDP ၏ အစီရင်ခံစာက ဆိုသည်။

ရန်ကုန်၊ ဧရာဝတီနှင့် ပဲခူးတိုင်း၊ ရှမ်း၊ ရခိုင်နှင့် ကချင်ပြည်နယ် စသည့် တိုင်း/ပြည်နယ် ၆ ခုရှိ ၄၂ မြို့နယ်မှ HRDP အဖွဲ့ဝင်များ အပါအဝင် လူ့အခွင့်အရေး ချစ်မြတ်နိုးသူ ၁ဝဝဝ ကျော်က လူ ၃ သောင်းခန့်ကို တနှစ်ကြာ စစ်တမ်းကောက်ခဲ့ပြီးနောက် ယမန်နေ့တွင် အစီရင်ခံစာ ပေါ်ထွက်လာခြင်း ဖြစ်သည်။

“မဲပေးပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးကို အချိုးဖောက်ခံရတာကို အဓိက တွေ့ရပါတယ်။ မဲပေးပိုင်ခွင့်ရှိသူ မဲမပေးရတဲ့ကိစ္စ၊ မဲပေးပိုင်ခွင့်ရှိပြီးတော့ မဲပေးရပေမယ့်လည်း မဲပေးသူရဲ့ စစ်မှန်ဆန္ဒသဘောထားကို မရရှိခဲ့ဘူး။ ခြိမ်းခြောက်မှုတွေ၊ အကျပ်ကိုင်မှုတွေ၊ မက်လုံးပေးမှုတွေ စသည်ဖြင့် ကောက်ခံရတဲ့ စစ်တမ်း ၃ သောင်းကျော်ကနေ အများဆုံး တွေ့ရှိရပါတယ်” ဟု HRDP ကို ဦးဆောင်နေသူ ဦးမောင်မောင်လေးက မဇ္စျိမကို ပြောသည်။

နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးမှုဆိုင်ရာ စောင့်ကြည့်ခြင်း၊ မဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့် မဲမသမာမှု အပါအဝင် ကြိုတင်မဲကောက်ခံခြင်းနှင့် ရွေးကောက်ပွဲလွန်ကာလ စသဖြင့် ကာလရှည်ကြာ စောင့်ကြည့်ခဲ့ခြင်း ဖြစ်သည်။

ဧရာဝတီတိုင်း ပုသိမ်မြို့ မှန်စက်ရုံ ဝန်ထမ်းများနှင့် ပညာရေးကောလိပ်ရှိ သဲကုန်းမြို့ အပါအဝင် ကျေးရွာ ၂၇ ရွာတွင် တရွာလျှင် ကြိုတင်မဲပေါင်း ၁၅ဝ ကို သက်ဆိုင်ရာ အာဏာပိုင်များက ကောက်ခံခဲ့ခြင်း၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ သူနာပြု တက္ကသိုလ် ကျောင်းသူကျောင်းသားများထံမှ တဦးလျှင် ၂ သောင်းကျပ်ပေး၍ ရွေးကောက်ပွဲ ကော်မရှင်နှင့် ပြည်ခိုင်ဖြိုး (ကြံ့ဖွံ့) ပါတီတို့က ကြိုတင်လက်မှတ် ဝယ်ယူခဲ့သည်ဟု အစီရင်ခံစာတွင် ပါရှိသည်။

မဲရေတွက်ရာ၌လည်း တသီးပုဂ္ဂလ အမတ်လောင်းများ၊ ပါတီအမတ်လောင်းများ၏ မဲရုံ ကိုယ်စားလှယ်များ ကိုယ်တိုင် မဲရေတွက်သည့်အချိန် ကြည့်ရှုခွင့်မရခြင်း၊ မဲရုံပိတ်လိုက်ခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို မဲရုံပေါင်း ၅ဝဝ ခန့်ကို စောင့်ကြည့်ခဲ့ရာမှ တွေ့ရသည်ဟု ဆိုသည်။

၂ဝဝ၂ ခုနှစ်စ၍ HRDP ကို ဦးဆောင်လုပ်ကိုင်ခဲ့သူ ဦးမြင့်အေး အပါအဝင် ကွန်ယက်ဝင် ၂၆ ဦးမှာ အကျဉ်းကျခံရဆဲ ဖြစ်သည်။  ဦးမြင့်အေးသည် ထောင်ဒဏ်တသက်တကျွန်းနှင့် ၈ နှစ် ပြစ်ဒဏ်ချခဲ့ပြီး ကယားပြည်နယ် လွိုင်ကော်ထောင်တွင် အကျဉ်းကျခံနေရကာ၊ အခြားအဖွဲ့ဝင်များမှာ အနည်းဆုံး ၈ နှစ်မှ ၂၈ နှစ်အထိ ထောင်ဒဏ် ကျခံနေကြရသည်။

နိုင်ငံသားများ၏ အခြေခံ ရပိုင်ခွင့်များဖြစ်သည့် မဲပေးပိုင်ခွင့်များ၏ မဲပေးသည့် နေရာတွင် လူထု၏ စိတ်ဆန္ဒအမှန်ကို မတွေ့ရှိရကြောင်းနှင့် ဖြစ်ပေါ်လာမည့် အခြေအနေများကို အခြေခံ လူ့အခွင့်အရေးနှင့်အညီ ဆောင်ရွက်နိုင်ရန် အသိပေးသည့် ရည်ရွယ်ချက်ဖြင့် ယခုအစီရင်ခံစာ ထုတ်ပြန်ရကြောင်း ဦးမောင်မောင်လေးက ပြောဆိုသည်။

Human Right Watch ၊ Freedom House ၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် တောမတ် ကင်တားနား၊ လူ့အခွင့်အရေးကော်မရှင် မဟာမင်းကြီး အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများထံ အစီရင်ခံစာကို တင်ပြသွားမည်ဖြစ်သည်။

“လူ့အခွင့်အရေးဆိုတာက လူတွေရဲ့ မွေးရာပါ ဖြစ်ပါတယ်။ အခြေခံ အခွင့်အရေးတွေကို ကန့်သတ်တာတို့၊ ထိန်းချုပ်တာတို့၊ မလုပ်ကြဖို့ သက်ဆိုင်ရာ တည်ဆဲအစိုးရကိုရော၊ နိုင်ငံတကာကိုရော မေတ္တာရပ်ခံချင်ပါတယ်။ ကိုယ့်အိတ်ကပ်ထဲက စိုက်ပေးရတာ မဟုတ်ပါဘူး၊ လူတွေရဲ့ အခွင့်အရေးကို အပြည့်အဝ ခံစားခွင့်ပေးလိုက်ပါ” ဟု ဦးခင်မောင်လေးက ဆိုသည်။

HRDP ကဲ့သို့ပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ၂ဝ၁ဝ ရွေးကောက်ပွဲ မဲမသမာမှုများ သုံးသပ်ချက် မူကြမ်းကို ရေးဆွဲပြီးဖြစ်ရာ ထိုမူကြမ်းတွင် ကြိုတင်မဲ ကောက်ခံမှုနှင့် မဲလိမ်လည်မှုများ အများအားဖြင့် ပါဝင်နေသည်။

“အများဆုံးက ကြိုတင်မဲ များတယ်။ တယောက်ထဲ မဲအများကြီး ထည့်သွားတာ၊ လျှို့ဝှက်မဲမဟုတ်ဘဲ ထည့်ရတာတို့ များတယ်။ တကယ်တမ်းကျရင် ရွေးကောက်ပွဲက တရားမဝင်ဘူး။ လွှတ်တော်အမတ်တွေလည်း တယောက်မှ တရားမဝင်ဘူး။ ပျက်ပြယ်သော ရွေးကောက်ပွဲပဲ။ စာချုပ်တခုက နှစ်ဦးသဘောတူဖြစ်ရမှာ။ အဓမ္မခေါ်လို့ ခြိမ်းခြောက်၊ ခြောက်လှန့်ပြီးတော့ ပေးတဲ့ မဲဖြစ်တဲ့အတွက် တရားမဝင်ဘူးလို့ ပြောတာ” ဟု မူကြမ်းရေးဆွဲရာတွင် ပါဝင်သူ ပါတီဗဟိုလုပ်ငန်းကော်မတီ အဖွဲ့ဝင် ဦးကြည်ဝင်းက မဇ္စျိမကို ပြောသည်။

ဝန်ထမ်းများကို ကြိုတင်မဲပေးရန် ညွှန်ကြားထားပြီး ကြိုတင်မဲများနှင့် ပတ်သက်သည့် တိုင်း/ပြည်နယ်များမှ ကြံ့ဖွံ့ပါတီကို မဲထည့်ရန် စာထုတ်ပြန်သည့် အထောက်အထားများ အပါအဝင် ပါတီအချို့နှင့် တသီးပုဂ္ဂလ အမတ်လောင်းများ၏ တိုင်တန်းချက် အထောက်အထားများ ပါဝင်သည့် မူကြမ်းအရ တရားမဝင်ဟု ပြောဆိုရကြောင်း သူက ပြောဆိုလိုက်သည်။