ဘက်မလိုက် ကြားနေမူဝါဒဖြင့် ၀ ပြည်ဖွံ့ဖြိုး တိုးတက်ရေးဆက်လက် အကောင်အထည် ဖော်မည်

ဘက်မလိုက် ကြားနေမူဝါဒဖြင့် ၀ ပြည်ဖွံ့ဖြိုး တိုးတက်ရေးဆက်လက် အကောင်အထည် ဖော်မည်
by -
သျှမ်းသံတော်ဆင့်

ယခုလ ၂၀ ရက်မှ ၂၉ ရက်နေ့အထိ ကျင်းပနေသည့် ၀ ပြည်သွေးစည်း ညီညွှတ်ရေးပါတီ ခရိုင်အဆင့် ပါတီအတွင်းရေးမှူး၏ ညီလာခံ  မိန့်ခွန်း  အတိုင်း ဘက်မလိုက် ကြားနေဝါဒ မူအတိုင်း ရပ်တည်သွားမည် ...

ယခုလ ၂၀ ရက်မှ ၂၉ ရက်နေ့အထိ ကျင်းပနေသည့် ၀ ပြည်သွေးစည်း ညီညွှတ်ရေးပါတီ ခရိုင်အဆင့် ပါတီအတွင်းရေးမှူး၏ ညီလာခံ  မိန့်ခွန်း  အတိုင်း ဘက်မလိုက် ကြားနေဝါဒ မူအတိုင်း ရပ်တည်သွားမည်ဖြစ်ပြီး  ၀ ပြည်ဖွံ့ဖြိုး တိုးတက်ရေးကိုသာ လက်တွေ့ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း  ၀ ခေါင်း ဆောင်ပိုင်းတဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။

“၀ ပြည်အုပ်ချုပ်ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကိစ္စ ဆွေးနွေးတယ်။ ရှေ့လုပ်ငန်းစဉ်တွေချတယ်။ ကိုယ့်ဒေသဖွံ့ဖြိုးတိုးတက်ရေး အဓိကထားလုပ်သွားမယ်။ အပြောထက် အလုပ်နဲ့သက်သေပြသွားမယ် ။ ရပ်တည်ချက် ၆ ချက်ကို အကောင်အထည် ဖော်သွားမယ်။ အရင်က တင်ပြခဲ့ဖူးတဲ့ ၉ ချက် ၈ ချက်တွေနဲ့ လုံးဝ ကွဲပြားသွားပါပြီ ” ဟု အစည်းအဝေး တက်ရောက်သူ ၀ ခေါင်းဆောင်တဦးက သျှမ်းသံတော်ဆင့်သို့ပြောပြသည်။      

၀ ပြည်နယ်အစိုးရ ဒုဥက္ကဌနှင့် ပါတီ ဒု အတွင်းရေးမှူး ရှောက်မင်လျဲန်၏ UWSA ၏ရပ်တည်ချက် ၆ ချက် မိန့်ခွန်းမှာ -
၁။ ၀ ပြည်နယ်ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးအပေါ် ရပ်တည်သွားမည်။
၂။ ၀ပြည်နယ်တွင် မိမိကိုယ်ပိုင်တပ်မတော်ရှိရမည်။ ၀ လက်နက် ၀ လက်တွင်းရှှိရမည်။ ၀ ပြည်နယ်၌ ၀ လက်နက်ကိုင်တပ်မတော်သာရှိရမည်။  
၃။ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှ ခွဲထွက်မည်မဟုတ်။
၄။ ဘယ်စိုးရပဲတက်တက် သီးခြား ၀ လွတ်လပ်ရေး  တောင်းဆို/ ကြေငြာမည်မဟုတ်။
၅။ ဘယ်စိုးရပဲတက်တက် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိ  ၀ ပြည်နယ်ရရှိရေးတောင်းဆိုသွားမည််။
၆။  ယခုတက်လာမည့် အရပ်သားအစိုးရနှင့် ၀ ပြည်နယ်အရေးဆွေးနွေးမည်။ ဘက်မလိုက် ကြားနေမူဝါဒကျင့်သုံးမည်။

smlအဆိုပါပုဂ္ဂိုလ် ဆက်ပြောသည်မှာ “ နအဖစစ်အစိုးရက ၀ ပြည်တိုးတက်ဖို့သူ့မှာစေတနာရှိတာမဟုတ်ဘူး။ ဒီတော့ကျနော် တို့ တိုးတက်ချင်ရင် ကျနော်တို့ကိုယ်တိုင် လုပ်မှဘဲရတော့မယ်။ တက်လာမယ့်  အစိုးရသစ်နဲ့ ၀ အရေး သွားဆွေးနွေးမယ်။ စစ်အစိုးရ လုပ်ငန်းစဉ်ထဲမှာလဲမပါဘူး။  ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၁ ရာစု ပင်လုံထဲမှာလဲ ၀င်မပါဘူး။ မိန့်ခွန်းထဲမှာပါတဲ့ အတိုင်း ဘက်မလိုက် ကြားနေဝါဒမူအတိုင်းရပ်တည်သွားမယ် ” - ဟု ဆို၏။

ထို့အပြင် အခြားနိုင်ငံကို အားကိုးမည်မဟုတ်ဘဲ မိမိဘာသာရပ်တည်နိုင်ရေးကြိုးစားသွားမည်ဟု ဆို၏။

“ ရေနံ ဂက်စ်ရောင်းရဖို့အရေး နအဖက တရားအားထုတ်နေရတယ်လေ။ တရုတ်ကလဲ သူမသာရင် သူမလုပ်ဘူးဆိုတာ ကျနော် တို့ သိနေပြီးသားဘဲ။ တဖက်ကလဲ ကျနော်တို့ဟာ တရုတ်အတွက် အပေါက်ဖြစ်နေလို့ သူတို့ဖိအားမပေးပါဘူး” - ဟု ရှင်းပြ သည်။

၀ ပြည်ဖွံ့ဖြိုးတိုးတက်ရေး ၅ နှစ်တာစီမံကိန်းအနက် ယခုအကောင်အထည်ဖော်နေသည်မှာ ၀ ပြည်အတွက် ရေအားလျှပ်စစ် ၂ နေရာတည်ဆောက်နေပြီး နအဖ ထိန်းချုပ်နယ်မြေ တန့်ယန်းမြို့အထိ ဖြန့်ဝေပေးနိုင်မည်ဟု ရေအားလျှပ်စစ်အင်္ဂျင်နီယာ တဦး ကပြောသည်။

“ တခုက သံလွင်မြစ်နဲ့ နမ့်မားချောင်းဆုံမှာလုပ်တယ်။ ၈၀၀ မဂ္ဂါ၀ပ်အထိ အားရှိမယ်။ တန့်ယန်းအထိ ပေးနိုင်မယ်။ နောက်တခု က နမ့်မားချောင်းပေါ်မှာဘဲ။ ဒါကတော့ ၂၀၀ မဂ္ဂါ၀ပ်ဘဲပေးနိုင်မယ်။ ၀ ပညာရှင်နဲ့ တရုတ်ခွန်းမင်ဖွံ့ဖြိုးရေး ကုမ္မဏီက ပညာရှင် တွေ ပူးပေါင်းပြီးလုပ်နေတယ်။ လာမယ့်နှစ်ဖွင့်ပွဲလုပ်နိုင်အောင် ကြိုးစားနေပါတယ်”- ဟု အဆိုပါ အင်္ဂျင်နီယာကပြောပြသည်။

ထို့အပြင် ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်၊ စက်မှုလက်မှုအပြင် လမ်းပန်းဆက်သွယ်ရေးအတွက် ၅၅ ကီလိုမီတာရှည် ပန်ဝိုင်- မိုင်းမော ၂ လမ်းသွား ကွန်ကရစ် လမ်းတံတားကိုလည်း တည်ဆောက်နေရာ ၂၀၁၂ အပြီး စီမံကိန်းဖြစ်သည်ဟု အဆိုပါ ၀ အရာ ရှိက ဆက်လက်ပြောပြသည်။

၁၀ ရက်ကြာ ကျင်းပသည့်အဆိုပါ ညီလာခံတွင် ၀ ပြည်သွေးစည်းညီညွှတ်ရေးပါတီဝင် ၂၅၀၀ ကျော်တက်ရောက်သည်ဟု သိရသည်။