မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်သည့်အဖွဲ့ လူ့အခွင့်အရေးဆု ရရှိ

မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်သည့်အဖွဲ့ လူ့အခွင့်အရေးဆု ရရှိ
by -
ဇော်ကြီး

ယခုနှစ်အတွက် ပြင်သစ်နိုင်ငံမှ ပေးအပ်သည့် လူ့အခွင့်အရေးဆုအား ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း FED နှင့် ပြည်တွင်းမှ လူ့အခွင့်အရေး ဆောင်ရွက် ...

ယခုနှစ်အတွက် ပြင်သစ်နိုင်ငံမှ ပေးအပ်သည့် လူ့အခွင့်အရေးဆုအား ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း FED နှင့် ပြည်တွင်းမှ လူ့အခွင့်အရေး ဆောင်ရွက်နေသည့် အဖွဲ့နှစ်ဖွဲ့ ရရှိခဲ့သည်။

ပြည်တွင်းမှ ဆုရရှိသည့်အဖွဲ့နှစ်ဖွဲ့၏အမည်များကို လုံခြံုရေးအရ ထုတ်ဖော်ပြောဆိုခွင့် မရှိ သော်လည်း လူ့အခွင့်အရေးဆောင်ရွက်နေသူ အားလုံး၏ကိုယ်စား မိမိတို့အဖွဲ့မှ ရရှိခဲ့ခြင်း ဖြစ်သည်ဟု ခံစားမိကြောင်း FED အဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ယခုလိုပြောသည်။

“အဓိကတော့ ဗမာပြည်မှာ နိုင်ငံရေးအကျဉ်းသားတွေထက်ပေ့ါနော် ဗမာပြည်ထဲမှာ ဆောင်ရွက် နေတဲ့ ကျောင်းသား၊ ရဟန်းသံဃာ၊ အလုပ်သမား အကုန်လုံးပေ့ါလေ လူ့အခွင့်အရေး ဆောင်ရွက် နေတဲ့ လူတွေရဲ့ ကိုယ်စား အဲလိုမျိုး အသိအမှတ်ပြုခံရတယ်လို့ ကျနော့်အနေနဲ့ ခံစားရတယ်။”  ယင်းဆုသည် ကမ္ဘာပေါ်ရှိ လူ့အခွင့်အရေးချိုးဖောက်ခံနေရသည့်နိုင်ငံများအနက် လူ့အခွင့်အရေး ဆောင်ရွက်နေသော အစိုးရမဟုတ်သည့် NGOs အဖွဲ့(၅)ဖွဲ့အား ပြင်သစ်နိုင်ငံမှ ၁၉၈၈ ခုနှစ်မှ စ၍ နှစ်စဉ်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ယင်းဆုအား ထိုင်းနိုင်ငံဆိုင်ရာပြင်သစ်သံအမတ်ကြီးနှင့် ဇနီးတို့က FED ရုံးအခြေစိုက်ရာထိုင်းနိုင်ငံ တောင်ပိုင်း၊ ဖန်ငခရိုင် တကွန်ပါမြို့နယ်တွင် ယနေ့နံနက်(၉)နာရီက အခမ်းအနားဖြင့် ပေးအပ်ခဲ့ပြီး အဖွဲ့ကိုယ်စား အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်မှ လက်ခံရယူခဲ့သည်။

ဤဆုအားပေးအပ်ရခြင်း၏ အဓိကရည်ရွယ်ချက်နှင့်ပတ်သက်၍ “သူ့အနေနဲ့တော့ဗျာ ကျနော်တို့ကို ပြင်သစ်အစိုးရနဲ့ ပြင်သစ်လူထုတွေကနေ အသိအမှတ်ပြုတာတင် မဟုတ်ဘဲနဲ့ နိုင်ငံတကာမှာရှိတဲ့ အဖွဲ့အစည်းတွေအားလုံးကနေပြီးတော့ ပိုပြီးတော့ ဂရုစိုက်လာအောင် အသိအမှတ်ပြုလာအောင် ဒီ့ထက်မက ပံ့ပိုးကူညီမှုတွေရအောင်လို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေးတယ်လို့ ကျနော်တို့ကို ပြောပါတယ်။” ဟု ပြင်သစ်သံအမှတ်ကြီးကပြောကြောင်း ဦးထူးချစ်က ပြောသည်။

ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED အဖွဲ့အား ၂၀၀၀ ခုနှစ် ဒီဇင်ဘာလ (၁၀)ရက်နေ့က အခြေခံလူထု လူ့အခွင့်အရေးပညာပေးဌာနအမည်ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး လူ့အခွင့်အရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ၂၀၀၇ ခုနှစ် မှစတင်၍ ထိုင်းနိုင်ငံတွင် တရားဝင် မှတ်ပုံတင်ခွင့်ရရှိခဲ့သည်။

Most read this week