ကရင်တိုင်းရင်းသား အများစုနေထိုင်သည့် ကရင်နီပြည် ဖာဆောင်းမြို့နယ် မော်ချီးဒေသရှိ ခဲလုပ်ငန်းခွင်တွင် ဗမာလူမျိုးများ သိသိသာသာ များပြားလာသဖြင့် ဒေသခံများ စိုးရိမ်မကင်း ဖြစ်နေကြသည်ဟု ဆို ...
ကရင်တိုင်းရင်းသား အများစုနေထိုင်သည့် ကရင်နီပြည် ဖာဆောင်းမြို့နယ် မော်ချီးဒေသရှိ ခဲလုပ်ငန်းခွင်တွင် ဗမာလူမျိုးများ သိသိသာသာ များပြားလာသဖြင့် ဒေသခံများ စိုးရိမ်မကင်း ဖြစ်နေကြသည်ဟု ဆိုသည်။
“သူတို့ ၀င်လာတာ သဘောရိုးရိုး မဟုတ်ဘူး။ သူတို့ မဟာစီမံချက်အနေနဲ့ သူတို့ ၀င်ခြင်းဖြစ်တယ်လို့နားလည်တယ်။ ဗမာတွေ ရောက်တဲ့နေရာတိုင်းမှာ ကျနော်တို့ တိုင်းရင်းသားတွေ မခံနိုင်ကြဘူး” ဟု မော်ချီးဒေသမှဒေသခံတဦးက ပြောပါသည်။
ဗမာလူမျိုးများ တိုင်းရင်းသား ဒေသများတွင် တဖြည်းဖြည်း များပြားလာခြင်းသည် မြန်မာ စစ်အစိုးရ၏ တိုင်းရင်းသား နယ်မြေများကို လွမ်းမိုးချုပ်ကိုင်လို၍ သွေးနှောစနစ် ပြုလုပ်နေခြင်းသာ ဖြစ်သည့်အပြင် ရေရှည် စီမံကိန်းအတွက် တိုင်းရင်းသား နယ်မြေဒေသများကို ၀ါးမျိုလာစေနိုင်သည့် သဘောသို့ရှိပြီး တဖြည်းဖြည်းနှင့် ကြီးစိုးလာနိုင်သည်ဟု ဒေသခံများက ပြောကြသည်။
“ကျနော်တို့ တိုင်းရင်းသားတွေက ကရင်ပြောတာက အယ်တာမူ တာခူလေနော် (ငြိမ်းချမ်းမှုကို မြတ်နိုးတယ်) ရှုပ်ရှုပ် ထွေးထွေးကြားမှာ သူတို့ မနေချင်ဘူး။ သူတို့မရင်ဆိုင်ချင်ဘူး။ မဖြေရှင်းချင်ဘူး။ ဗမာလူမျိုး တွေက အားအားနေ ရန်ဖြစ်တယ်။ စကားများတယ်။ သူတပါးကို သွားအနိုင်ကျင့်ချင်ကြတယ်” ဟု မော်ချီးဒေသမှ အခြားဒေသသို့ သွားလာလှုပ်ရှားနေသည့် ဒေသခံတဦးကပြောသည်။