မိုးကြောင့် မွန်မှာ စပါးအပျက်များ

မိုးကြောင့် မွန်မှာ စပါးအပျက်များ
by -
ကျော်ခ

မွန်ပြည်နယ်တခုလုံး စပါးရိတ်သိမ်းချိန် အခါမဟုတ် မိုးရွာသွန်းမှုကြောင့် စပါးများ ပျက်စီး ဆုံးရှုံးနေရကြောင်း ဒေသခံ တောင်သူလယ်သမားများက ပြော ...

ချင်းမိုင် (မဇ္ဈိမ)။       ။ မွန်ပြည်နယ်တခုလုံး စပါးရိတ်သိမ်းချိန် အခါမဟုတ် မိုးရွာသွန်းမှုကြောင့် စပါးများ ပျက်စီး ဆုံးရှုံးနေရကြောင်း ဒေသခံ တောင်သူလယ်သမားများက ပြောသည်။

ယခုလ ၁ဝ ရက် ညနေပိုင်းမှစပြီး တပြည်နယ်လုံးတွင် သုံးရက်ဆက်တိုက် မိုးရွာသွန်းခဲ့သည်။

နေပြည်တော် မိုးလေဝသနှင့် ဇလဗေဒဌာနက ဒီဇင်ဘာ ၁၁ ရက်တိုင်းထွာချက်အရ မော်လမြိုင်တွင် မိုးရေချိန် ၄.ဝ၉  လက်မရှိကာ ၁၈ နှစ်အတွင်း စံချိန်တင် ရွာသွန်းမှုဟု ထုတ်ပြန်သည်။

“အခုဟာ ကောက်ရိတ်သိမ်းချိန် မိုးကရွာချလိုက်တော့ ရိတ်ထားပြီးသား စပါးတွေ အကုန်လုံး ရေထဲမှာ ပေါလော ပေါ်နေတာပဲ။ ကျမတို့ဆိုရင် ဧက ၃ဝ ရှိတယ်။ ၂၇ ဧက က ရိတ်ပြီးထားထားတာ။ ၃ ဧက က ရိတ်နေတုန်း မိုးက ရွာချလာတော့ အသီးတွေကြွေ ပျက်စီးကုန်တာပေါ့။ အဲဒီလိုမျိုး ဒီမှာ လူတိုင်းထိကြတယ်” ဟု ပေါင်မြို့နယ်ရှိ လယ်ပိုင်ရှင်တဦးက မဇ္စျိမကိုပြောသည်။

လယ်သမားများ ရေမြုပ်နေသော စပါးပင်များကို လယ်ကွက်များထဲမှ ဆယ်ကာ နေလှန်းကြသလို ရေမြုပ်မှုကြောင့် စပါးသီးများ အကြွေအလွင့်ရှိပြီး စပါးသီးများမှာ အညှောင့်ပင် ထွက်နေကြပြီဟု ဒေသခံတဦးက ပြောသည်။

နောက်ရက်များတွင် မိုးဆက်တိုက် ရွာဦးမည်ဆိုပါက စပါးမျိုးပင် ပြန်ရနိုင်ခြေမရှိဟု လယ်သမားများက ပြောဆိုနေကြသည်။

အချိန်အခါမဟုတ် မိုးကြောင့် ဆုံးရှုံးမှုများ ကြံုနေရသလို လယ်သမားအများစုမှာ စပါးမစိုက်မီ ကာလတွင် မျိုးစပါးအတွက် ချေးငှား စိုက်ပျိုးထားကြသဖြင့် အရှုံးပေါ်ကြလိမ့်မည်ဟု ချောင်းဆုံမြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးမှူး တဦးက မဇ္စျိမကိုပြောသည်။

“ဒီမှာလဲ လယ်သမားအားလုံးလိုလို ထိကြတယ်။  လယ်သမားတွေ စပါးပျက်စီးတော့ ဒီအကျိုးဆက်က လယ်သမားတွေတင် မကဘူး။ ဆန်ဝယ်စားရတဲ့ လူတွေ အတွက်လဲ ဆန်စျေးတွေ တက်လာမယ်။ ဆင်းရဲသားတွေလဲ ဆန်စျေးတက်တော့ ပိုဒုက္ခရောက်နိုင်တာပေါ့” ဟု မုဒုံမှ လယ်ရှင်တဦးက မဇ္စျိမကို ပြောသည်။

ဒီဇင်ဘာလအတွင်း ရခိုင်ပြည်နယ် သံတွဲနှင့် ကရင်ပြည်နယ် ဘားအံမြို့နယ်များတွင်လည်း မိုးရေချိန်လက်မ ၂.၉၉  လက်မနှင့် ၂.၅၆ လက်မ အသိီးသီးဖြင့် ၁၈ နှစ်အတွင်း မိုးရေချိန်အများဆုံး စံချိန်ချိုးခဲ့သည်။

Most read this week