ဆိုမာလီပြန်ပေးဆွဲ မြန်မာ သင်္ဘောသားများနှင့် အဆက်ပြတ်နေ

ဆိုမာလီပြန်ပေးဆွဲ မြန်မာ သင်္ဘောသားများနှင့် အဆက်ပြတ်နေ
by -
ကျော်ခ

ဆိုမာလီ ပင်လယ်ဓားပြများ ပြန်ပေးဆွဲသွားသော လိုင်ဘေးရီးယား ကုန်တင် သင်္ဘောတွင်ပါ မြန်မာသင်္ဘောသား ၂၃ ဦးနှင့် အဆက်သွယ် မရသေးကြောင်း မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားများ ...

ချင်းမိုင် (မဇ္ဈိမ) ။       ။ ဆိုမာလီ ပင်လယ်ဓားပြများ ပြန်ပေးဆွဲသွားသော လိုင်ဘေးရီးယား ကုန်တင် သင်္ဘောတွင်ပါ မြန်မာသင်္ဘောသား ၂၃ ဦးနှင့် အဆက်သွယ် မရသေးကြောင်း မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားများ အသင်းက ပြောသည်။

“နောက်ဆုံး အနေအထားကတော့ ကုမ္ပဏီနဲ့ ပြန်ပေးဆွဲသွားတဲ့ ဆိုမာလီတွေနဲ့ ဘာမှ အဆက်အသွယ် မရသေးဘူး ခင်ဗျ။ ရန်ကုန် ကုမ္ပဏီခွဲက Report (အစီရင်ခံစာ) ကို ကျနော်တို့ စောင့်နေတုန်းပါ။ စုံစမ်းနေဆဲပါ” ဟု ဗဟိုဦးစီးအဖွဲ့ဝင် ဦးဌေးအောင်က မဇ္စျိမကို ပြောသည်။

မြန်မာနိုင်ငံသား သင်္ဘော အမှုထမ်းများသာ ပါဝင်သော MV. Panama ကုန်တင် သင်္ဘော တန်ဇန်နီးယား နိုင်ငံ ဒါရက်စ်လမ်းမှ မိုဇမ်ဘစ်နိုင်ငံ ဘိုင်ယာအသွား လမ်းတွင် ဒုံးလက်နက်များ ကိုင်ဆောင်ထားသော ဓားပြ ၅ ဦး တက်လာပြီး ပြန်ပေးဆွဲသွားသည်။

စက်တပ်လှေ နှစ်စီးဖြင့် ရောက်လာသော ဓားပြများ တန်ဇန်နီးယား အရှေ့ဘက် ရေပိုင်နက် မိုင် ၈ဝ ခန့်အကွာတွင် စီးနင်းသွားသည်ဟု ဥရောပသမဂ္ဂ ပင်လယ်ဓားပြ တိုက်ဖျက်ရေး အဖွဲ့က ထုတ်ပြန်သည်။

ယခုနှစ်အစောပိုင်းက မြန်မာသင်္ဘောသား ၂၁ ဦးပါ နော်ဝေးပိုင် UBT Ocean သင်္ဘောကို ဆိုမာလီ ပင်လယ် ဓားပြများ ၄ လကျော်ကြာ ဖမ်းဆီးခံရပြီး ပြန်လွတ်မြောက်လာခဲ့သည်။ အမေရိကန်ဒေါ်လာ ၃. ၅ သန်းဖြင့် ပြန်ရွေးယူခဲ့ရသည်ဟု ကုမ္ပဏီ သတင်းရပ်ကွက် တခုက ပြောသည်။

“အခုကျနော်တို့ သင်္ဘောသားတွေ အဲဒီဘက်ဆိုရင် ကြောက်တောင် ကြောက်နေကြပြီ၊ ဘယ်သူမှ မတက်ရဲကြတော့ဘူး” ဟု ဦးဌေးအောင်က ပြောသည်။

အေဒင် ပင်လယ်ကွေ့သည် အရှေ့အာဖရိက ဆိုမာလီနိုင်ငံနှင့် အာရေဗျ ကျွန်းဆွယ် ယီမင်နိုင်ငံအကြား တည်ရှိသည်။ ယင်းပင်လယ်ကွေ့မှ တဆင့် အီဂျစ်နိုင်ငံ စူးအက်တူးမြောင်းကို ဖြတ်၍ မြေထဲပင်လယ်ကို ဆက်သွယ်ပေးသောကြောင့် ကမ္ဘာ့အနောက်နှင့် အရှေ့ ရေကြောင်း ကူးသန်းရောင်းဝယ်ရာတွင် အဓိကလမ်းကြောင်း ဖြစ်သည်။